ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 93

jellyflower1

အပိုင်း(၉၃)

ဟန်ယွီဖန်… ရှင် ထွက်သွားလိုက်တော့

 
 
 
“မို့ထင်နဲ့ ယှဉ်လိုက်ရင်…သူ့ကိုယ်သူ သူတောင်းစားလို ခိုင်းနှုင်းတာထက် ပို နိမ့်ကျပါတယ်”
 
မဖြစ်ရဘူး… သူ…ဒါကို လက်မခံနိုင်ဘူး။
 
ဘယ်လိုဖြစ်ပြီး ထျန်းနင်က မို့ထင်ကို လက်ထပ်လိုက်တာလဲ…
 
သူ မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ ထျန်းနင်က အင်တာတိန်မန့် လောကရဲ့ အာဏာအရှိဆုံး…နားလည်ရအခက်ဆုံးသော လူကို လက်ထပ်ခွင့် ရတာလဲ။
 
ဒါက အမှန် မဖြစ်နိုင်ဘူး….သူ အိပ်မက် မက်နေတာ ဖြစ်ရမယ်။
 
ထျန်းနင်ကို ချော့မြူပြီးနောက် နောက်ဆုံးတော့ မို့ထင်လည်း ဟန်ယွီဖန်ကို မော့ကြည့်လာခဲ့တယ်။စူးရှသော အေးတိအေးစက် မျက်ဝန်းများဟာ  လင်းယုန်ငှက်က သူ့သားကောင်ကို လိုက်ဖို့ ချောင်းနေသလိုပါပဲ။
 
ညှို့ဓာတ်ပြင်းတဲ့ နှုတ်ခမ်းတစ်စုံကို အသာအယာ ပင့်တင်ကာ
 
“ကြည့်ရတာတော့ မစ္စတာဟန်က ဒီစားသောက်ဆိုင်မှာ မစားဖူးဘူးထင်တယ်…”
 
ရင့်ကျက်သော ခပ်အေးအေး အသံက လူတစ်ယောက်ရဲ့နှလုံးသားကို လှုပ်ခါဖို့ လုံလောက်ပါတယ်။
 
ဟန်ယွီဖန်မှ ကျောရိုးတစ်လျှောက် စိမ့်နေအောင် အေးလာသလို ခံစားရပြီး တံထွေးမျိုချကာ စိုးရိမ် ဗျာပါဒ များလာရတယ်။
 
မို့ထင်ရဲ့ မဖော်မရွေ အေးစက်သော စကားလုံးများကို ကြားပြီးနောက် သူ့ခန္ဓာကိုယ်ဟာ ထိုင်ခုံပေါ်မှ ပြုတ်ကျသွားတယ်။
 
သူ့ရဲ့ အရှက်ရဖွယ် အပြုအမူကို ကြည့်ပြီး စားပွဲထိုးများမှာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့။
 
“လူကြီးမင်းတို့  ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပါ… ကျွန်တော် အရင်ဆုံး သွားလိုက်ပါဦးမယ်”
 
ဟန်ယွီဖန်မှာ ကြမ်းပြင်မှ ထချင်သော်လည်း….
 
“ခင်ဗျား ထွက်သွားချင်တယ်လား…”
 
မို့ထင်လည်း ခပ်တည်တည် ကြည့်ကာ မေးလိုက်လေရဲ့။
 
“ဘယ်နေရာကိုများ သွားချင်လို့လဲ”
 
မို့ထင်ရဲ့အသံကို ကြားပြီးနောက် အပေါက်ဝမှာ ရပ်နေတဲ့ စားပွဲထိုးက တံခါးပေါက်ကို ချက်ချင်း ပိတ်လိုက်တယ်။
 
ဟန်ယွီဖန် ထွက်သွားချင်တဲ့ အရိပ်အယောင်ပြတော့ သူကလည်း အလွယ်တကူ လွတ်ပေးစရာလား။
 
“မစ္စတာဟန်က ကျုပ်ကို မတွေ့ချင်လို့လား? စကား အများကြီး မပြောရသေးဘူးလေ ခင်ဗျားက ထွက်သွားချင်နေပြီလား”
 
မို့ထင်လည်း သူ့ရှေ့က အမဲသားတုံးကို လှီးကာ ထျန်းနင်ရှေ့ချထားလိုက်တယ်။
 
ဟန်ယွီဖန်ကတော့ တုန်တုန်ရီရီနဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်နေဆဲပါ။ သူ့မှာ မို့ထင်ကို ငြင်းဆန်နိုင်တဲ့ အင်အားမှ မရှိတော့တာ။
 
“ကျွန်တော်ကိုယ်တိုင် ထျန်းနင်ရဲ့ မကောင်းသတင်းကို ဖယ်ရှားပေးပါမယ်… သူမ…ဘယ်သူရဲ့ အိပ်ရာပေါ်ကိုမှ မတက်ခဲ့ဘူးလို့ ထွက်ရှင်းပေးပါမယ်…”
 
ဒါက မို့ထင်လိုချင်တဲ့ ရလဒ်လို တွေးမိတာတယ်။ ဒါကြောင့်လည်း သူနဲ့တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ရမယ်။
 
ဒါပေမဲ့လည်း မို့ထင်က ပြုံးရုံသာပြုံးနေလိုက်တယ်။
 
“ထျန်းနင်က မင်းရဲ့အကူအညီ လိုအပ်တယ်များထင်နေလား”
 
မို့ထင်လည်း အသားလှီးနေတာကို ရပ်တန့်လိုက်ပြီး ဟန်ယွီဖန်ကို ကြည့်လိုက်တယ်။
 
“သူမလေးက မင်းကို မလိုအပ်ခဲ့တာ အတော်ကြာခဲ့ပြီ”
 
“ငါ့သာ အနားမှာရှိနေရင် ဘာမှ မလိုအပ်ဘူး”
 
ဟန်ယွီဖန်လည်း ထိတ်လန့်လာရတယ်….မို့ထင် သူနဲ့ တွေ့ရတဲ့ အကြောင်းအရင်း အမှန်ကို သူ ကြံမရတော့ပါဘူး။
 
ထျန်းနင်ရဲ့ နာမည်ပျက်ကို ရှင်းချင်လို့ မဟုတ်ရင် ဘာအကြောင်းကြောင့်များလဲ“”
 
သူ့ကို သိက္ခာချချင်လို့လား...။
 
ဘာဆက်လုပ်ရမှန်းမသိ… ရှုံးနိမ့်တာကို မြင်ချင်တာလား။
 
“သူဌေးမို့… ဒီလိုဆိုရင်  ကျွန်တော်နဲ့ ဘယ်လို အစီအစဉ်မျိုးရှိလို့ တွေ့ဆုံရသလဲ”
 
မို့ထင်က သူ့ကို မေးခွန်းမေးရုံသာ တုံ့ပြန်သော်လည်း သူ့ဘက်ကတော့ စိုးရိမ် ဗျာပါဒ များနေရတယ်။သူ့ဂုဏ်သိက္ခာကို နင်းချေနေသလို ခံစားမိတယ်။
 
“ဒီလိုဆိုရင်တော့ ငါ့ဇနီးလေးကို မေးမှ ဖြစ်မယ်…”
 
မို့ထင်လည်း ထျန်းနင်ကို လက်လွှဲလိုက်တယ်။ သူ့လေသံက နူးညံ့ပျော့ပျောင်းပြီး ဟန်ယွီဖန်ကို ပြောတဲ့ အသံနဲ့ လုံးဝကို ခြားနားနေခဲ့တယ်။
 
ရုတ်တရက် ဟန်ယွီဖန်လည်း မို့ထင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လာခဲ့ပြီ။ သူက ထျန်းနင်အတွက် လက်စားချေချင်နေတာပဲ။
 
ဟန်ယွီဖန်လည်း ခေါင်းမော့ကာ ထျန်းနင်ကို ကြည့်လိုက်တယ်။ လောကကြီးမှာ ဘယ်သူကိုမှ ဂရုမစိုက်တတ်တဲ့ မိန်းမက သူဌေးကြီးကို လက်ထပ်ထားတာပဲ။
 
သူ့စိတ်ထဲမှာတော့ ယောက်ျားအားလုံး အတူတူပဲလို့ယူမိတာကြောင့် သူ သရော်လိုက်တယ်။
 
မို့ထင်လို အဆင့်အတန်းရှိပြီး နေရာတစ်ခု ခိုင်ခိုင်မာမာရှိတဲ့ လူတစ်ယောက်ဘေးမှာ နေချင်သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိမှာပါပဲ။ သူ့ဘက်က မင်းကို ဘယ်လောက်ကြာကြာ လိုအပ်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့။
 
ထျန်းနင်လည်း ဟန်ယွီဖန်ရဲ့မျက်ဝန်းအကြည့်မှ သရော်မှုကို ခံစားမိသော်လည်း သူမ ဂရုမစိုက်ပါဘူး။
 
“ထျန်းနင်… မင်း… ငါ့ကို ဟားလို့ ကျေနပ်ပြီလား… မင်း ဘာတွေများ အလိုရှိသေးလဲ… ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ… မင်း… အကြံအစည်များမယ်လို့ ငါ မထင်ခဲ့မိဘူး”
 
“ကျွန်မနဲ့ မို့ထင် ဘယ်နေ့က လက်ထပ်ခဲ့လဲ ရှင် သိလား”
 
“သြဂုတ်လ ၁၉ရက်”
 
ထျန်းနင်လည်း ဟန်ယွီဖန်ရဲ့စကားကို အေးစက်သော အသံနဲ့ ဖြတ်ပြောလိုက်တယ်။
 
သြဂုတ်လ ၁၉ရက်က သူ. ထျန်းနင်ကို လက်ထပ်ဖို့ ရည်ရွယ်ခဲ့တဲ့ နေ့ပဲ။
 
သူမကို မို့ယွီရို့ကြောင့် စွန့်ပစ်လိုက်တဲ့နေ့လည်း ဖြစ်နေပြန်တယ်။
 
အကုန်အစုံ တိတိကျကျ ပြောရရင် Crown starပွဲအတွက် မို့ယွီရို့ကိုယ်စား ထျန်းနင်ကို ရှိုးလျှောက်ခိုင်းခဲ့တဲ့နေ့…။
 
“ဒါဆို…. မင်း ဘာကြောင့်များ အသုံးမချရတာလဲ…”
 
“ဘာလဲ…မို့ထင်ရဲ့အာဏာကို သုံးပြီး ရှင့်ကို လက်စားချေမယ် ထင်နေလား”
 
ထျန်းနင်က သူ့ကို ဆက်ပြီး မေးခွန်းမေးနေလိုက်တယ်၊
 
သူမရဲ့ အသံနှုန်းမှာ  သရော်သံ ရောစွက်နေခဲ့ပြီး
 
“ကျွန်မက မို့ထင်ရဲ့လက်ကို မစွန်းထင်းစေချင်လို့လေ”
 
ထျန်းနင်ရဲ့စကားကို ကြားပြီးနောက် ချမ်းစိမ့်စိမ့် အအေးဓာတ်ဟာ ဟန်ယွီဖန်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်တည်လာခဲ့တယ်။
 
အခုအချိန်မှာ ထျန်းနင် လုပ်နိုင်တာဆိုလို့ သူမနဲ့ မို့ထင်ရဲ့ ဆက်ဆံရေးကို ကြေညာရုံသာ တတ်နိုင်မှာပါ။ဒါကြောင့်လည်း ဘယ်သူမှ သူမကို အထင်သေးရဲမှာ မဟုတ်ဘူး။
 
 ဒီကနေ့ ဒီအချိန်အထိ သူ မကောင်းကြံတာ မှန်သမျှကို သည်းခံပြီး တစ်ယောက်တည်း ရင်ဆိုင်ခဲ့တယ်။
 
မို့ထင်ကို အားကိုးလို့ရနိုင်ပါတယ်။
 
ဒါပေမဲ့ ဘာလို့လဲ…ဘာကြောင့်လဲ…
 
“ဒါဆို… မင်းဒီလို အခြေအနေ ရောက်လာတာ တကယ်ပဲ မကောင်းတဲ့ နည်းလမ်း မသုံးထားဘူးလား”
 
“လူတိုင်းကို ရှင်နဲ့ မို့ယွီရို လိုများ ထင်နေလား…ဟန်ယွီဖန်… လွန်ခဲ့တဲ့ ၃နှစ်က ကျွန်မလည်း ထိပ်တန်း မော်ဒယ် စာရင်းဝင် ဖြစ်လာခဲ့ပါတယ်… ၃နှစ်ကြာသွားလည်း ကျွန်မ နောက်တစ်ကြိမ် ကြိုးစားလို့ ဖြစ်တယ်… ကျွန်မက အရည်အချင်းရှိတယ်ဆိုတာ အားလုံးကို သက်သေပြမယ်… အားလုံးမှာ ရှင်လည်း ပါတယ်”
 
ဟန်ယွီဖန်လည်း ထျန်းနင်ပြောတဲ့ စကားကို နားထောင်နေလိုက်ပြီး ရုတ်တရက် ဟားတိုက်ရယ်လိုက်တယ်။အမှန်တော့ သူ အတင်း ဟန်လုပ်ပြုံးနေခဲ့တာပါ…
 
“မို့ထင်က မင်းယောက်ျားမှန်း တခြားသူတွေ သိသွားခဲ့ရင် မင်းနဲ့ ပတ်သက်တဲ့ အမြင်တွေ ပြောင်းလဲသွားနိုင်တယ်နော်…”
 
“ရှင်တစ်ယောက်တည်း သိတာ…”
 
ထျန်းနင်လည်းဟန်ယွီဖန်ကို သတိပေးဟန် ကြည့်လိုက်ကာ
 
“အခုကစပြီး ရှင်တစ်ယောက်တည်း ကျွန်မတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို သိတာ”
 
ဟန်ယွီဖန်လည်း ထျန်းနင်ကို တုန်လှုပ်စွာ ကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူက အရှုံးသမားပါပဲလေ…။
 
“ဒီကမ္ဘာမြေပေါ်မှာ မင်းလို လူတစ်ယောက်ရှိနေမယ်လို့ ငါ မထင်ထားဘူး…  အသုံးချလို့ ရမယ့် အခွင့်အရေးကောင်းရှိရဲ့သားနဲ့ မင်းက အသုံးမချဘူး… မင်းလို လူတန်းစားမျိုး ရှိနေတာ ငါ ကြားလို့သာ ကြားရတယ် ယုံကို မယုံကြည်နိုင်ဘူး…ဟား…”
 
“ဒီလောကကြီးထဲမှာလေ… တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ဆက်နွှယ်မှုမှာ အပေးအယူကိုပဲ အခြေခံတာ မဟုတ်ဘူး… အသုံးချလို့ ရမှ ပေါင်းသင်းဆက်ဆံလို့ ရမယ် ထင်နေလား… တစ်ချိန်က ရှင့်ကို ချစ်ခဲ့သလို မို့ထင်ကို ချစ်ပေးမယ်….ဒါပေမဲ့ ကျွန်မရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့တော့ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ကြိုးစားသွားမယ်”
 
“တစ်ချိန်က ကျွန်မ ရောက်ခဲ့ဖူးတဲ့ အမြင့်ဆုံးနေရာကို ရောက်စေရမယ် ရှင်ကတော့ သူ့ကို အသုံးချစရာ ပစ္စည်းတစ်ခုလို့ မှတ်ယူတယ်… ဒါပေမဲ့ ကျွန်မအတွက်တော့ မို့ထင်နဲ့ကျွန်မကြားက ဆက်ဆံရေးက အလဲအလှယ် လုပ်စရာ အသုံးချစရာ မဟုတ်ဘူး… ရှင်လို လူတစ်ယောက်က ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူး”
 
ဒီအခိုက်အတန့် ဟန်ယွီဖန်ရဲ့နှလုံးသားမှာ နာကျင်သလို ခံစားရတယ်။ သူလည်း ထျန်းနင်ရဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသားကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်…ဒါပေမဲ့ သူကတော့ အကျိုးအမြတ်ရဖို့ တစ်ခုတည်းကိုသာ ကြည့်မိခဲ့ပါတယ်… အလဲအလှယ်လုပ်လို့ရတဲ့ ပစ္စည်းတစ်ခု အဖြစ်သာ မှတ်ယူခဲ့မိတယ်။
 
သူသာ မရှိခဲ့ရင် ထျန်းနင်ရဲ့ဘဝက ပိုမို ကောင်းမွန်နိုင်ပြီး ပိုကျော်ကြားနိုင်ပါတယ်။
 
သူမ လက်ထပ်ချင်တဲ့သူကို လက်ထပ်နိုင်တဲ့ အခွင့်အရေးတောင် ရှိနိုင်ပါရဲ့…
 
ဟိုက်ဟွေ့ရဲ့ သူဌေး… သူ့ဘဝ ဆယ်သက်လောက် ကြိုးစားရင်တောင် မို့ထင်ရဲ့ အဆင့်အတန်းမျိုး မရနိုင်ပါဘူး။
 
မို့ယွီရို့ကို မျက်ကန်းတစ်ယောက်လို စွဲလမ်း ရူးသွမ်မိတဲ့အထိ ထုံထိုင်းခဲ့မိပါရဲ့။
 
သူသာ ဘယ်တုန်းကမှ ထျန်းနင်ကို သစ္စာ မဖောက်ခဲ့ရင် အခုဆို အရာရာတိုင်းက ခြားနားနေမှာ… ဘေးဒုက္ခလည်း ရောက်မှာ မဟုတ်ဘူး။
 
“ရှင့်ကို ညှဉ်းပန်းဖို့ နည်းလမ်းပေါင်း များစွာ စဉ်းစားခဲ့ဖူးတယ်…ဒါပေမဲ့လည်း မို့ယွီရို့က အညစ်ပတ်ဆုံး နည်းလမ်းကို သုံးသွားမယ်လို့ မထင်ခဲ့မိဘူး…ဟန်ယွီဖန်…နောက်ဆုံးတော့ ရှင် အရာအရာတိုင်းမှာ ရှုံးနိမ့်သွားခဲ့ပြီ ”
 
“ကျွန်မမှာ ဘာဆန္ဒမှလည်း မရှိတော့ဘူး.. ရှင် နိမ့်ကျတဲ့ အချိန် နင်းခြေချင်တဲ့ရည်ရွယ်ချက်လည်း မရှိဘူး… ကျွန်မရဲ့ဘဝကို ရှေ့ဆက်ချင်တယ်… ရှင့်ကို မကောင်းကြံလည်း ဘာအကျိုးမှ မထူးလာဘူး…ဒါကြောင့် ရှင် ထွက်သွားလိုက်တော့”
 
 ထျန်းနင်လည်း ခေါင်းမော့လိုက်တယ်… သူမရဲ့မျက်ဝန်းများက အရင်ထက် ပို အေးစက်နေခဲ့တယ်။
“အခုကစပြီ… ပေကျင်းကို ပြန်မလာနဲ့…  ကျွန်မရှေ့ကို ရောက်မလာစေနဲ့”
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz