အပိုင်း ၁၀
Thailand National Boys
လူကာ အဆောင်သို့ ယူသွားမည့် အဝတ်
များ ခေါက်ထည့်နေစဥ်မှာပင် နိုတီသံ
ကြားရသည်။
အဖွဲ့နာမည်ကသာ Maxx ဖြစ်ပေမဲ့ သူ
တို့ Line Group Chat က TNB ။ အဖွဲ့
မိတ်ဆက်ပြီးသည့် နေ့တည်းက အဖွဲ့
ခေါင်းဆောင် ဖီဂျက်က ဖွဲ့ပေးလိုက်ခြင်း။ သူတို့ ငါးယောက်သီးသန့် အဖွဲ့လေး။
"မနက်ဖြန် ဘယ်အချိန်ရောက်မှာလဲ"
လူကာ အတန်းခေါင်းဆောင်သဖွယ်လေးစားရသော အဖွဲ့ခေါင်းဆောင်ရယ်
မို့ တခြားသူများထက် အရင် စာပြန်
လိုက်သည်။
"မနက် ၉နာရီအရောက်လာခဲ့ပါ့မယ် ဖီချိုင်း"
"အရမ်းစောမနေဘူးလား"
"စောနေတာလား"
ဖီဂျက်နှင့် အပြန်အလှန်ပြောနေကြရင်း
မှ မိမိုက်နေသော ကရိုဖိုင်ပိုင်ရှင်သည်...
"သူ့ကို ကျွန်တော်ဝင်ခေါ်ခဲ့လိုက်မယ် ဖီချိုင်း"
ဟူ၍ စကားဝိုင်းထဲ ရုတ်တရက် ရောက်ချလာကာ ဝင်ပြောသည်။ ဖီ၏ နာခံလျက်ပါ ဆိုသည့် စတစ်ကာကို
ရိုရို နှင့် ယိုယိုက Haha react များဝင်ပေးကြသည်။
လူကာ အားလုံးနှင့် မျက်နှာချင်းဆိုင်မ
ဟုတ်သည့်တိုင် မျက်နှာတို့ ပူရသည်။
ထိုနေ့ကတည်းက သူတို့နှစ်ယောက်၏
ဆက်ဆံရေး ကို လူကြီးတွေ ကွယ်ရာ
တွင် သူတို့ချင်း ပွင့်ပွင့်လင်းလင်းဆွေး
နွေးဖြစ်ခဲ့ကြသည်။
ဆွေးနွေးအပြီး လူကြီးတွေ ပြန်သွားကြ
သည်နှင့် ဖီဂျက်က ဦးဆောင်ကာဆော်သြသည်။
"လာ ငါတို့ အဖွဲ့ ပထမဆုံး Hang out
ထွက်ရအောင် ။ ဘာစားချင်ကြလဲ"
"ကျွန်တော်က ရပါတယ်"
ဖီဂျက်ပြီးလျှင် အဖွဲ့၏ အကြီးဆုံးမို့
အလိုလိုနေရင်း လူကာ က အငယ်သုံယောက် အကြိုက်လိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။ ယိိုယို နှင့် ရိုရိုက စဥ်းစားရင်းမှ သီအို့ကိုသာ မေးငေါ့ပြသည်။
"ငါတို့ အငယ်ဆုံးလေး ဘာစားချင်လဲ"
"ဟော့ပေါ့ စားရအောင်"
သီအိုက သူစားချင်တာကို ချက်ချင်း ထုတ်ပြော၏။ ထိုအခါ အကြီးများက
လည်း နှစ်ခါမဆွေးနွေးရ။ စျေးအတော် အသင့်နှင့် လူစောင့်စရာမလို
သည့် ဆိုင်ကိုချီတက်ကြသည်။ ဆိုင်
ထိုင်ဝိုင်းဖြစ်ကြတော့လည်း လူကာက
သီအို ဘေး အလိုလိုကပ်မိသည်။ သံလိုက်ပါနေသည့် အလား သူ့မသိစိတ် ၊ သိစိတ်ကကို သီအိုနှင့် ဘေး
ချင်းကပ်နေမိနေတတ်သည် ။
သီအို လိုသည်များကို အရံသင့်လုပ်ပေး
နေမိသည် ကို ကျန်သုံးယောက်က အကဲခတ်စရာ မလိုတော့ဘဲ ပွင့်ပွင့်လင်းလင်း ထုတ်မေးရသည့် အခြေအနေ။
"မင်းတို့နှစ်ယောက်ဆက်ဆံရေးက..."
"ခမျာ"
လူကာကသာ သူခိုးလူမိသလိုဖြစ်သွား
ပေမဲ့ သီအိုက တည်တည်ငြိမ်ငြိမ်။
လူကာ ထည့်ပေးထားသည့် အသား
ဖတ်လေးများ ကို ဝါးရင်း ဖီဂျက်ကို ပြုံး
ပြသည်။ ပါးဆုံလေး တွေမှ baby fatလက်ကျန်လေးတွေနှင့် အနည်းငယ် မို့တက်သွားသော ပါးလေးနှင့် နှုတ်ခမ်း နီနီသေးသေး လေးက ကလေးလေး ဆိုသည်ကို သိသာစေပေမဲ့
"သူငယ်ချင်းတွေ"
ဟူသော ဖြေသံမှာ အေးစက်စက် ။
ထိုအခါ ရိုရို နှင့် ယိိုယိုက သဘော
ပေါက်သည့် ဟန်ဖြင့် ခေါင်းတညိတ်ညိတ်။ သို့ပေမဲ့ အစ်ကိုကြီးအဖရာ ဖြစ်နေသည့် ဖီဂျက်က ထပ်မံအတည်ပြုသည်။
"ဒီလို သူငယ်ချင်းလား ။ ဟိုလိုသူငယ်
ချင်းလား"
သည်တစ်ခါလည်း လူကာဘာပြန်ဖြေ
ရမလဲမသိ။ သီအို သူငယ်ချင်းတွေဟု
ပြောလိုက်သည်ကို စိတ်မကောင်းပေ
မဲ့ တွဲနေပါသည်ဟုလည်း ပြောလို့မရ
သည့်အခြေအနေ။
"ဟိုလိုဒီလိုသူငယ်ချင်း။"
သီအို့၏ ပွင့်လင်းမှုတွင် လူကာ မျက်
နှာမဖော်ရဲ။ အဖွဲ့သားများ တစ်မျိုးထင်
သွားမည်လား။ စိတ်အနှောင့်အယှက်ဖြစ်သွားမည်လားဟုစိုးရိမ်သော်လည်း
ကျန်သုံးယောက်ကတော့ လူကာ့ကို
သနားစရာ သက်ရှိလေးအဖြစ်ရှူမြင်
ကြသည်။
"ဒါလေးနဲ့ တရားဝင်တွဲဖို့ဆိုရင်တော့..."
ဖီဂျက်က အစချီသောအခါ ယိိုယိုနှင့်ရိုရို က တစ်ယောက်လက်တစ်ဖက်စီ
ထောင်ပြသည်။ ဆိုတော့ စုစုပေါင်း
ဆယ်နှစ်ပေါ့။ လူကာ့အသက် ၃၀နား
နီးမှလား။ အဲ့လောက်ဆို ကုမ္ပဏီနှင့်
စာချုပ်လည်းပြီးပြီ။ သူလည်း အခြေ
တကျဆိုရင်တော့...
"သူငယ်ချင်းမလုပ်ချင်တော့ရင်တော့
ငါတို့ကိုအရင်ဆုံးသတိပေးပေါ့"
"အခုတော့ ငါတို့ပဲ ship ကြတာပေါ့"
လူကာရှက်လွန်း၍ ခေါင်းမဖော်နိုင်သော်လည်း သီအို၏ မူပိုင် စံပယ်တင်အကြည့်သည်ကား
ဝိုင်း သဘောတူနေကြသော အစ်ကိုများထံသို့ ဝေ့ခနဲ။
"ဆိုတော့...ဟိုလိုသူငယ်ချင်းဆိုတာကို
တော့ လူကြီးတွေဆီ ပေးမသိဖို့လိုမယ်။
သူတို့က Tpop စစ်စစ် ship တွေ မဖန်
တီးဘူးလို့ပြောတယ်။"
သီအိုခေါင်းညိတ်သည်။
"ဂီတပဲလုပ်မှာပါ။ နိုင်ငံတွင်း အအောင်
မြင်ဆုံး Boy groupဖြစ်ချင်တယ်"
သီအို့အပြောတွင် အားပါသည်။ အငယ်
ဆုံးပေမဲ့ အဆိပ်အပြင်းဆုံးဆိုတာကို
အားလုံးက ရိပ်မိသည်။ အရည်အချင်း
ပါမက နောက်ခံအင်အားပါ ရှိသည့်
အနှီကောင်လေးသည် အရင်လို ခပ်ကုပ်ကုပ်လေး နေတော့မည် မဟုတ် ။ ရှိသမျှ လက်နက်ထုတ်သုံးတော့မည့် အသင့်အနေအထား။
ထိုနေ့က သီအို၏ တည်ကြည်မှုနှင့် စိတ်အားထက်သန်မှုကို ပြန်တွေးရင်း
လူကာ သက်ပြင်းချမိသည်။ ထို့ကြောင့်
လည်း သီအိုက တစ်ပတ်အဆက်အသွယ်ဖြတ်ပြီး သူတို့အကွာ
အဝေးကို ပြန်ချဲ့လိုက်ခြင်းပင်။ အမှန်ပြောရင် လူကာ အသဲကွဲပါသည်။
ပတ္တရားခရီးစဥ်က သူတို့ဆက်ဆံရေး
လေး၏ ချိတ်ပိတ်သင်္ကေတဖြစ်ခဲ့မည် ဟု သူလုံးဝမထင်ခဲ့ဘူးလေ။ အခုတော့ မထင်တာတွေ မျှော် လင့်ထားသလိုတွေ မဖြစ်လာတော့ သူ နာကျင်ရသည်။ သို့ပေမဲ့ သီအို အနေခက်မည် ဆိုး သဖြင့် လူကာ မျက်နှာ တစ်ချက်မပျက် ၊ အနေအထိုင် မတိမ်း မယိမ်း စေရအောင် သတိထားနေထိုင်ရမည်။
"လူကာ...မေမေ ဝင်လာလို့ရလား"
"ဟုတ်"
အနုပညာရှင် ရုတ်တရက် ထဖြစ်ချင်သွားတည်းက မေမေက လူကာ့ကိုအ
ထွေအထူးဘာမျှမပြော။ ယခုလည်း
Camp ဝင်ရတော့မယ်။ ထရိန်နင်ဆင်း
ရတော့မည် ဆိုတော့လည်း မေမေမတား။
အဝတ်တွေခေါက်ထည့်နေသော လူကာ့
ကို ငေးသည်။
"သားကြီးက ရှက်တတ်လွန်းလို့ ဟုတ်
ရော ဟုတ်ရဲ့လားလို့ထင်ခဲ့တာ။ ခုတော့
ကောက်လီက ကောင်လေးတွေလို ဆို
ကြ ကကြမယ်ထိဖြစ်သွားတာပဲ..."
လူကာ ရယ်ရင်း ခေါင်းငုံ့မိသည်။
"ညီမလေးအတွက် ကိုယ့်ကိုယ်ကိုယ်
အနစ်ခံတာတွေကို နောက်ကျနောင်တမရနိုင်လောက်ဘူးလား"
လူကာခေါင်းခါပြလိုက်သည်။
"ညီမလေး စိတ်ချမ်းသာရင် ကျွန်တော်
လည်း ပျော်တယ်။ သူလုပ်နိုင်တာတွေ
ကို ပိုက်ဆံကြောင့် မလုပ်နိုင်တာမြင်ရ
တိုင်း ကျွန်တော် မျက်နှာပူတယ်။ အခု
စာချုပ်ချုပ်ပြီးတဲ့နေ့က သူ့ကို Summer Class ပို့ပေးနိုင်ပြီ လို့ ပြော
နိုင်လိုက်တာတဲ့ အချိန်က အပျော်ဆုံး
ပဲ"
မေမေ သက်ပြင်းချရင်းမှ လူကာ့ကို
မော်ကြည့်သည်။
"ဒီအိမ်ကို ကျွန်တော်စောင့်ရှောက်မှာ။
မေမေ လည်း နားနိုင်တဲ့ အထိ
ကျွန်တော်ထောက်ပံ့ပေးမယ်"
"ဝါသနာရော ပါရဲ့လား သားရယ်...
သား ဘောလုံးကန်လိုက် ရေကူးလိုက်
ပဲ လုပ်နေတဲ့ ကလေးက"
"လုပ်ကြည့်လိုက်တော့လည်း အရမ်း
မခက်ပါဘူး။ ပျော်ဖို့ကောင်းတယ်။
ပြီးတော့ သူငယ်ချင်းတွေကလည်း တကယ် ကောင်းကြတယ်"
"သီအိုဆိုတဲ့ ကောင်လေးလား"
လူကာခေါင်းညိတ်လိုက်သည်။ မျက်နှာ
တော့ မပြရဲတော့ပါ။ အိမ်၏ သားကြီး
ဖြစ်နေလျက်က မျိုးတူလေးကို သွား
ကြိုက်မိသည့်အတွက် အမေနေရာက
တွေးလျှင် လက်ခံဖို့တော့ ခက်နေမည်။
"သူများကလေး ငယ်ငယ်လေးကို
စောင့်ရှောက်နော်...ကိုယ့်ညီမလေးနဲ့
လည်း ရွယ်တူမလား။ မောင်နှမချင်း
ကိုယ်ချင်းစာနော် လူကာ"
"ဟုတ်။ ရိုစီကို ချစ်သလို ချစ်ပေးနေတာပါ။ အခုက အဲ့လိုပဲ ချစ်လို့ရတော့ တယ်"
"ငြင်းလိုက်တာလား"
လူကာ ခေါင်းညိတ်ပြလိုက်သည်။ ကြိုးစားပြုံးပြပေမဲ့ အပြုံးကို နှုတ်ခမ်းပေါ် ဘယ်လိုမှ တင်မရ။ မဲ့မသွားဖို့တောင် အနိုင်နိုင်။
"ပြီးတာပါပဲ...သား တကယ် မေတ္တာ မှန်ရင်တော့ သူရော လောကကြီးရော တဖြည်းဖြည်းတော့လက်ခံပေးလာမှာပါ"
"မေမေရော ဘယ်လိုထင်လဲ"
လူကာတကယ်သိချင်မိသည်။ ဘယ်လို
ပဲ ခေတ်မီနေသည့် အမေဖြစ်စေဦးတော့...
လူကာ့ကိုသာ ပြုံးကြည့်သည်။ ခေါင်း
ကိုလည်း ပွတ်သပ်ပေးရင်း ပြောသည့်စကားများက ပြတ်သည်။
"သားအပေါ်ကောင်းရင် အမေကချစ်
ပေးမှာပါ။ အမေ့သားလေးကို ထိခိုက်
စေရင်တော့...လုံးဝ လွှတ်မပေးဘူး"
လူကာ ဘာမှမတုံ့ပြန်ဖြစ်။ ယခုလော
လောဆယ် သူ့ အနမ်းဦးကိုခြွေယူသွား
ပြီး အကွာအဝေးပြန်ချဲ့သွားသည့်
၁၇နှစ်သားကိုတော့... သူကပဲ နားလည်
ပေးရမည်။ မျက်ဝန်းလေးတွေထဲမှ ခံစားချက်များ ပြန်ရှာဖွေရမည်ကလည်း ပျော်စရာပဲလေ။ နောက်ပြီးမချစ်တော့ဘူးဟု ယတိပြတ်ပြောနေတာ
လည်း မဟုတ်တော့...
"မနက်ဖြန် သူလာခေါ်မှာတဲ့။ မေမေနဲ့
မိတ်ဆက်ပေးရမလား"
"ကောင်းတာပဲ။ တခြားကလေးတွေရော ပါမှာလား"
"သူပဲ"
"ဘာလက်ဆောင်ပေးရမလဲ။ အဲ့ကလေး ဘာတွေကြိုက်တတ်လဲ"
"ဟောပေါ့ နဲ့ ဆူရှီ"
"တခြားရော"
"Clean food တွေစားတယ်။ Brand
တွေ ဝတ်တယ်။ နာရီတွေလည်း Limited editionတွေပဲ ဝတ်ချင်တယ်။ ပုံမှန်လက်ဆောင်ဆိုရင်တော့
ကျွန်တော်တောင် မပေးဖူးဘူး"
မေမေရယ်သည်။
"ဒါဆိုလည်း အိမ်က သားအကြီးဆုံးကိုပဲ ဖဲကြိုးချည်ပြီး ထည့်ပေးလိုက်တော့မယ်"
"အိုဟိုး..."
သားအမိနှစ်ယောက်ရယ်ပြီးမှ မေမေက လူကာ့ ပခုံးကို ပုတ်ပြီး နှုတ်ဆက်သည်။
"ဒါဆိုလည်း လုပ်အုံး။ မေမေ နားတော့မယ်"
"ဟုတ်"
လူကာ အားလုံး ထုပ်ပိုးပြီးနောက် လှဲရင်း စာအဟောင်းလေးတွေ ပြန်ဖတ်ကြည့်သည်။ နှစ်ယောက်သား အီစီကလီတွေ ပြောဖြစ်ခဲ့သည့် အချိန်ကလေး။ ယခုတော့...
"အစကနေ ပြန်လိုက်ရမှာလား။ ဒီအတိုင်းပဲ ညီအစ်ကို လို နေရမှာလားတောင် မသိတော့ဘူး။ သူများ သား ကို ကြိုက်ရတာလည်း ခက်လိုက်တာ"
-------------------
"အိုး သားလေး လာလာ ။ လူကာ က အိမ်ထဲမှာ"
ကားစက်သံတောင် မကြားရအောင် ဘယ်လိုကားမျိုး မောင်းလာလို့လည်း အပြေးအလွှားသိချင်သွားသည်။ လိုင်စင်လည်း မရှိသေးဘဲ နောက်ဆုံးပေါ် ကားတွေ တက်တက်မောင်းနေသည့် 17နှစ်သားကိုလည်း တကယ် မနိုင်။
"ကလေး မနက်စာ စားပြီး ပြီလား။ အန်တီ ကြက်သားဆန်ပြုတ်လေး လုပ်ထားတယ်။ ကြက်သားမွကြော် လေး နဲ့ စားသွားနော် "
လူကာ အပြေးထွက်လာကာ သီအိုကို အတင်းဖိအားမပေးဖို့ တားဖို့စိတ်ကူးကို ကြည်လင်ရွှင်သာသော အပြုံးလေးနှင့် မငြင်းမဆို လက်ခံနေသော သီအို့ကြောင့် တန့်သွားသည်။ သူက ပင် အမေနှင့် ထမင်းစားဆောင်ထဲ တစ်ခါတည်း ရောက်သွားပြီး
"လူကာ လာလေ ။ စားရအောင်" ဟုပင် ခေါ်နေသည်။
လူကာ အနားတိုးကပ်ကာ
"မစားချင်ရင် ငြင်းလို့ရတယ်" ဟုပြောတော့ လည်း ရယ်ရယ်မောမောနှင့် ပင် ခေါင်းခါပြသည်။
မေမေသည်လည်း သူ့သား အရင်းကို ဘေးချကာ သီအို့ နားဘေးချင်းကပ်ထိုင်ရင်း ဆန်ပြုတ်အလုတ်တိုင်း အတွက် ကြက်သားထည့်ပေးလိုက် ၊ ငါးခူကင်ကို အရိုးရွှင်ပြီး ထည့်ပေးလိုက်နှင့် ကြင်နာသည်။ တကယ်ဆို ဖေဖေ ဆုံးပြီးတည်းက လူကာတို့ မောင်နှမကိုတောင် မေမေ သည်လို မယုယ နိုင်ခဲ့ပါ။
"သားကို လူကာ က အနေခက်အောင် လုပ်ရင် ပြောနော် ။ အန်တီဆုံးမပေးမယ်နော် ။ အန်တီလည်း အခု သူ့ကို သေချာမှာထားပါတယ်။"
"မေမေ သီအို့ ကို အဲ့ဒါတွေ မပြောနဲ့"
"ရပါတယ်။ ကျွန်တ်ောကသာ သူ့ကို နာကျင်အောင် လုပ်မိနေတာ..."
"အို ကလေးရယ် မဟုတ်တာ...သူကြိုက်တာ သူ့စိတ်ပဲ ။ ကလေးက တာဝန်ယူပေးစရာမလိုပါဘူး"
သီအို မျက်နှာတစ်ချက် အညှိုးမခံသည်မှာ အိမ်က ရိုစီသာ ကျန်တော့ သည် ။ မေမေသည် သီအို့ ကို ကရုဏာသက်စွာဖြင့် ခေါင်းလေး ပုတ်လိုက် ၊ ပခုံးလေး ပုတ်လိုက်နှင့် ရှိနေသည်။ သီအိုသည် တစ်ဦးတည်းသော ကလေးလေးမို့ သူစိ မ်း က ထိတာ ကိုင်တာကို အသားမကျ ဖြစ်နေမည်ကို စိုးမိသည်။ သီအိုကတော့ မေမေနှင့် အလိုက်သင့် လိုက်လျောညီထွေရှိနေသည်။
"ကလေးအတွက် အမေကိုယ်တိုင် ထိုးထားတာ။ လူကာ က ပြောတယ်။ ကလေးက အနီရောင်ကြိုက်တယ်ဆိုလို့ ခရစ်စမတ်အရောင်လေး ထိုးပေးထားတာ"
ခလုံထေ့ မှာ ဘယ်လိုမှ ဆင်ယင်လို့ မရသော သိုးမွှေးလက်အိတ်လေးကို မေမေက ထုတ်ပေးတော့ လူကာ ငိုချင်လာသည်။ မအားသည့် ကြားက မေမေ အချိန်ပေးကာ ထိုးထားပုံရသည်။ မနေ့က စသလိုလို နောက်သလိုလို ပြောပေမဲ့ သီအို ရင်ထဲ ရောက်ဖို့ မေမေပါ အားတက်သရော ကြိုးစားပေးနေသည်။ လူကာ အဖြစ်က အရပ်ကူပါ လူဝိုင်းပါ လိုပဲ။ သီအို့ ကို မရဲတရဲ အကဲခတ်တော့ လက်အိတ်လေးကို သဘောတကျ ပွတ်သပ်နေသည်။ ခရစ်စမတ်အရောင် ကြက်သွေးနီပေါ် အစိမ်းရောင် ထင်းရှူးသစ်ပင်လေး နှစ်ပင်နှင့် အဖြူူရောင် စနိုးမန်း လေး ပါ ထည့်ပေးထားသည်။ သီအို နှင့် အလွန်လိုက်ဖက်သော လက်အိတ်လေးပင်။
"ခလုံထေ့မှာ နှင်းကျရင် ကောင်းမှာပဲ။ ကျွန်တော် တကယ်ကြိုက်တယ်။ ကျေးဇူးပါ။ ဒါဝတ်ဖို့ သက်သက်နဲ့ နှင်းကျတဲ့ နိုင်ငံကို လူကာနဲ့ တကယ် သွားမှာ"
သီအို ဟန်ဆောင်နေတာမဟုတ် ။ စိတ်ပါလက်ပါ ပြောတိုင်း ရယ်သံလေးတွေနှင့် အသံတွေ ကျယ်လာတတ်သည်ကလိမ်မရသည့် ဝိသေဿ။ မေမေလည်း သူညတွင်းချင်း ဖန်တီးထားသော လက်ဆောင်လေး ကို သီအိုသဘောကျ၍ ပျော်သွားသည်။ နှစ်ဦးသား ပွေ့ဖက်နှူတ်ဆက်သည်ကို စောင့်ပြီးမှ မေမေ့ကို လူကာ ပွေ့ဖက်ဖြစ်သည်။
"အချိန်ရရင် အိမ်ကို ပြန်လာနော် လူကာ ။ မေမေ နဲ့ ညီမလေး စောင့်နေမယ်နော် "
"ဟုတ်"
ကားမောင်းသူကတော့ လူကာ ဖြစ်ပြီး ဘေးတွင်ထိုင်ကာ လူကာ့ကိုလည်း ဂရုမစိုက် ၊ ဘာကိုမှ မကြည့်နိုင်ဘဲ လက်အိပ်လေးကိုသာ တသသ ဖြစ်နေသော သီအို။
"အဲ့လောက်တောင် ကြိုက်တာလား"
ခေါင်းတဆက်ဆက် ညိတ်ပြသည်။
"ငါ မင်း ကို ယူရင်တောင် အမေ့ကြောင့် က 30 ရာခိုင်နှုန်း ပါမယ် ။ သိလား လူကာ"
လူကာ ခေါင်းညိတ်ပြရုံကလွဲ တခြား မတတ်နိုင် ။ တကယ်လည်း မတွဲဘဲ အဲ့လိုတွေ မပြောပါနဲ့လို့လည်း မတားနိုင်။ သူကကို သီအို၏ အခုလို အပြောတွေမှာ သာယာနေမိတာကိုး...
သူ၏ ဒုက္ခလှလှလေးပေ့ါ...
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz