ZingTruyen.Xyz

SIDE-B

အပိုင်း ၇

HsuChiKo365

ငါက မင်းနဲ့ အလိုက်ဖက်ဆုံး

လူကာ လာခွန်းတစ် တစ်ယောက်လူရွေးပွဲ ဝင်ပြီဆိုတည်းက ဌာနတစ်ခုလုံး
က တသောသောနှင့် ရှိကြသည်။ ကုမ္ပဏီ၏ ဆိုရှယ်ပလက်ဖောင်းမျိုးစုံ
ကို စောင့်ကြည့်လျက် လူကာ ပုံတင်ပြီ
ဆိုသည်နှင့်

အချောလေး...အမိုက်ဆုံးလေး

လူရွေးပွဲမဝင်နဲ့ မမနှလုံးသားလေးထဲဝင်နေ

ခလုံထေ့ရဲ့ နေမင်းကြီး အရမ်း ဟော့

Chess မကစားနဲ့ တို့နှလုံးသားလေးကို
လှည့်စားပါလားဟင်

မအားမှန်းသိပေမဲ့ ခိုးတွဲကြရအောင်လေ

အစရှိသော မှတ်ချက်ပေါင်းစုံဖြင့် ဝင်
ဝုန်းကြသည်။ တချို့သော ကော့မန့်များမှာ လူကာ ဖတ်ရင်း မျက်နှာတွေ ပူလာရသည်အထိ။ ဤသို့ဖြင့်လူကာမှာ ဘုမသိဘမသိဖြင့် လူရွေးပွဲဘဝတည်းက ဖန်ကလပ်တစ်ခု အလိုလိုရသွားတော့သည်။
အမြဲလိုလို နှိပ်စက်တတ်သည်ဟု စွပ်စွဲ
ထားသော စီနီယာများသည်လည်း ယခု
အချိန်တွင်တော့ အတိုးချ ပြန်ပေးဆပ်
ကြသည်။ လူကာ့ကို ကျောင်းက လူတွေကျေးဇူးနှင့် တခြားသော ဆိုရှယ်မီဒီယာ အသိုင်းအဝိုင်းကပါ အာရုံစိုက်လာကြလေသည်။  ဘာလို့ ဒီလောက်ထိ ပေါက်ကွဲထွက်မတတ် အားပေးနေကြသည်လဲ လူကာစဥ်းစားမရ။ ရိုစီပင်လျှင်မယုံနိုင် ဖြစ်ရသည်။ လူကာ ဘယ်
လိုမှ အငြိမ်ဇယား နေလို့ မရတော့သည့် အဖြစ်သို့ ရောက်နေတော့သည်။

"ကိုကြီး ပုံက နေရာတကာမှာပါနေပြီ။
ငယ်ငယ်တုန်းက Chess ပြိုင်ခဲ့တဲ့ ပုံ
တွေရောပဲ"

"အင်း..."

လူကာ အင်းမလှုပ် အဲမလှုပ် ။ ညီမလေးရှေ့တော့ နည်းနည်းရှက်သည်။

"သီအို နဲ့ တကယ်တွဲမှာလားဟင်"

"တွဲချင်တာ"

ရိုစီ ရှုတူတူကြည့်သည်။

"ညီမလေး မကြိုက်ဘူးလား"

"သူက လူရှေ့သူရှေ့သာ ကြောင်ဖြူ
လေး လိုလို ယုန်လေးလိုလို လုပ်နေတာ။ နောက်ကွယ်မှာ တအားလွှမ်းမိုး
ချင် ခြယ်လှယ်ချင်တာနော်..."

"လိုအပ်လို့ နေမှာပေါ့"

"သွားပြီ...ငါ့အစ်ကိုတော့..."

ရိုစီ ဆိုဖာနောက်မှီပေါ် ခေါင်းမှီချပြီး ခေါင်းတွေကိုက်လာဟန်ဖြင့် နားထင်
နှစ်ဖက်ကို လက်ချောင်းများဖြင့် ဖိနေ
သည်။

"ညီမလေးကြောင့်လုပ်နေတယ်ဆိုရင်
တော့..."

"မဟုတ်ပါဘူး။ နှစ်ယောက်လုံးကြောင့်
လုပ်တာ"

"မေမေ့ကြောင့်ရောလား"

လူကာ ခေါင်းခါပြသည်။

"သီအို့ကြောင့်ရော..."

ရိုစီ မျက်လုံးများပြူးကာ ပြန်ကြည့်
သည်။ တစ်သက်နှင့်တစ်ကိုယ် ရည်း
စားမထားဖူးခဲ့သော အစ်ကိုသည် သူမ၏ငယ်သူငယ်ချင်းအပေါ်သို့ တိမ်း
ညွှတ်ယိမ်းထိုးနေပုံက ​စိုးရိမ်မှတ်ကျော်
လွန်နေသည့် အနေအထား။

"မန်နေဂျာအစ်မကပြောတယ်။ သီအို
က အားလုံးကို ထားခဲ့ချင်နေတဲ့ အထိ
စိတ်ကုန်ပြီး ပင်ပန်းနေတာတဲ့...သူ့
အတွက် အားတစ်ခုခုဖြစ်ပေးချင်တယ်"

"ဟူး...မလွယ်ဘူး လုံးဝ နစ်မြုပ်နေပြီ"

လူကာ ငြိမ်နေသည်။ ထို့နောက် ထရပ်သည်။

"ကိုကြီး ပြန်လိုက်ဦးမယ်။"

"အယ် နေပါအုံး။ ဘာရှိလို့လဲ"

"သီချင်း လေ့ကျင့်မလို့...ဒီနေ့ အဆိုသင်တန်းရှိတယ်"

ရိုစီ နတ်ပို့သလို လက်နှစ်ဖက်ကို ကကြိုးစင်ကာ အိမ်ဦးနတ်လောင်းလျာကို ပြန်ပို့လိုက်တော့သည်။

သီအိုအိမ်ရောက်လာပြီး နေ့မကူး။ လူရှေ့သူရှေ့ စကားပြောရမည်ကိုပင်ရှက်
နေတတ်သော အစ်ကိုသည် အင်တာတိမ်းမန့် မန်နေဂျာနှင့် တစ်နာရီကြာ
အောင် ဖုန်းပြောဆွေးနွေးခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့

"ရိုစီ...ကိုကြီးကို သေချာပြင်ဆင်ပေးတဲ့
ဓာတ်ပုံဆိုင် ခေါ်သွားပေးပါလား"ဟု  တောင်းဆိုလာသည်။
Suncream တောင်မနည်းလိမ်းခိုင်းရ
သူသည် ထိုနေ့က မိတ်ကပ်အလိမ်းခံ
ခဲ့သည်။ သူ၏ မိမိုက်နေသော ရုပ်ခံ
ကို ပထမဆုံးအကြိမ် အပြည့်အဝအသုံးချခဲ့ပါ၏။  Studio က အစ်မသည်ပင် သူ့လိုင်စင်ဓာတ်ပုံကို ဘောင်
သွင်းကာ ဆိုင်မှာ ကပ်ထားခွင့်တောင်း
သည်အထိ ရိုစီ့အစ်ကို၏ ရူပကာသန့်
ထွက်နေခဲ့မှုက နောက်စရာတော့ဟုတ်မနေ။

လူတွေ သေခါနီးရင် မလုပ်ဖူးတာတွေ
ထလုပ်ပြီး ချက်ချင်းတွေပြောင်းလဲကြ
သည်ဟု ကြားဖူးသည်။ ရိုစီ့အစ်ကိုသည် ဟိုကောင် သီအို့ လက်ထဲတွင်
မရှုနိုင်မကယ်နိုင် ဖြစ်နေပြီထင်။ သူငယ်ချင်းထဲမှ ဝိုင်ဂဲလ်တွေပြောနေ
ကျလို သင်္ဘောက သူ့ဘာသာသူ ဆီအပြည်ထည့်ပြီး စထွက်နေပြီ။

သီအိုကရော...ဘာထူးလဲ။ နေ့တိုင်းဖုန်း
ခေါ်သည်။ ဖုန်းမခေါ်ရင်တောင် chat
နေကြကြောင်း သိသာသည်။ ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာ
တောင် မင်းသားဖြစ်မည့် ကိစ္စဝိစ္စတွေ အကုန် လိုက်လုပ်နေနိုင်လောက်သည်
အထိ သီအို လန်ဒန်မသွားရေးက သူ့အ
တွက် သေရေးရှင်ရေးတစ်ခုပမာ။
လူရွေးပွဲဇကာတင်ကို ကျော်ဖြတ်ပြီး
နောက်ဆုံး အဆင့်ရောက်သည်အထိ
သုံးလအတောတွင်း အစ်ကိုကြီးသည်
တစ်ချက်မှ မနားခဲ့။ သရုပ်ဆောင်ထရိန်နင် တွေ တက် ၊ အဆိုသင်တန်းလည်း
ပြေးတက် လျက် သီအိုခေါ်သင်သည့်
ပီယာနိုကိုလည်း စတီးခဲ့သည်။ တစ်
သက်လုံး အားကစားပဲ လုပ်ပြီး ကြီး
ပြင်းလာသူသည် ယခုအခါတွင်တော့
အနုပညာရှင်တစ်ယောက်၏ ဘဝတွင်
နေသားကျစ ပြုလာနေပြီဖြစ်သည်။။
လူကလည်း တစ်နေ့တခြား သန့်ထွက်
လာကာ ငယ်ရုပ်ကလေးပင် ပျောက်လုလုဖြစ်လာ၍ မေမေသည်ပင် သူ့သား လျင်လျင်မြန်မြန်ကြီး အရွယ်
ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း လက်ခံ
လိုက်ရသည်။

တစ်ခုပင်။ ရိုစီကိုယ်တိုင်က ပညာရေး
အလေးထားသူမို့ အစ်ကိုဖြစ်သူ ကျောင်း ကို ပစ်ပြီး လုပ်နေသည်များ
အတွက် ပညာရေး ရပ်တန့်မည်ကို စိုး
ရိမ်မိသည်။ သို့ပေမဲ့ မတားရက်။ တားဖို့ရန်လည်း အင်အားမရှိ။ သူတို့အိမ်၏
စီးပွါးရေး အခြေအနေက မေမေတစ်
ယောက်တည်းနှင့် ဘယ်လိုမှ လောက်င
နိုင်မည် မဟုတ်ကြောင်း တဖြည်းဖြည်း
သေချာလာနေခဲ့ပြီမလား။

........

"အတန်းပြီးတာလား"

"အင်း"

အင်း ဆိုသည့် စကားလုံးလေးကိုပင်
ချစ်စရာကောင်းအောင် ခေါင်းတစ်ချက် ညိတ်ကာ ဆိုတတ်သူ။

"ဆိုင်ကယ်စီးလာတာလား။ ချွေးတွေ"

နဖူးပြင်ကျဥ်းကျဥ်းမှာ ခိုတင်နေသော
ချွေးစေးတို့ကို လက်မဖို့ဖြင့် သုတ်ပေး
တော့လည်း "လုပ်ပြီ" ဟူသော အကြည့်
ဖြင့် ပြန်ကြည့်သည်။

"မင်းလက်တွေ ချွေးတွေပေကုန်ပြီပေါ့"

"ဘာမှ မဖြစ်ပါဘူး"

သီအို ဆက်မပြောတော့။ အဆိုသင်တန်းရှိရာ ၄လွှာသို့ ဓာတ်လှေကား
ဖြင့် တက်လာကြသည်။ လူကာ သီ
ချင်းဆို သင်တန်းအတွက် သီအိုပဲ သူ့
ဆရာနှင့် မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ သီအို့မျက်နှာကြောင့်လား
မသိ သင်တန်းကြေးက ကလေးမူကြို
အပ်ခလောက်သာ ကုန်ကျသည်။ လူကာလည်း စုထားသမျှ ပိုက်ဆံတွေကို
သင်တန်းကြေးတွေ အဖြစ် ရင်းနှီးမြှုပ်
နှံထားဖြစ်သည်။  သူ့ကို ဘာတက်ပါ
လား။ ညာသင်လေ ဆိုပြီး သီအို တစ်
ခွန်းမပြောပေမဲ့ သူသင်ချင်သည်ဆို
ပါက ချက်ချင်းဆိုသလို ချိတ်ဆက်
အပ်နှံကာ ယခုကဲ့သို့လည်း သင်တန်း
ချိန် နှင့် သူ့ကျောင်းချိန်လွတ်ပါက အတူတူအဖော်လိုက်ပေးတတ်သည်။
လူကာက

"အဲ့လောက်ထိ မကြင်နာပါနဲ့
ငါ စွဲလမ်းသွားရင် ဘယ်လိုလုပ်မလဲ"
မေးတော့...

မျက်ခုံးတစ်ချက်ပင့် ၊ မေးတစ်ချက်ငေါ့ပြီး...

"မစွဲလမ်းတော့တဲ့အထိ နေကြည့်ကြ
တာပေါ့" ဟု ခပ်အေးအေးပြန်ဖြေဖူး
သည်။
သို့သော် လေသံမှာပင် သေချာမှုလယ်
ဗယ်က မိုးထိမြင့်နေသည်ကိုတော့
လူကာ လည်း သတိထားမိသည်။

အစစအရာရာ ကြင်နာတတ်ပြီး လမ်းပြပေးသော သီအို သူ့အနားရှိနေခြင်းကိုက ဘုရားပေးတဲ့ ဆုအဖြစ် သူတန်ဖိုးထားမိသည်။ ထို့အတွက် ခေါင်းစဥ်မလို။ သူလောဘတက်ရလောက်သည်အထိ သီအိုနှင့် မထိုက်တန်သေးဟု သူ့ကိုယ်သူ သတ်မှတ်ထားသည်။ စည်းကမ်း တင်းကျပ်ထားသည်။ ယခုလို သီအို သူ့အနားရှိနေရင်ပင် ကုံလုံ
ပြည့်စုံနေပြီ။ ကျေနပ်သင့်နေပြီဟု သူ့
ကိုယ်သူ ဆုံးမထားသည်။

သင်တန်းရှေ့ရောက်တော့ သီအိုကပဲ ဦး
ဆောင်ဝင်သည်။ သင်တန်းက စီးပွါးဖြစ် ဖွင့်တာမျိုးလည်း မဟုတ်။ အရင်ခေတ်က နာမည်ရှိခဲ့သည့် တေးရေး
ဆရာကြီးက သူ့ စတိုရီယိုလေးတွင်
သင်ချင်သည့် သူအနည်းငယ်ကို တစ်ပတ် နာရီအလိုက် အချိန်ပေးကာ သင်ပေးခြင်းဖြစ်သည်။ စတိုရီယိုကလည်း လူနေကွန်ဒိုအခန်းမှာပင် တစ်ခန်းသက်သက်ဖွဲ့ထားခြင်းဖြစ်သည်။
ကွန်ဒိုခန်းလေးမှာ လူသုံးပစ္စည်းနည်းနည်း သာရှိပြီး နေရာအနှံ့တွင် ချိတ်
ဆွဲထားသော ပန်းချီများ ၊ ခန်းလုံး
ပြည့်ကပ်ထားသော စင်များတွင် ဓာတ်
ပြားမျိုးစုံ နှင့် တူရိယာ မျိုးစုံတို့ဖြင့်
သာ ပြည့်နေသည် ။ ရွှေရောင်နေ့ရက်
များတွင် လိမ္မာစွာနေထိုင် စုဆောင်းရင်း
ယခုအသက်အရွယ်တွင် ဝါသနာလေး
ဆုပ်ကိုင်ရင်း အေးအေးသက်သာနေနေ
သော ဆရာကြီး၏ ဘဝပုံစံ ကို သူတို့
နှစ်ယောက်လုံး အားကျ သဘောကျ
ကြသည်။

လူကာတို့ရောက်တော့ ဆရာကြီးက
အမြဲလိုလို ပျော်ရွှင်စွာ ဆီးကြိုတတ်
သည်။ ဆရာကြီးက သီအိုငယ်စဥ်တည်းက ဂီတာတီးသင်ပေးခဲ့သူဖြစ်
၍ သီအို့ကို ကလေးတစ်ယောက်လိုမြင်နေဆဲ ချစ်ခင်ကြင်နာဆဲဖြစ်သည်။
လူကာတို့ ရောက်သွားတိုင်းချက်ချင်း
သင်တန်းမစသေးဘဲ နာရီဝက် တစ်နာရီ
လောက် ရှိတဲ့ အအေးတွေ မုန့်တွေချ
ကျွေးပြီး စကားစမြည်ပြောကြသေး၏။ တစ်ကိုယ်တည်း နေရသူအ
တွက် စကားပြောဖော် လိုအပ်နေတာ
မျိုးဖြစ်ကြောင်းကိုလည်း လူကာတို့
နှစ်ယောက်လုံးက နားလည်သည်။

"လူကာ့ အသံက ကလေးသံလေးကျန်
နေသေးပေမဲ့ နောက်ဆို ပိုပိုသြလာမှာ။
key မြင့်တွေလည်း မရတော့ သီချင်း
တော့ တော်တော်ရွေးရမယ်။ မင်းမဆို
နိုင်တာတွေ ဆို  မရှက်နဲ့ မဆိုနိုင်ဘူး
အသံမကိုက်ဘူးဆိုတာ ပြောသိလား
သားလေး"

"ဟုတ်ကဲ့"

"ဒီကောင် တော်တော်တော့ တိုးတက်တယ် သီအို"

ဆရာကြီးက သီအို့ရှေ့ သူ့ကို ချီးကျူး
ထောပနာပြုတော့လည်း ရှက်ရပြန်၏။
အဆိုသင်သည် ဆိုတာမျိုးက သီချင်း
ပဲ လှမ့်ဆိုခိုင်းနေတာမျိုးမဟုတ်။ ကီး
တွေ စည်းချက်တွေ အသက်ခိုးရှူပုံတွေ
အသေးစိတ်က အစ လေ့ကျင့်ရသည်။
စိတ်ရှည်ရသည်။ ရုပ်လေးတစ်ခုဗန်းပြ
ပြီး လောကထဲ ရောက်လာတာမျိုးလည်း လူကာ ကိုယ့်ကိုယ်ကိုယ် အဖြစ်
မခံနိုင်။ တစ်ခုပြီးတစ်ခု သီအို့ လို ပြည့် ဝနေသူဖြစ်အောင်ကြိုးစားအားထုတ်
ချင်သည်။ ထို့အတွက် ပင်ပန်းမည်ဆို
လျှင်ပင် လူကာ ခံနိုင်သည်။ ညီမလေး
ပညာရေး အတွက် ၊ ပင်ပန်းနေမည့်
သီအို့ အတွက် သူ့ကြိုးစားမှုက ဘယ်
တော့မှ လုံလောက်ပါ့မလဲ သူမသိ။ သေချာသည်က သူ သည်အခက်အခဲ
တွေကို လက်လျှော့လိုက်လျှင် သီအို့
ကိုပါ စွန့်လွှတ်လိုက်ရမည်။ ညီမလေးအပေါ်ကိုလည်း တာဝန်ကျေနိုင်မည် မဟုတ်။ ဒါမျိုးက ယခု သူခက်ခဲ ပင်ပန်းနေရသည်ထက်ပိုနာကျင်ရလိမ့်သည်။

"ဘာစားကြမလဲ"

ဆရာကြီးမျက်ကွယ်ပြီး ဓာတ်လှေကား
ထဲရောက်သည်နှင့် သီအိုက တက်ကြွ
စွာ ဆိုသည်။ ညစာအတွက် စိတ်အား
ထက်သန်နေသော သီအို့ကို သူပြောနိုင်သည်က

"မင်းကြိုက်တာ စားလေ" ဟုသာ။

"မူကထ ပဲပေါ့။အဲ မင်း အဆီတွေစားရင် လည်ချောင်းမကောင်းနိုင်ဘူး"

"မင်းစားချင်ရင် သွားရအောင်"

သီအို ခေါင်းခါသည်။

"ဒီအတိုင်း ဆူရှီလောက်ပဲ စားရအောင်
ငါ ဝယ်ကျွေးမယ်"

"စျေးကြီးတယ် သီအို"

"လာပါ။ ငါ ဒီလောက်တော့ ကျွေးနိုင်
ပါတယ်"

သီအို သူ့လက်ကို တင်းတင်းဆုပ်ကိုင်
ကာ ဆွဲခေါ်သည်။  သူတို့နှစ်ယောက်၏
သည် ညနေခင်းတစ်ခုချင်းစီတိုင်းကို
တန်ဖိုးထား မှတ်သားဖြစ်သည်။ သီအို
ပြောနေကျ ရှိသည်။ ဒီအခိုက်အတန့်တွေ ကို ပြန်ရဖို့မလွယ်ဘူးဆိုသည့်စကား။ အမြဲ နှစ်ယောက် အတူရှိနေ
ချိန်တိုင်းကို တန်ဖိုးထားတတ်အောင်
သီအို သင်ကြားပေးခြင်းဖြစ်သည်။
ကင်မရာတွေ မရှိသေးချိန် ဘယ်သို့သော ဇာတ်ညွှန်းတို့မှ မရှိသေးချိန် သူတို့၏ စစ်မှန်မှုတွေကို သေသေချာချာ
သိမ်းထုတ် သိမ်းဆည်းဖြစ်သည်။

အသားလွှာတွေကို ပါးပါးလှီးလျက် တိုက်ရိုက်စားသုံးခြင်းက သူတို့Diet
အတွက်လည်း အနှောင့်အယှက်မဖြစ်။
ဆိုင်က အရမ်းခမ်းနားလွန်းနေသော
ကြောင့် လူကာ့မှာ မျိုမကျ။ ကျွေးမယ်ဆို သူသာ ကျွေးချင်သည်။

"ကောင်းလား"

"အင်း"

သီအို အပြုံးသည် သူ၏ စိတ်ချမ်းသာ
မှုဖြစ်သည်။ အမြဲလိုလို ကျောင်းစာ
တစ်ဖက် ၊ အလုပ်တစ်ဖက် နှင့် လူကာ့
ကိာ ပေးမသိသော ဖိအားတွေကြား
နွမ်းလျလျလေးဖြစ်နေတတ်သူ တစ်ခါ
တလေ တောက်တောက်ပပ ပြုံးတိုင်း
လူကာ့ အတွက် သူ့ဖြစ်တည်ခြင်းကို
ကျေနပ်စေသည်။

"မင်းကို ငါနဲ့ ရှိတိုင်းရယ်နေတာပဲ ဖြစ်စေချင်တာ"

သီအို အသားလွှာကို ညှပ်လျက်စ ရပ်
သွားသည်။

"အဲ့လိုလိုင်းတွေ မပြောနဲ့...အသဲယားတယ်"

"စိတ်ရင်းပါ"

"သိတယ်။ ဒါပေမဲ့..."

သီအို ဆက်မပြောဘဲ အသဲတွေယား
ကြက်သီးတွေထလာဟန်ဖြင့် ကိုယ်ကို
တစ်ချက်တွန့်သည်။

"နောက်များ အဲ့လိုလိုင်းတွေ ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို မင်းပြောနေ
ရင် ငါ နာကျင်ရလိမ့်မယ်"

"ဘာလို့ တခြားသူဖြစ်ရမှာလဲ။ မင်းပဲ
ဖြစ်ရမှာပေါ့"

"နောက်ဆုံး ဖိုင်နယ်မှာ မင်းကို ဘယ် ကား အတွက် ရွေးမလဲ ငါမသိဘူး
လူကာ။ အကယ်၍ ငါတို့ အတွဲမဖြစ်သွားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်"

"ဟမ်"

သီအို ခေါင်းညိတ်သည်။

"သူတို့က တစ်ကားတည်းအတွက် ရွေး
နေတာ မဟုတ်ဘူးတဲ့...ငါ့ကိုလည်း
ဘယ်ကားထဲမှာ ထည့်မလဲမသိသေးဘူး။ အခု မင်းတို့ ရုပ်နဲ့ talentတွေ
ကြည့်ပြီးရင် သူတို့ရိုက်မဲ့ ဇာတ်ညွှန်းတွေပေးပြီး သရုပ်ဆောင်ခိုင်းကြတော့မှာ"

"တဘက်ခါပဲ ဖိုင်နယ်ကို..."

"အစက ငါမပြောမလို့ဘဲ။ မင်းပုံကို
ကြည့်လေ ဒီအတိုင်းလွှတ်လိုက်လို့ မရ
လေဆိုတာ သေချာနေလို့ ပြောပြတာ။မင်း ငါမဟုတ်ရင် ဆိုတဲ့ စိတ်နဲ့ အား
လျှော့လိုက်လို့ မရဘူးနော်။"

လူကာ တူတောင် ဆက်မကိုင်နိုင်တော့
၍ စားပွဲပေါ်ချလိုက်ရသည်။

သီအိုက လူ့ကာ ပခုံးကိုပုတ်လာလျက်
မျက်လုံးချင်းဆုံအောင် ကြည့်သည်။

"လူရွေးပွဲအောင်အောင် အရင်လုပ်
လူကာ။ မင်းဘယ်သူနဲ့ပဲ သရုပ်ဆောင်ရဆောင်ရ နမ်းရမယ်ဆိုရင်တောင်
တောင့်တောင့်ကြီး လုပ်မနေနဲ့ နမ်းချလိုက်။ အဓိကက ပါလာဖို့ပဲ"

"သူတို့က သဘောကျသွားပြီး တွဲပေးလိုက်ရင်ရော်။ မင်း နဲ့ မဟုတ်ရင်ရော်"

"ငါ ကြည့်လိုက်မယ် လူကာ။ မင်းတာဝန်က ပါလာဖို့ပဲ။ လုပ်နိုင်မယ်မလား။ တခြားတစ်ယောက်ကိုချစ်ပေး
ကြည့်လိုက်ပါ"

"ငါ...ငါ မသေချာသေးဘူး"

"ဘာလို့ ခက်နေတာလဲ။ ဒီလိုနဲ့ တကယ်
တွဲမိတော့မယ်..."

သီအို ဆက်မပြော။ သက်ပြင်းချပြီး နွမ်းလျစွာ ခေါင်းငုံ့လျက် ဆူရှီကိုသာ ဖြည်းဖြည်းချင်းဝါးနေသည်။ ချက်ချင်းပြောင်းလဲသွားသော သီအို့ကို ကြည့်ရင်း လူကာ့ရင်ထဲတုန်ယင်နေရပါ၏။ ဒီကလေး မျက်နှာမဲ့ရင်ကို သူဟာ မနေတတ်မထိုင်တတ်ဖြစ်နေခဲ့ပြီ။

ရိုစီပြောသလိုပဲ... သူလုံးဝ သီအိုမှ မဟုတ်ရင် ဆိုတာမျိုး ဖြစ်နေခဲ့ပြီ...

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz