အပိုင်း ၁၂
အရာရာက မင်းသဘောပါပဲ။
ဖီဂျက်က သူ၏ နောက်ဆုံးပေါ် မော်ဒယ်မြင့်
ကားပေါ်က ဆင်းလာသည်။ ဘာမှရယ်လည်း အထွေအထူးမပါ။ လက်ဂေ့စ်အကြီးနှစ်လုံး နှင့် အားကစားသမားတွေလွယ်လေ့ရှိသော ခပ်ကြီး
ကြီးအိတ်တစ်လုံးသာ။
သီအိုက ဖီဂျက်ဆီ ပြေးထွက်လျက် ကလေး
တစ်ယောက်လို ပြေးဖက်သည်။ ရိုရို နှင့် ယိုယို
ကလည်း သီအိုနောက်မှ အပြေးတစ်ပိုင်းလိုက်ကာ ဖီဂျက်၏ အထုပ်များကို ကူချပေးသည်။ လူကာလည်း အဆောင်ရှေ့သို့ ထွက်
လိုက်ကာ ဖီဂျက်ကို နှုတ်ဆက်ပေမဲ့ ဖီဂျက်ဘေး
တစ်ဖက်တစ်ချက်မှာ ရှိနေကြသော သီအို့တို့ထဲ ဘယ်နေရာက သူ့နေရာလဲဆိုတာ လူကာ သတ်
မှတ်မရဖြစ်နေသည်။
လူကာ့အနေဖြင့် သည်အဖွဲ့တွင် သူသာ လူသစ်ေလးဖြစ်သည်ကို သဘောပေါက်သည်။ ဒီလူငယ်လေး လေးယောက်သည် အရင်တည်းက သိကျွမ်းဖူးသူများဖြစ်ကြသည်။ သူတို့ ကုမ္ပဏီသို့ ဆယ်ကျော်သက်အစောပိုင်း အရွယ်တွေတည်းကလူရွေးပွဲပေါင်းများစွာဖြတ်ကျော်ရင်း ဝင်ရောက်ခဲ့သူတွေ။ စီနီယာများ၏ စီးရီးများတွင်အရံနေရာများမှာ ဝင်ပါခဲ့ကြပြီး တခြားသောစီနီယာများ မသွားနိုင်သော ရုပ်သံအစီအစဉ်များသို့ အစားထိုးသွားရောက်ခဲ့ကြရသည်။ တီဗီပေါ်တွင် မျက်မှန်းတန်းမိရုံသာ ရှိသော အနေအထားကို နှစ်ချီသည်းခံရင်း အတူတူဖြတ်သန်းခဲ့ကြသူများဖြစ်သည့် အတွက် လူကာ့ထက်တော့ သူတို့ကြားက ဆက်နွယ်မှုက ပိုခိုင်မာကြသည်။ လူကာဆိုရင်ရော် ဟု တွေးမိသည်။
သူ့ သာမန်ဘဝ၏ ရုန်းကန်မှု နှင့် မရှိခြင်းများအပေါ် သည်းခံမှု က ပုံစံတစ်မျိုး ၊ ထိုလူငယ်
လေးများကဲ့သို့ နာမည်မရှိသည့် သာမန်သရုပ်ဆောင်လေးများဆိုသည့်ခေါင်းစဉ်အောက် ခွဲခြားဆက်ဆံခံရမှုများ အပေါ် သည်းခံ စောင့်ဆိုင်းနိုင်မှု နှင့်က မတူ။
ကိုယ်စီခက်ခဲမှုတွေနှင့်ပေမဲ့ သည်းခံခဲ့ရသည့်
အခြေအနေမတူသဖြင့် သူတို့ကြားတွင် နီးစပ်မှု
ကွာဟ နေခြင်းကိုလည်း လူကာ နားလည်ပေးရ
မည်။
ဖီဂျက် လက်ဂေ့စ်တစ်လုံးကို လူကာသယ်တော့ ဖီဂျက် တားသည်။
"အိုက်လူ မသယ်ပါနဲ့ အစ်ကိုသယ်မယ်။
အဲ့အလုံးက လေးတယ်"
ဖီဂျက်ညွှန်ပြသည့် ပိုလေးသည့် တစ်လုံးကို ရိုရို နှင့် ယိုယိုက ဝိုင်းတွန်းသည်။ ဖီဂျက်ကတော့ အပိုတွေလုပ်နေပြီဆိုသည့် အကြည့်နှင့် ကြည့်ရင်း ရယ်သည်။ လူကာလည်း ပေါ့သည့်တစ်
လုံးကို ဝင်ဆွဲတော့ ဖီဂျက်ထပ်မတားတော့။
သီအို့ ပခုံးကိုသာ ဖက်ရင်း အဆောင်ထဲလိုက်ဝင်သည်။ အဆောင်မှူးကို နှုတ်ဆက်ပြီးသည်နှင့် လူကာ၊ သီအို နှင့် ဂျက် တို့ ၏ အခန်းခွဲရေး တွဲရေးကိုအတည်ပြုသည်။
"သီအိုက တစ်ခန်းသီးသန့်နေမယ်ဆိုတော့..."
အဆောင်မှူးစကားမဆုံးခင်မှာပင်
"လူကာ နဲ့ ကျွန်တာ် တစ်ခန်းနေမှရမယ် ဖီ။
တိုင်ပင်စရာများတာရော အငယ်လေးက သူ့စာတွေနဲ့ သူဆိုတော့ တစ်ယောက်တည်း အေးဆေးနေပါစေ။ ရတယ်မလား ဖီ။"
"ရပါတယ်။ Maxx အတွက်က 3 ခန်း ခွဲတမ်းရ
ထားတာပဲ။ သားတို့ အဆင်ပြေတယ်ဆိုရတယ်။
ဆိုတော့ ပစ္စည်းတွေ နေရာချကြဦး ။ အခန်း တံခါး လော့ခ်ကုဒ်တွေကိုတော့ ဖီ Line မှာပို့ပေး
ထားတယ်နော်။ ကုဒ်တော့ ပြောင်းလို့မရဘူး။ပြီး
တော့ သူစိမ်းဧည့်သည် အခန်းထဲခေါ်လို့မရဘူး
နော်။ အဆောင်စည်းကမ်းတွေက မေးလ်ပို့ထား
တယ်။ လက်မှတ်ထိုးပြီး ဖီ့ ဆီပြန်ပို့ပေး။ တစ်
ယောက်ချင်းစီ မပို့ဘဲ တစ်ဖွဲ့လုံးစာ တစ်ယောက်
က ပို့ပေးရင် ရပြီ။ ဘယ်သူပို့မှာလဲ။"
"ကျွန်တော် ပို့ပေးလိုက်ပါ့မယ် ဖီ။"
လူကာ လက်ထောင်ရင်း ပြောလိုက်သည်။ အဖွဲ့
၏ အချိန်ဇယားညှိခြင်းတွေ ၊ စည်းကမ်းတွေ က ဖီဂျက် လုပ်ရမှာတွေဆိုရင် လူကာ့ တာဝန်
က ကျန်သည့် အဖွဲ့၏ လိုအပ်ချက်တွေ ညှိနှိုင်း
ပေးခြင်းမျိုး နှင့် အချက်အလက်စုစည်း
ခြင်းတို့ ဖြစ်သည်။ ဒါတွေကလည်း ဖီဂျက်နှင့်သူ သီးသန့်ညှိနှိုင်းပြီးသား။ သူတို့ အဖွဲ့တွင်
အငယ်သုံးယောက်ကိုတော့ သီချင်း တွေ အက
တွေအတွက်ကလွဲရင် တခြားကိစ္စတွေ ခေါင်း
ထဲထည့်စရာမလို ၊ စိတ်ညစ်စရာမလိုအောင်
သူတို့ အကြီးနှစ်ယောက်ကပဲ တာဝန်ယူပေးဖို့
ဆုံးဖြတ်ပြီးသား။
အခုလည်း အစတည်းက သူနှင့် တစ်ခန်းနေမည်
ဟု ဖီဂျက်ကပြောပေမဲ့ သီအို့ သဘော အရင်
စောင့်ကြတာပေါ့။ အကယ်၍ တီတီ က မင်းနဲ့
နေချင်တယ် ပြောလာရင်တော့ အိုက်လူက နေ
ပေးလိုက် ဟု ဖီဂျက်က မှာထားပြီးသား။
အခုလို သီအို တစ်ယောက်တည်းနေချင်သည်
ဟု ထုတ်ပြောလာတော့လည်း စိတ်မကောင်းတာ
က တစ်ပိုင်းပေမဲ့ အဖွဲ့၏ အကြီးတစ်ယောက်
အနေနှင့် ဒါကလည်း အဖြစ်သင့်ဆုံးဆိုတာကို
လူကာ နားလည်လက်ခံသည်။
တခြား ထရိန်နင်တွေလည်း ရှိပေမဲ့ သူတို့ Maxx အဖွဲ့သားတွေ ၏ အခန်းတွေက သိပ်မဝေး။ အမွှာ နှစ်ယောက်ခန်းက လူကာတို့ အခန်း၏ မျက်နှာချင်းဆိုင် ၊ သီအိုကတော့ ဘေးခန်းပေါ့။
လျှောက်လမ်းက ရှည်ပြီး ကျယ်သည်။ သူ့အိမ်မှာ သူ့ကိုယ်ပိုင် Master Room နှင့်နေလာရ
သည့် သီအိုလေး အဆင်ပြေပါ့မလား ဟုလူကာ တွေးပူမိသည်။ သီအို့ကို အကဲခတ်တော့ သီအိုက စိတ်လှုပ်ရှားနေဟန်လေးသာ ရှိသည်။
သူနေရမည့် အခန်းက ဖီရိန်း တို့ နှစ်ယောက်နေ
ခဲ့သည့် အခန်းကိုး။ ဖီဂျက်က သူ့ပစ္စည်းတွေကို မထည့်ပေးခင် ဖီဂျက်ကသီအို့ကို ကူလိုက်ဟု တိုးတိုးကပ်ပြောသဖြင့်သီအို့လက်ဂေ့စ်သယ်ရင်း သီအို့ အခန်းသို့အရင်ဝင်ဖြစ်သည်။
တက္ကသိုလ်အဆောင်တွင်နေလာရ၍ လူကာ့အတွက်က မထူးဆန်းပေမဲ့ သီအိုကတော့ အခန်းထဲစစရောက်ချင်းမှာပင်
"တကယ့် စာကလေးအသိုက်။" ဟု ထောပနာပြု
တော့သည်။
လူကာရယ်တော့ "မဟုတ်လို့လား" ဟူ၍ စစ်ကူ
ခေါ်ပုံကြောင့် တောင်ငူကိုတောင် တက်သိမ်းပေးချင်သည် အထိ ဖြစ်သွားရသည်။
နှစ်ယောက်အိပ်ခုတင်ကျယ်ကြီးနှင့် အိပ်လာရ
သူကို တစ်ယောက်အိပ် နှစ်ဆင့် အိပ်ရာနှင့် တွဲ
တွေ့တော့ လူကာ စိတ်ထဲမချိ။ သူ့အိမ်မှာအေး
အေးဆေးဆေး နေလို့ရရဲ့နှင့် လူကာနှင့်အတူ
အဖွဲ့ထဲ ဝင်တော့မှ အနေဆင်းရဲ။ အစားလည်း
ဆင်းရဲရှာတော့မည်။ ဖြစ်နိုင်ရင် ဒီကလေးရဲ့
ဝေယျဝစ္စအကုန် လူကာသာ လုပ်ပေးလိုက်ချင်
တော့၏။
လက်ဂေ့စ်တွေကို အခန်းအလယ်သို့ဆွဲရင်း
"အိပ်ရာခင်းပါလား သီအို။" မေးတော့
"ခင်းပေးမလို့လား။ ဒါတော့ ငါလုပ်တတ်ပါတယ်"
သီအိုပြောရင်း လူကာ့အနားလျှောက်လာကာ
လက်ဂေ့စ်ကို ဖွင့်ရန်ပြင်နေသော လူကာ့ လက်ဖျံကို ဖမ်းဆွဲကာ တားသည်။
"နေ နေ။ ဒါတော့ ငါ့ဘာသာငါ လုပ်ပါ့မယ်။"
"ငါလုပ်ပေးချင်လို့ပါ။"
လက်ဖျံပေါ်က လက်ချောင်းလေးတွေ တင်းခနဲ
ဖြစ်သွားသည်ကို လူကာခံစားလိုက်ရသည်။
သီအိုလေးကို တကယ်မပင်ပန်းစေချင်တာ စိတ်ရင်းပေမဲ့ ဖလစ်သလိုများဖြစ်သွားပြီလား
ဟု တွေးပူနေစဉ်မှာပင် သီအို့ နှုတ်ခမ်းတင်းတင်းလေးများက ညွှတ်ပျောင်းပြုံးချိုသွား
သည်။
"ဒါဆိုလည်း လုပ်ပေး။"
ပျော့ပျောင်းနေသော ချောကလက်ရောင် အိပ်ရာခင်း တစ်ခုထုတ်ပေးသည်။ ကိုင်ကြည့်
ရုံနှင့် လူကာတို့ အိမ်မှာတောင် တစ်ထည်မျှမရှိ
သော ဈေးကြီးသည့် အိပ်ရာခင်းဖြစ်မှန်းသိ
သာသည်။ ခင်းပေးရသည့် မို့ရာနှင့်မှမလိုက်။
မို့ရာပါးအောက် အိပ်ရာခင်းစတွေ ထည့်ရင်း
လူကာ့ရင်ထဲ လုံးဝမကောင်း။ မြန်မြန်ပွဲဦးထွက်
မြန်မြန်အောင်မြင်မှပဲ ဒီကလေး ဒီလိုနေရာ
မှာ မနေရမှာလို့ တွေးမိသည်။ လူကာ အောင်
မြင်ချင်စိတ်က မီးဖွားလေးတွေလို ရင်ထဲလွင့်
ပျံ့နေသည်။ လင်းပေမဲ့ နည်းနည်း ပူလောင်လောင် ခံစားချက်ပေါ့။ အားကစားပြိုင်ပွဲတွေမှာတောင် ယခုလောက် နိုင်ချင်စိတ်မပြင်းပြခဲ့ဖူးတော့ အရာရာက သီအို့ကြောင့်ဖြစ်လာရသည့် ခံစားချက် အသစ်တွေပါပဲ။ ဒီကလေးကိုလည်း သက်သောင့်သက်ရာ အမြန်နေရဖို့ ပါပဲ။
"အိပ်ရာကလည်း ပါးနေတော့...အဆင်မှပြေပါ့
မလား။ ငါ ရေခဲစောင်ထူထူတစ်ခု ထပ်မှာပေး
မယ် သီအို။ မင်း ခင်းအိပ်ဖို့လေ။"
ကျောပေးကာ နံရံနှင့်ကပ်နေသော မွေ့ရာအောက် အိပ်ရာခင်းစကို ထည့်ပြီး သီအို့ကိုလှည့်
အကြည့် ၊ သီအိုက အပေါ်ဘက် အိပ်ရာတန်း
ကို ကိုင်ရင်း သူ့ကို ပိတ်ရပ်ထားသည်နှင့် ရင်ဆိုင်လိုက်ရသည်။ လူကာခုတင်ပေါ်မှ ရှေ့တိုးမရ နောက်ဆုတ်မရအခြေအနေဖြစ်သွားသည်။
"ငါ နွေရာသီကန့်တွေမှာဆို တောထဲမှာတောင်
အိပ်ဖူးတယ်။ ဒီအတိုင်း ကမ်းခြေမှာလည်း ဖျာ
လေးပဲခင်းပြီး တစ်ညလုံး အိပ်ဖူးတယ် လူကာ။
ငါက မင်းမျက်စိထဲ ပျော့တိပျော့ဖက် 17နှစ်
နှစ်သားလေး ဖြစ်နေတာလား။"
သွားပြီ။ မာနသွားထိပြီ။ လူကာ့ခေါင်းထဲ အချက်ပေး ပီးပေါ်တွေလင်းမြည်ကုန်ပေမဲ့
အမြန်ဆုံးဖြေရှင်းဖြစ်သည်။
"အဲ့ လို ထင်လို့ မဟုတ်ပါဘူး။"
"မထင်ရင် ဘာလို့ ပြောလဲ။ ဘာလဲ ငါ့အသက်
ကြောင့်လား။"
"မဟုတ်ပါဘူး။ 17နှစ်ဆိုတာ မငယ်ပါဘူး။"
"ဒါဆို ငါ့ရုပ်ကလေးကြောင့်လား။"
ထင်ရှားပြသချင်တော်မူသော သီအိုသည်ပြော
ရင်း လူကာ့ဆီသို့ ရှေ့တိုးငုံ့ကိုင်းလာသည်။
"ဟင်" ဆိုသော ထပ်မေးသံကြောင့် မျက်နှာဖူး
ဖူး ကြည်ကြည်လေးရှေ့ နှုတ်ခမ်းစူထော်ထော်
က ထွက်လာသည်။
ဒါက လူကာ့ သမာဓိကို စမ်းနေပြီဆိုတာလောက်တော့ ရိပ်စားမိသည်။
"မဟုတ်ဘူး။"
ဟုသာ ပြောပြီး သီအို့ ပခုံးစွန်းကို ဖွဖွ တွန်းရင်း
ခုတင်ပေါ်မှ ဆင်းလိုက်သည်။
နမ်းဖူးပြီးသားမို့ မနမ်းချင်တော့တာ မဟုတ်။
ဒီလိုပဲ လူကာ့ဘက်ကို ကစားခံချင်စိတ်မရှိနေ
သည့် အခိုက်အတန့်တွေရှိကြောင်းကိုလည်း
သီအို့ကို သိစေချင်သည်။ ပြည်သူ့ပန်းခြံ
က ကစားကွင်းတွေတောင် ဖွင့်ချိန် ပိတ်ချိန်
ရှိကြသေးတာပဲ မဟုတ်လား။
"အဝတ်တွေထည့်မယ်မလား တစ်ခါတည်း။"
သီအိုက သူခင်းပေးထားသော အိပ်ရာပေါ်လှဲ
ရင်း
"မလုပ်ပါနဲ့တော့။ မင်းလည်း မင်း အခန်းမှာ
လုပ်ရဦးမှာ..."
"ပင်ပန်းတာမှ မဟုတ်တာ။"
လူကာပြောရင်း ခေါက်ထည့်လာသော ကျောင်း
ဝတ်စုံ နှင့် တခြားသော ဈေးကြီးအဝတ်အစား
များကို ဗီရိုထဲ နေထားတကျ ထည့်ပေးဖြစ်သည်။ သခင်လေး အငွေ့အသက်အပြည့်
နှင့် ပီတိဖြစ်စွာပြုံးရင်း အိပ်ရာပေါ်ကနေ လူကာ့
ကို ရှုစားနေသည်ဆိုတာလည်း သိ၍ လူကာ
ကျေနပ်နေသည်။ ငါ့ရဲ့ မိမိုက်မှုတွေ လူကြီးလူ
ကောင်း ဆန်မှုတွေကို မင်းငေးစမ်း ဆိုသည့်
စိတ်နှင့်ပေါ့။ တစ်ဖက်မှာလည်း ဒီသခင်လေး
ကို စာတွေတစ်ဖက်နှင့်မှ သူ့အိမ်မှာမလုပ်ရ
သည့် ထပ်ထိုးအခြေခံအလုပ်တွေကိုတော့ မလုပ်စေချင်တာက စိတ်ရင်း။
"ရေချိုးခန်းသုံးပစ္စည်းတွေတော့ ကိုယ့်ဘာသာ
ကိုယ်ပဲ ထည့်မယ်မလား။"
သီအိုထလာသည်။ ဗီရိုအခြေအနေကိုကြည့်ပြီး
သဘောကျနေသည်။ ထည့်လာသော အိတ်အ
တိုင်း ဖြစ်နေသော အောက်ခံဘောင်းဘီအိတ်ကို
တစ်ချက်ဝေ့ကြည့်သည်။
သီအိုလေး၏ ပုဂ္ဂိုလ်ရေး အရမ်းဆန်သော ပစ္စည်းများကိုတော့ ဘာတစ်ခုမျှ လူကာ မထိခဲ့ပါ။ အိမ်မှာလည်း ရိုစီေလးအတွက် ငယ်ငယ်
တည်းက အိပ်ရာခင်းပေး ၊ အဝတ်လျှော်ပေး
မီးပူတိုက်ပေးသည်အထိ လူကာလုပ်ပေးမဲ့ ညီမလေး ၏ တစ်ကိုယ်ရည် အသုံးအဆောင်လး
တွေကိုတော့ လူကာ မထိ။ ညီမလေးနေရခက်မည်ကို လူကာနားလည်သည်။ ယခုလည်း ဘယ်လိုပဲ ယေကျာ်းလေးအချင်းချင်းပဲ ဖြစ်နေပါစေ။ အရွယ်မရောက်သေးသော လူငယ်လေး၏ ပစ္စည်းတွေကို လူကာ ကိုင်ခွင့်မရှိ။ အခုလို အခြေအနေမျိုးဆို ပို၍တောင် စည်းစောင့်
ပေးရမည်။
"ရပါတယ်။ ကျန်တာတွေ ငါ့ဘာသာငါ လုပ်ပါ့မယ်။ ကျေးဇူးပါ ဖီ။"
"ဘာရယ်။"
စတွေ့တည်းက ရွယ်တူလို မင်း နဲ့ ငါပြောနေရာ
မှ ချက်ချင်းကြီး အစ်ကိုခေါ်ခံရ၍ စိတ်က ကယောက်ကယက်။ ဘာလဲ ဆက်ဖလက်ခွင့်
တောင် မရှိတော့ကြောင်းလား အရိပ်ပြတာလား။ စောနက ဝင်ကစားချိန်သတ်မှတ်လိုက်လို့လား။ အတွေးမျှင်တွေ တသီကြီး ထွက်လာပေမဲ့ သီအို့ ဖြေရှင်းချက်က ရှင်းရှင်းလေး။
"ငါ တကယ် မင်းကို ငါ့ထက်အကြီးလို့ အခုမှ
ခံစားသွားရတာ။ မင်း ဘယ်လိုပဲ ငါနဲ့ အလိုက်
သင့် နေပေးပေး။ မင်းမှာ ငါငြင်းလို့ မရတဲ့ အရှိန်အဝါရှိတယ်။ တစ်ခါတလေမှ ထွက်လာ
တတ်ပေမဲ့ အဲ့ Aura ထွက်လာတိုင်း ငါမင်းကို
အစ်ကိုလို့ ခေါ်မယ်။ ငါ တကယ် အားကိုးလို့
ရတဲ့ ငါ့ရဲ့ အကြီးကောင် ငါ့ကိုဦးဆောင်နိုင်တဲ့
အစ်ကိုကြီးတစ်ယာက်ပေါ့။"
"အာ..."
ဒါ ဝင်ဆော့နေတာ မဟုတ်ဘူး။ လုံးဝ အတည်
ကြီး နဲ့ ဟက်ထိအောင် ရိုက်ချပစ်တာ။
"သီအို သီအို"ဟုသာ စိတ်ထဲကြိမ်းရင်း မျက်နှာပေါ်ကုန်းကဲတက်လာသော အပြုံးကို ဘယ်လိုမှ
ရုတ်သိမ်းမရ။
သီအို တွက်ဆတဲ့အတိုင်း ဖြူဖွေးညီညာသော
သွားတန်းလေးတွေ ပေါ်လာသည်။ ရှက်လည်း
ရှက်နေသော လူကာသည် ချက်ချင်းအပြုံးကို
လက်ချောင်းတွေနှင့် ဖမ်းကာသည်။
"ဘာလဲ။ မကာ နဲ့ လူကာ။"
သီအို ပိုင်စိုးပိုင်နင်းနဲ့ပဲ နှုတ်ခမ်းပေါ်က လက်
ချောင်းတွေကို ဆွဲဖယ်ရင်း လက်ကျန်အပြုံးစ
လေးကို သေချာကြည့်လိုက်သည်။ နားလေး
တွေရဲ ၊ နှုတ်ခမ်းထူထူနဲ့ သွားတန်းတွေကို ပြန်
ဖုံးဖိပြီးတာတောင် မျက်နှာအစိတ်အပိုင်းတော်
တော်များများက ပြုံးရိပ်ယောင်တွေ ရစ်သိုင်း
ဆဲ။
"ဒီဘဲကွာ...ရယ်ရင် သောက်ရမ်းချောတယ်။"
လို့ စိတ်ထဲအော်ဟစ်ရတဲ့အထိ လူကာ၏ ရူပါကို
သီအို တကယ်ကြွေရသည်။ သီအိုငေးတော့
သီအို့ မျက်ဆံအိမ်တွေထဲက သူ့ပုံရိပ်ကိုယ်သူ
လူကာပြန်လိုက်ဖမ်းသည်။ အခန်းက ခေတ္တခဏ
တိတ်ဆိတ်သွားလျက် ၊ နှစ်ယောက်သားအသက်ရှုသံက နှေးတယ်လည်း မဟုတ်။ ဝုန်းဒိုင်းကျဲမြန်လာတာလည်း မဟုတ်။ သို့ပေမဲ့ ပုံမှန်လားဆိုတော့လည်း...ဒါလည်း မဟုတ်နေ။
"ပြန်အုံးမယ်။ ဖီဂျက်တစ်ယာက်တည်း ကြာကြာ ထားရင် မကောင်းဘူး။"
လူကာ တပ်ဆုတ်သည်။ သူတို့၏ အခြေအနေ
တိုင်းကို ခြေမလွန်လက်မလွန် ဖြစ်စေဖို့ တာဝန်ကို လူကာကအလိုလိုယူပေးထားသည်။ ဒီလိုဆို
သီအိုလည်း မငြင်း။ အကြိမ်တိုင်း သီအို လက်
ခံမည်ဟု ဆုံးဖြတ်ထားသည်။
"အင်း ခဏနေမှ တွေ့မယ်။"
လူကာ အခန်းထဲက ထွက်သွားမှ သီအို ခုတင်ပေါ် ပစ်လှဲချရသည်။
ဒီအခန်း ။ သမိုင်းတွေရှိခဲ့သည့် ဒီအခန်းက လူ
နှစ်ယောက် ဘာတွေဖြစ်ခဲ့ကြလည်း လူတိုင်း
သိသည်။ သူ သည်အခန်းမှာ လူကာနှင့် နေလို့
မဖြစ်။ အသက်မပြည့်သေးခင် သူ့လူပျိုဘဝလေး ကို လူကာ့အားပေးမိလိမ့်မည်။ မဖြစ်သေး။
သီအို စိတ်မောလူမောနှင့်သာ ရင်ခုန်သံတွေ ချိန်ညှိရင်း...ရှေ့ဆက်ရမည့်နေ့ရက်တွေအကြောင်း
ကို တွေးပူမိသည်။
***
လူကာ အခန်းထဲရောက်တော့ ဖီဂျက်က ပစ္စည်း
တွေ အလယ် ရှုပ်နေဆဲ။
"ဩ။ ပြီးပြီလား ဟိုကလေး ကိစ္စတွေ"
လူကာ ရှက်စိတ်မပြေသေး၍ ခေါင်းငုံ့ရင်းသာ
အင်း လိုက်လိုက်ရသည်။ ဖီဂျက်က အဝတ်တွေ
ဗီရိုထဲ ထည့်ရင်း မှ ဟွန့်ခနဲ တစ်ချက်ရယ်ရင်း
ငါသိပါတယ် ကွာ ဆိုသည့် အကြည့်နှင့်ကြည့်
၏။ နှမလေးပေးထားသော ယောက်ဖပုံအပြည့်။
"သီအို က မင်းနဲ့ဆို တစ်မျိုးလေးဖြစ်သွားတာ
တော့ မင်းကံပဲ လူကာ။"
"ဟုတ်ပါရဲ့..."
လူကာ ထောက်ခံသလို ခပ်အေးအေးသာ ပြော
ရင်း
အဝတ်တွေထုတ် ၊ အိပ်ရာခင်းတွေ ခင်းနှင့်နှစ်
ယောက်သား ပြန်တိတ်ဆိတ်သွားကြသည်။
ဖီဂျက် နှင့် သူက ပုံစံတူသည်ဟု ခံစားရ၏။
ဖီဂျက်ကလည်း အပြုံးချိုချို ၊ လေသံနွေးနွေး
နှင့် ခပ်အေးအေး။ စကားကတော့ ပြောနိုင်သည်။ ဒါကလည်း ခေါင်းဆောင်နေရာရောက်နေရ၍လည်းဖြစ်မည်။
လူကာ အားလုံးပြီးသည်နှင့် အဆောင် စည်းကမ်းလက်မှတ်ထိုးသည့် ကိစ္စ ဆော်ဩပြီး
အဆောင်မှူးဖီကို တင်ရသည်။ ဖီဂျက်လည်း
သူ၏ အိုင်ပက်နှင့် Schedule များကို စိစစ်နေ
ရသည်။
"လူကာ...ကျောင်းချိန်တွေနဲ့ မလွတ်ဘူးထင်
တယ်နော်။ ကလေးတွေရော မင်းရော Professor တွေကို စာတင်ရမယ်ထင်တယ်။"
"ဟုတ်ကဲ့ အစ်ကို။ ကျွန်တော် တင်ပြီးပြီ။"
"သူတို့ ပြီးပြီလား မေး။ ငါတို့ ဝင်းထဲ ပတ်ကြည့်
ရင်း ကန်င်တင်း အတူတူသွားရအောင်။ မီတင်
က ညနေ။ ထရိန်နင် ဆင်းရမဲ့ အဆောင်မှာဆိုတော့ နေ့လယ်စာ စားပြီးတစ်ခါတည်း အဲ့ဘက်
သွားလိုက်မယ်။"
"ဟုတ်။ ဂရုထဲ ပြောလိုက်မယ်။"
သူတို့၏ Schedule များက မနက်ဖြန်ဆိုစပြီ။
ယနေ့က ထုံးစံအတိုင်း ကုမ္ပဏီမှ လူကြီးများ
၏ အမှာစကားများကို ကြားနာရမည့် အစီအစဉ်။ သူတို့ အဖွဲ့အတွက် ရင်းနှီးထားသည့် ပမာဏက မနည်းဘူးဟု သိရသည်။ သင်တန်းဆရာတွေ ခေါ်ယူပေးတာနဲ့တင် မသေး။ ထရိန်နင်ဘဝမှာတည်းက နေစားစရိတ်
အငြိမ်း နှင့် ခေါ်ထားသည့် အပြင် ဆယ်ကျော်
သက်နှောင်းပိုင်းလေးတွေမို့ ထိန်းရကျောင်းရ
မည့် ကိစ္စကိုလည်း ခေါင်းကြီးနေပုံရသည်။
အဆောင်စည်းကမ်းများက တင်းကျပ်သည်။
ညမထွက်ရ အမိန့်အပါအဝင် အိမ်ပြန်ရက်လည်း တစ်ပတ်မှ တစ်ရက်သာ ရသည်။ သူတို့က ပွဲဦးထွက်သည်အထိ အောင်မြင်မှု အတိုင်း
အတာပေါ်လိုက်ပြီး အဆောင်ပြောင်းမပြောင်း
ကိုယ်ပိုင်ပြန်နေ၍ ရ မရ ကနောင်အကြောင်းများပင်။
ဝင်းထဲတွင် တခြားသော ရုပ်ရှင်ဘက်က ထရိန်နင်လေးများလည်း ရှိသော်လည်း ခုထိတော့ မတွေ့သေး။ သူတို့ရောက်သည့်အချိန်တည်းက
ထရိန်နင် သွားနေကြသည် ဖြစ်လိမ့်မည်။
ဂရုချက်ထ်ထဲ မက်ဆေ့ခ်ျပို့ပြီးသည်နှင့် လူကာ နှင့် ဖီဂျက် အောက်ဆင်းစောင့်နေလိုက်သည်။
မကြာ အမွှာ နှစ်ယောက် နှင့် အတူ သီအို ပါလာ
သည်။ အားလုံးက မတိုင်ပင်ရပါဘဲလမ်းလျှောက်ရင်း တခြားသူတွေ တွဲဖြစ်ကြပေမဲ့ သူတို့ နှစ်ယောက်ကတော့ အလိုလိုဘေးချင်းကပ်လျှောက်မိသည်။
"ငါတို့က CP ကို လုပ်တာမဟုတ်ပါဘူး။ CPကငါ
တို့ကို လုပ်တာပါ။ ကြည့်ပါအုံး ဘယ်လောက်
လိုက်ဖက်ကြလဲ။"
ရိုရို စဖောက်သည်။ လူကာ ရှက်ရယ်ရယ်ပေမဲ့
သီအိုက တိတ်စမ်း ဟု တစ်ချက်ဟန့်သည်။ ငြိမ်
သွားကြပေမဲ့ ပြီတီတီပြုံးစိစိမျက်နှာပေးများက
တော့ မေလျှာ့။
"ဒီ ရှစ်ပါသွေး အပြည့် ကောင်တွေနဲ့ ဘယ်လို
ပွဲဦးထွက်ကြမလဲ။သူတို့ဘိုးဘေးတွေကဖြင့် Y လုံးဝ မဆန်ဘူး။ တီပေါ့စစ်စစ်လို့ အော်နေတာကို..."
ဖီဂျက် ညည်းညည်းညူညူဆူသည်။ ထိုအခါမှ အမွှာနှစ်ယောက် အနည်းငယ် မျက်နှာပိုး သတ်သွားတော့၏။ သူတို့ အဆောင်နှင့် ကန်တင်းက
လည်း လှမ်းသည်။ ကြားထဲမှာ စတိုရီယိုတစ်ခု
ကိုလည်း ဖြတ်ရသည်။ စတိုရီယိုထဲတွင် ရိုက်
ကွင်းရှိနေပုံရသည်။
"ဘာရိုက်ကွင်းလဲ မသိဘူး။"
"ဘီအယ်လ်ထင်တယ်။ ဟိုတစ်ခါလူရွေးပွဲက
ဟာတွေ စရိုက်နေပြီထင်တယ်။"
"အဲ့ဒါ ဇာတ်ညွှန်းတောင် မပြီးကြသေးဘူးတဲ့ ဖီဂျက်။ အခုက အဲ့ရှေ့က ပရော့ဂျက်တွေ။ သီအို တို့ ပါခဲ့တဲ့...အဲ့"
ယိုယိုပြောပြီးမှ စကားမှားသွားဟန်ဖြင့် ပါးစပ်ပိတ်၏။ ထိုအကြောင်းကို ကုမ္ပဏီတွင် လူကာ
တစ်စွန်းတစကြားဖူးသော်လည်း ထွေထူးမမေး
ဖြစ်။ သီအိုကလည်း စိတ်ဝင်စားဟန်မပြသည်
လည်း ပါသည်။ အခုပုံအရ ကျန်လေးယောက်
သိနေပြီး လူကာမသိသေးသော ကိစ္စဖြစ်မည်။
ဖီဂျက်လည်း နေရခက်သလိုတစ်ချက်ဖြစ်ပြီးမှ
ချက်ချင်း ဘာမှမဟုတ်သလို အရေးမကြီးသလို
ဟုတ်မှာပေါ့ ဟု ခပ်ပေါ့ပေါ့ပြောသည်။ သီအိုက
ဘာမှဝင်မပြော။ ယိုယိုကလည်း စကားမှားစက
လို အမူအရာမပျက်သွား။
ဩ ဟုသော အာမေဋိတ်သံနဲ့ပင် စကားကို လက်စသတ်သည်။ ရိုရိုကတော့ သီအို့ကို တစ်
ချက်ကြည့်သည်။
အမူအရာတွေကို ချက်ချင်းပုံမှန်ဖြစ်စေသည်အထိ ပြန်ထိန်းနိုင်ဖို့က သူတို့လေးယောက်အ
တွက်က မခက်။ သူတို့ပါဝင်ခဲ့ရသည့် စီးရီး
အရေအတွက် MV အရေအတွက်တွေက သူ
တို့အသက်ထက်များနေကြပြီလေ။ လူကာ
ဘာအခြေအနေဖြစ်ခဲ့မှန်း မသိပေမဲ့ မသိစေချင်
ရင် မေးဖို့ရန်လည်း စိတ်ကူးမရှိပါ။ တစ်ခုပဲ...
သီအို စိတ်မဆင်းရဲရင် ရပြီ။
စတိုရီယို အဆောက်အဦကြီးကို ကျော်ပြီး လမ်းကွေ့တစ်ချက်ရောက်မှ ထရိန်နင်အဆောက်အဦ
နှင့် တွဲလျက်ရှိသော ကန်င်တင်းသို့ရောက်သည်။ ကန်င်တင်းက လူမများသေး။ တခြား
သော အပြင်မှာ Food Truck ကားလှလှလေး
သုံးစီးလောက်ကလည်း ရပ်ထားသေးသည်။
လူကာ ကားပေါ်က ပုံပါ နှစ်ယောက်ကို မြင်ဖူး၏။ ယခု ရိုက်ကူးနေဆဲဖြစ်သော်လည်း နာ
မည်ကြီးနေသည့် အတွဲ။ အစ်ကိုကြီးက အရင်
တီပေါ့ အိုင်ဒေါလ်ဟောင်း ။ တွဲဖက် ကလေး
လေး နှင့် မိုးမန့်များစွာထွက်လျက် ကွန်ဒိုမှာပါ
အတူတူနေကြသလိုလိုထိ သတင်းတွေ ဟော့
နေကြသူတွေ။ အရင်လိုဆို သူလည်း သီအိုနှင့် သည်လိုမျိုး ပုံစံတွေဖြစ်နိုင်ပေမဲ့ ယခုတော့...
"Food Truck ကတော့ရှယ်နော်။"
ဖီဂျက်တောင် ထုတ်ပြောရသည်အထိ တကယ်
လည်း အစားအစာစုံလင်လှသည်။ အသင့်စောင့်ေနဟန်ရှိသော ဖန်တချို့ကလည်း သူ
တို့ အုပ်စုဝင်လာတော့ နည်းနည်းလှုပ်လှုပ်ရှား
ရှားဖြစ်သွားသည်။ တရားဝင် ထုတ်ပြန်ရသေးတာမျိုး မရှိသေးပေမဲ့ ဒီနှစ်ထဲ ဘွိုင်းဂရု
ထွင်လာမည်ဆိုတာကိုတော့ သတင်းသဲ့သဲ့ကြား
ထားကြသည်။ အားလုံးက ဖုန်းတွေထုတ်ကာ
အဝေးမှ လှမ်းရိုက်ကြသည်။ ကျန်လူငယ်လေး
လေးယောက်ကို သိသူများက နာမည်ခေါ်ကာ
လှမ်းနှုတ်ဆက်ကြသည်။
ကန်င်တင်းထဲဝင်ရင်း လူကာလည်း အသံသဲ့သဲ့
ကြားရသည်။
"ဟိုတစ်ယောက်က ဘယ်သူလဲ။ အရပ်ကဟေ့ ရှယ် ပဲ။"
"သူ့ဆီကေနအိုင်ဒေါလ်အငွေ့အသက်တွေ ရတယ်။"
"အိုပါး ရုပ်လေး။"
လူကာ ရှက်လွန်း၍ မျက်နှာမဖော်ရဲ။ ခေါင်းငုံ့
၍သာ နေမိသည်။ ကန်င်တင်းတွင် လူရှင်းနေ၍
သာ တော်တော့သည်။ တက္ကသိုလ် ကန်င်တင်း
တွေလိုပင် ဆိုင်လေးတွေနှင့် ကြိုက်တာ ဝယ်
စားလို့ရသည်။ လူကာ နှင့် သီအိုက စားနေကျ
ကဖောင်စားပြီး တခြားသူတွေလည်း ကြိုက်တာ
ဝယ်စားကြသည်။ ကန်င်တင်းက ဘေးဘက်
အပွင့်မို့ လေဝင်လေထွက်ရော အလင်းရောင်
ရော ကောင်းသည်။ သစ်ပင်ကြီးတွေလည်း ရှိ၍
နေရောင်မတိုးဘဲ အေးသည်။
"စားလို့ရတုန်းစားထားကြ။ ထရိန်နင်စရင် သူ
တို့ ပို့ပေးတဲ့ ထမင်းဗူးပဲ စားကတော့မှာတဲ့။"
"ဖီရိန်းတို့တုန်းကလည်း အဲ့လိုပဲနော်။ အိုင်ဒေါလ်
လည်း မဟုတ်ဘဲ အပြတ်ထရိန်းခံကြရတာ။"
"အာ့ကြောင့်လည်း သူတို့က မူတစ်လိုဖြစ်နေတာ
လေ။ သံမဏိစည်းမျဉ်းတွေကို ကျော်နိုင်ခဲ့တယ်
ဘာညာဆိုပြီး။"
"သူတို့ အခန်းက ဘယ်လိုလဲ။"
အဖေတော်ထားရသူ သီအို့ကို သူ့မွေးစားဖေဖေ
အကြောင်း ဝိုင်းမေးကြသည်။
"ဒီလိုပါပဲ။ စာကလေးသိုက်ပေါ့။ သူပြောသလို
မီးခြစ်ဆံဗူးလေးပေါ့။"
လူကာ အပါအဝင် ကျန်သုံးယောက် ဝိုင်းရယ်ကြ
ရသည်။
"ငါတို့ ခုတင်ဆို အိုက်လူ တစ်ချက် တက်တာနဲ့
အိခနဲ ဖြစ်သွားလို့။ ငါပဲ အပေါ်ဆင့်မှာ အိပ်ပါ့မယ် ဆိုပြီး သူ့အောက်ထပ်ပို့ထားရတယ်။"
"ခုတင်တွေတော့ လဲသင့်နေပါပြီ။"
"လဲလည်း မထူးပါဘူး။ ခဏပဲ အိပ်ရမှာကိုး"
သူတို့တစ်ဖွဲ့စားရင်းသောက်ရင်း ပေါ့ပါးနေကြစဉ် အော်သံတွေကြားလိုက်ရသည်။ အားလုံး
၏ အာရုံက အော်သံတွေဆီ ပါသွားကြသည်။
ရှူတင်နားချိန် ကန်တင်းရောက်လာကြသော
အတွဲတစ်တွဲ။
"ဩ သူတို့လား။"
အမွှာတစ်ယောက်၏ အပြော။ သီအို မျက်နှာ
တင်းခနဲဖြစ်သွားပေမဲ့ မျက်နှာတည်နေကျကလေးမို့ အရမ်းမသိသာလိုက်။ အတွဲက ကန်င်တင်း ထဲဝင်လာသည်နှင့် သူတို့အဖွဲ့က လေးယောက်သည်လည်း လက်စသတ်က အလိုလို
ထကြသည်။ တကယ်ဆို လူကာ အအေးလေး
ဇိမ်ယူသောက်ချင်သေးပေမဲ့ သူလည်း ထမင်း
ပန်းကန် ကောက်ဆွဲပြီး ထရပ်ဖြစ်သည်။ အတွဲ
ကန်င်တင်းထဲ ရောက်လာကြချိန် သူတို့အားလုံး
ပန်းကန်တွေ ဘေစင်မှာထားပြီး နောက်ပေါက်
ကနေ ထွက်ဖို့ ပြင်နေချိန်မှာပဲ...
"သီအို။" ဟူသော ခေါ်သံက အားလုံးကြားနိုင်
လောက်သော အသံ နှင့် ထွက်လာသည်။
လျှောက်လှမ်းလာသော အတွဲထဲမှ အိုင်ဒေါလ်
ဟောင်း အစ်ကိုကြီး၏ အကြည့်တွေ။ သီအိုလေး ကို ကြည့်သော အကြည့်တွေ။
သီအိုလည်း တန့်ခနဲဖြစ်ပြီး လက်ချောင်းလေး
တွေ ကွေးကာ လက်သီးဆုပ်ဖြစ်မတတ်ဖြစ်သွားသည်ကို လူကာ သတိထားမိလိုက်သည်။
Thank You All
AN // Long time no see 🙈
အရှည်ကြီးရေးပေးထားပါတယ်နော်။ စာ ပြန်စစ်ပြီးမှပဲ အမှားတွေ ပြင်လိုက်မယ်နော်။
Bạn đang đọc truyện trên: ZingTruyen.Xyz