ZingTruyen.Xyz

SIDE-B

အပိုင်း ၅

HsuChiKo365

‌ပေါင်းခံပြီးသား နွားနို့ခဲလေး ရှေ့ အရည်ပျော် မတတ် 

လူကာတို့ ကစားသမားအားလုံး နားနေခန်းသို့ ဝင်လာကြသည်နှင့် စီနီယာများ၏ လက်ခုပ်သံ ၊ ဂုဏ်ပြုသံတို့ ဝေဆာသွားသည်။  ဌာနမှ စီနီယာ  Hazer များသည် လူကာ့ ကိုဖက်ကာ ကျောကို ခပ်နာနာ ရိုက်ခြင်းဖြင့် ဂုဏ်ပြုကြသည်။ အစ်မများကမူ ခွေးဝါလေး တစ်ကောင်ကို ချော့ မြူသလို လူကာ့  ခေါင်းကိုဖွ ကြသည်။ အကုန်လုံးက အောင်မြင်မှု အတွက် ပျော်ရွှင်နေကြချိန်မို့ လူကာ ခြေထောက်ကို ခပ်ဖွဖွ မတ်လျက် ကိုယ်ကိုထိန်းကာ ရပ်နေလိုက်သည်။ သူ့ ခြေချင်းဝတ်သည် အဆစ်ဆစ်နှင့် နာကျင်နေဆဲ ။  နောက်ဆုံး မိနစ်တွေကို အချိန်မဖြုန်းချင်လို့သာ သူ ဘာမှ မဖြစ်သလို နေလိုက်ပေမဲ့ ဒဏ်ရာဟောင်း ပေါ် ဒဏ်ရာ သစ် ပြန်ဆင့်နေခဲ့ပြီ။ 

"အိုး ဖီရိန်း‌လာတယ်"

သူတို့ကျောင်း၏ ကျောင်းမြက်ကလေး စီနီယာ ဖီရိန်းသည် သူ့ပါတနာ ဖီ နဲ့အတူ လှမ်းဝင်လာသည်။ ဖီ့ကို မြင်သည်နှင့် အားလုံးက ပို၍ ပျော်ရွှင်တက်ကြွသွားသည်။ အနုပညာရှင်တို့၏ လူချစ်လူခင်ပေါသည့် ကိစ္စက လူကာ့ လို သာမန်ကောင်လေး အတွက် အမြဲ အံ့သြမင်သက်စေသည်။  ဖီရိန်းနောက်တွင် ပါလာသော ကောင်လေးကို မြင်မြင်ချင်း လူကာ မျက်ခုံးပင့်မိသည်။ ဟိုတစ်ခါ ရိုစီတို့ ကျောင်းရှေ့တွင် သုန်မှုန်နေခဲ့သော ရွှေဇွန်းကိုက်ကလေး။ အနီးကပ် မြင်ရသော မျက်နှာလေးက ပို၍ သေးသွယ်ပြီး အသားအရည်သည်လည်း သန့်စင်ပေါင်းခံပြီးသော နွားနို့ပမာ ဖြူအု နုဖက်နေသည်။ ဒီကောင်လေးနှင့် အတူတူ တွဲသရုပ်ဆောင်နေသူများသည် ထိုကလေးလေးကို ထိရက်မှ ထိရက်ပါ့မလား လူကာ သိချင်မိသည်။ 

ခိုးကြည့်ကာ အကဲခတ်နေပါသည်ဆိုမှ ဖီက ရုတ်တရက် မိတ်ဆက်ပေးသော အခါ ကောင်လေး၏ အရှိန်အဝါတစ်မျိုး ကိန်းဝပ်နေသော အကြည့်သည် လူကာ့ ဆီ မြားတစ်စင်းလို ရောက်လာသည်။ ဝန်ခံပါသည်။ လူကာ စူးခနဲ တစ်ချက်ဖြစ်သွားရသည်။ ဒဏ်ရာရနေသော ခြေချင်းဝတ်မှ မဟုတ်။ ဘယ်ဘက် ရင်အုံနားမှ ခံစားမှုဖြစ်သည်။ လူကာ တစ်သက်နှင့်တစ်ကိုယ် ထိုသို့မခံစားဖူးသဖြင့် နေရခက်စွာ စိတ်မလုံစွာနှင့် မျက်နှာလွှဲမိသည်။ အားလုံးက ပွဲအကြောင်းအသီးသီး ပြောဆိုနေကြချိန်ကို အခွင့်ကောင်းယူကာ

စီနီယာများနောက်သို့ တိုးဝင်ကာ ထိုကောင်လေး ၏ အကြည့်စူးစူးတို့မှ ပုန်းကွယ်ရသည်။ သူ၏ မလုံသည့် စိတ်နှင့် လူကာ ခုံတန်းတွင်သာ ထိုင်ရင်း ချောင်ကပ်နေမိသည်။ 

အကုန်လုံးက ဖီရိန်းဝယ်ကျွေးမည့် ညစာအတွက် စိတ်လှုပ်ရှားနေကြသည်။ လူကာကတော့ နို့ခဲတုံးလေး နှင့် မျက်နှာချင်း ထပ်ဆိုင်မိပါက ဖြစ်လာမည့် အာရုံခံစားမှု ပြင်းရှရှကို ထိတ်လန့်ရင်းမှ လူတော မတိုးနိုင် ။ တစ်ကိုယ်တည်း ဘာကို ရှက်လို့ ရှက်မှန်းမသိ ဖြစ်နေသည်။  အနွေးငွေ့တစ်ခုက လူကာ့ ညာဘက်ခြမ်းတွင် ဖြစ်တည်လာသည်။ ငဲ့မကြည့်မိသေးခင်မှာပင် လူကာ့ မြင်ကွင်းထဲ ဝင်လာသည်က sneakers ဖြူဖြူလေး ပေါ်မှ ထပ်မြင်နေရသော ရှည်သွယ်သွယ်ခြေတံ ။ 

"ခြေထောက်က သက်သာရဲ့လား။ မင်း အဲ့လို ကျိတ်ခံနေရင် နောက်ပွဲတွေဆို ပိုဆိုးလာလိမ့်မယ်"

လူကာ ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေသော ရေတံခွန်ကြီးအောက် ရောက်သွားသလို ခံစားလိုက်ရသည်။ စကားလုံးတွေက နွေးထွေးပေမဲ့ တစ်ပါးသူ၏ စကားသံက အေးစက်စက်။ မျက်ဝန်းတွေ...

သူရင်ဆိုင်လိုက်ရသော မျက်ဝန်းတို့သည်ကား လင်းလင်းလက်လက်နှင့်...ဖြာစင်းနေသော မျက်တောင်ရှည်တို့သည် မျိုးတူမျိုးနွယ်များတွင် ရှားပါးသည်ဟု ဆိုနိုင်သော အလှမျိုး။ တင်းခနဲစေ့သွားသော နှုတ်ခမ်းသေးသေးလေးကြောင့် နို့ခဲလေးလို ဖြူဖွေး အိစက်နေမည့် ပါးလေးနှစ်ဖက်က အနည်းငယ်မို့တက်လာသည်။ 

"ဘာလို့ ဒီလောက်..." 

လူကာ ရှေ့ဆက်ဖော်ညွှန်းပြရန် စကားလုံးတို့ ရှာမရ ။ ဘာလို့ဒီလောက် ချစ်ဖို့ကောင်းနေရလဲ ဆိုတာကလည်း မဟုတ်သေး ။ ရုပ်ရည်လေးက ချစ်ဖို့ကောင်းနေသော်လည်း အသံ နှင့် အကြည့်တို့ကျ အပေါ် စီးဆန်ဆန် အေးစက်စက် ။ ဒီအရွယ်လေးနှင့်တောင် ဒီလောက် ယောကျာ်း ဆန်ဆန်လွှမ်းမိုးနိုင်သော အငွေ့အသက်တွေနှင့် ပြည့်နေရင်...အရွယ်ရောက်ခဲ့သည် ရှိသော်... 

လူကာ အတွေးမဆုံးခင်မှာပင် ကောင်လေးက သူ့ကို ညီငယ်လေး တစ်ယောက်လို ဆိုဆုံးမကာ စိတ်ပူစကားတို့ ဆိုလာခဲ့သည်။ 

"ဘာကို ဘာလို့ဒီလောက်...မင်း ပြောချင်တာ ဒီလောက်လေးနဲ့ ဘာမှ မဖြစ်ဘူး  ဆိုတာမျိုးလား။ ငါ့ကိုယုံ လူကာ။ မင်း ပေနေရင် ပိုခံရလိမ့်မယ်။"

"မ မဟုတ်"

 လူကာ ဘယ်ပြိုင်ပွဲပြိုင်ပြိုင် စိတ်မလှုပ်ရှားခဲ့ပေမဲ့ ...အခု ညီမလေးနှင့် ရွယ်တူကောင်လေး ရှေ့ အထစ်ထစ် အငေါ့ငေါ့ နှင့်...

လူကာ ဖြေရှင်းချက်ကိုတောင် ဖြောင့်အောင် မထုတ်နိုင်ခင်မှာပင် သီအိုသည် သူ့ရှေ့ ရုတ်တရက် ဒူးတစ်ဖက်ထောက်ချကာ သူ့ဖိနပ်ကို ဆွဲချွတ်ပါတော့၏။ အခုမှ တွေ့ဖူးသူ တစ်ယောက်ကို ဘာလို့ ဇိုးဇိုးဆက်ဆက်နှင့် ...

"အဲ ... မ လုပ် ပါနဲ့"

"ဒီမှာ တွေ့လား ။ မင်းခြေချင်းဝတ်က ပန်းသီးကြီးလို ဖြစ်နေပြီ"

သီအို အသံတွင် ‌ဒေါသသံပါနေသည်။ ထို အသံကြောင့်ပင် သူတို့ အစီအစဥ် နှင့် သူ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော စီနီယာတို့၏ အသံများ တိခနဲ ရပ်သွားသည်။ အာပေါင်အာရင်းသန်သန်နှင့် ပြောဆိုနေသော Hazerအစ်ကို သည်ပင် တိတ်သွားကာ လူကာ့ ဘက်သို့ ကြည့်လာသည်။ 

လူကာ ရှင်းပြဖို့ နှုတ်ခမ်းဟရုံရှိသေး ။ သီအိုက ထိုင်နေလျက်မှ ဆက်ခနဲ ထကာ စီနီယာတို့ရှေ့ ရပ်ကာ ကျောင်းအုပ်ကြီးဆူ သလို ဆူပြော ပြောပါလေတော့သည်။

"သူ့ကို တစ်ယောက်မှ မကြည့်ကြတော့ဘူးလား ခင်ဗျ။ သူ ကွင်းထဲမှာ လဲလာတာ အခု သူ့ခြေထောက်ကိုလည်း ကြည့်ကြပါအုံး။ ဒီမှာ ယောင်ကိုင်းနီရဲနေပြီဗျ" 

ထိုအခါမှ အခန်းတွင်းရှိ လူအားလုံး၏ အကြည့်သည် လူကာ့ထံသို့ ဆိုက်ရောက်လာသည်။ ဆေးအကူ အဖွဲ့တွင် ပါသော အစ်မက လူကာ့ ရှေ့ အပြေးရောက်လာပြီး လူကာ့ ခြေထောက်ကို ဖွဖွကိုင်ကာ ခြေချင်းဝတ်ကို ကြည့်သည်။ အားတုံ့အားနာ နှင့် ဘာပြောရမှန်းတောင် လူကာ မသိ။ သူ့ဘဝတွင် လူအများက ယခုလောက်ထိ ဂရုစိုက်ပေးကြတာမျိုး မကြုံခဲ့ ဖူးပါ။ အိမ်မှာတောင် သူကပဲ အားလုံးကို ဂရုစိုက်ပေးခဲ့ရတာမလား။

"ဆေးရုံသွားကြရ‌အောင် လူကာ" 

အစ်မက လူကာ့ ကိုမော့ ကြည့်ကာ ပြောရင်းမှ ကျန် အသင်းသားများနှင့် စီနီယာများကိုပါ ဝိုင်းခေါ် သည်။

မကြာသေးခင်ကမှ ချောင်ကုပ်နေသော လူကာသည် ယခုတော့ လူပေါင်းများစွာ ခြံရံလျက်မှ ဆေးရုံသွားဖို့ ဖြစ်လာခဲ့သည်။ တိုက်စစ်မှူး နှင့် အလယ်တန်း ကစားသမားနှစ်ယောက်က လူကာ့ကို လက်မောင်းမှ မကာ တစ်ယောက်တစ်ဖက် တွဲဖို့လုပ်သည်။ 

"ဟ ဒီအတိုင်း ကားပါကင်ထိဆို သူနာမှာပေ့ါ။ ကုန်းပိုးလိုက်ကြ"

Hazer ခေါင်းဆောင်၏ စကားနောက် လူကာ့ရှေ့ ချခင်းပေးလာသော ကျောပြင်တွေ။

"ဟာ...အဲ့လောက်ထိ...မလို"

"တက်လိုက်"

လူကာ့ကို ကျောမှ တွန်းကာ စီနီယာ အစ်ကိုတစ်ယောက်၏ ကျောပေါ် တွန်းလွှတ်လိုက်သည့် လက်ဖဝါး အေးစက်စက်။ ထိမိသည့် ကျော က ကျဥ် ခနဲ။ တွန်းလိုက်သူကတော့ ခပ်တည်တည် ခပ်စွေစွေ ကြည့်ပြီး 

ရှေ့မှ ထွက်သွားသည်။ သူသယ်သွားသည်က လူကာ့ ကျောပိုးအိတ်နှင့် ဘောလုံး ဖိနပ်။ လူကာ အံ့သြ လွန်း၍ ဘာမှ မပြောနိုင် ဖြစ်နေသည်ကို ဖီရိန်းက ဘယ်လို သိသည်မသိ။ စီနီယာ့ ကျောပေါ် တွင် ကုန်းပိုးလိုက်ပါနေသော လူကာ့ ကျောကို ပုတ်ပြီး...

"ဒီနေ့မှ သီအို အစစ်ကို ပြန်မြင်ရတာ" ဟု ခပ်တိုးတိုးပြောသည်။ 

ဖီနိုင်းကလည်း တစ်ချိန်ကုန် ငြိမ်နေရင်းမှ...

"အဲ့ပုံစံလေး ပျောက်သွားပြီထင်ပြီး စိတ်မကောင်းဖြစ်နေတာ။ တော်သေးတာပေ့ါ" 

ဟု ဝင်ပြောသည်။ 

နာမည်ကြီးနှစ်ယောက်၏ စကားတွေ နှင့် သူတို့နှစ်ယောက်၏ သူတို့ဘာသာ အပြန်အလှန်အကြည့်တွေကို လိုက်ကြည့်ရင်း လူကာ မူးနောက်နောက် ဖြစ်လာသည်။ 

"ဖီတို့ ကားနဲ့ပဲ ခေါ်သွားလိုက်မယ်။ ကျန်တဲ့သူတွေက နေခဲ့ကြပါ"

ကားပါကင်ဆီရောက်တော့ ဖီရိန်းက သူ့ ကား တံခါးကို ဖွင့်ပြီး အားလုံးကို တစ်ချက်ဝေ့ကြည့် ရင်းမှ ပြောသည်။ အမိန့်မဟုတ်သော်လည်း ဘယ်သူမှ စောဒက မတက်။ 

"ကျွန်တော့် ဘာသာပဲ သွားလိုက်လို့ရပါတယ်။ ကျွန်တော့် အခန်းဖော် ကို ခေါ်လိုက်..."

အားလုံးက ဂရုစိုက်ကြသည်ကို မနေတတ် မထိုင်တတ်ဖြစ်လျက် အယောင်ယောင်အမှားမှားနှင့် ဖုန်းကိုထုတ်နေသော အူကြောင်ကြောင်ကို သီအို စိတ်မရှည်တော့။ လက်ထဲက ဖုန်းကို ဖျက်ခနဲ ဆွဲလုတော့ မျက်လုံးတွေ ဝိုင်းစက် ၊ နှုတ်ခမ်း ထူထူ နှစ်ခုလုံး ဝလုံး ပုံစံ စူထော်လာပြီး အံ့သြနေပုံကိုက အနိုင်ကြည့်ချင်စရာ။ 

"ကျွန်တော်တို့ လိုက်ပို့မယ်လို့ ပြောနေတယ်လေ။ အခု ကားပေါ် တက်လိုက်"

"ဟုတ်"

စီနီယာတွဲထားသည့် ကြားမှ ထော့နဲ့ နဲ့ ကားထဲ ဝင်ရန်ကြိုးစားတော့ လည်း သူ့အရပ်ကြီးနှင့် ကားတံခါး တိုက်မိမှာစိုး၍ လက်ခံထားပေးမိပြန်သည်။

ဒီသက်ရှိကြီးကြီးကတော့ ငါကျွေးမွေး စောင့်ရှောက်မှ ပဲ ဆိုသည့်ထူးထူးဆန်းဆန်း စိတ်ကလည်း ရုတ်တရက်ဝင်လာသည်။ ကားနောက်ခန်းတွင် သူဝင်ပြီးသည်နှင့် ကျောပိုးအိတ်နှင့် ဖိနပ်ကိုပါ ပစ်ထည့်ရင်း အတူတူ လိုက်မလို လုပ်နေသော စီနီယာအစ်ကို ရှေ့ ပိတ်ပြီး သီအို နောက်ခန်းထဲတွင် ဝင်ထိုင်လိုက်သည်။

ရှေ့ခန်းတွင် နေရာ ယူပြီးနေပြီဖြစ်သော ဖီရိန်းနှင့် ဖီနိုင်းက သီအို့ကို နားမလည်သလို ပြန်ကြည့်သည်။ ကား သီအို ဝင်ပြီးသည်နှင့် တံခါးကို တစ်ခါတည်း ပိတ်လိုက်သဖြင့် လိုက်မည်တကဲကဲ လုပ်နေသော စီနီယာကလည်း ကားအပြင်ဘက်ကနေ ကြောင်တောင်တောင် လာကြည့်သည်။

"တီတီက လိုက်မလို့လား"

ဖီရိန်းအမေး။ ဘာကြောင့်မေးလဲ သိသည်ကို ဖီနိုင်းကပါ ထပ်မေးလာသည်။

"တီ ဒီနေ့ ညနေ ဝပ်ရှော့ ရှိတယ်မလား။ ဒီနေ့ ပြောမှာ မဟုတ်ဘူးလား"

"သွားစရာမလိုတော့ဘူး"

"အိုကေလေ"

ဖီရိန်း တုံ့ပြန်မှုက တိုတို တုပ်တုပ်။ ကားဘေးနားရပ်နေဆဲဖြစ်သော စီနီယာအစ်ကို ကို လည်း ဖီရိန်းပဲ ပထုတ်လိုက်သည်။ လူကာကတော့ အားနာဟန် အပြည့်နှင့် စီနီယာကို လက်အုပ်တချီချီနှင့် နှုတ်ဆက်သည်။ ကားထွက်သည် အထိ လက်အုပ်ချီလျက် စီနီယာကို လှည့်ကြည့်လှည့်ကြည့်နှင့် ပါလာပုံက ခြောက်လသား Golden Retriever အန်နာဂျီ နှင့်။

ကားထဲ ငြိမ်ကုပ်ပြီးပါလာသည်။ သီအို နှင့် ထိမိမည်ကိုပင် ကြောက်နေဟန်ဖြင့် ပြတင်းပေါက်တွင် ကပ်နေသည်။ ဖီရိန်း နှင့် ဖီနိုင်းက နောက်ကြည့်မှန်က တစ်ဆင့် ကြည့်ပြီး ခပ်ကျိတ်ကျိတ်ရယ်သည်။ သီအို ငဲ့ကြည့်တော့ ချက်ချင်းဆိုသလို ခေါင်းငုံ့ကာ အကြည့်ရှောင်ပြန်သည်။ 

သူ့ပုံစံကို ကြည့်နေရင်းမှ သီအို ရယ်လည်း ရယ်ချင်သည်။ သို့ပေမဲ့ ခံစားမှုမရှိသည့် မျက်နှာသေ နှင့် ပင် နေနေလိုက်သည်။ ကားထဲ လူလေးယောက်ပါပေမဲ့ ထူးဆန်းစွာပင် ဘယ်သူမှ စကားမစကြ။ မီးပွိုင့် တွေ ဖြတ်နေရင်း လမ်းပိတ်နေတော့မှ...ဖီရိန်းနှင့် ဖီနိုင်းက အကြီးပီပီ စကား လမ်းကြောင်း ပျိုးပေးကြရှာသည်။ သူတို့မှ စကား မပြောရင်လည်း နောက်ခန်းတွင် လူကာ တစ်ယောက် ချောင်ကပ်ကာ မလှုပ်မယှက်နှင့် အကြောသေသွားနိုင်သည်မလား။

"တီတီ ဇွတ်ခေါ် လို့သာ လူကာ့ ကို ထုတ်လာကြတာ။ နည်းပြတောင် မသိလိုက်ဘူးထင်တယ်။"

"စောနကလည်း နည်းပြကို မတွေ့ဘူးနော်" 

"ဟုတ် ဟုတ်တယ် ဖီ။ ကျွန်တော်တို့ ဂရုထဲတော့ ကျန်ခဲ့တဲ့ အစ်ကိုတွေ အစ်မတွေ ပြောလိုက်ကြတယ်။"

"တကယ်တော့ ဒါ တို့တွေ ဘောင်ကျော် လိုက်တာ။ ကွင်းထဲ ထိသွားတဲ့ ကစားသမားကို နည်းပြ ပဲ တာဝန်ယူပေးသင့်တာကို အတင်းခေါ် ထုတ်လိုက်တာ။ တီတီ မင်းရှင်းရမယ်နော် "

ဖီရိန်းက သီအို့ ခေါင်းပေါ် ပြဿနာ ပစ်တင်တော့သည်။  ထိုအခါ ပျာပျာသလဲ ဝင်ရှင်းသူက လူကာ ဖြစ်နေ၍ သီအို တကယ်ပျော် မိသည်ဆိုတာကို ဝန်ခံရမည်။

"ညီလေး နဲ့ ဘာမှ မဆိုင်ပါ ဘူး။ ကျွန်တော် ပဲ နည်းပြကို ပြောလိုက်ပါ့ မယ်။ အခုလည်း  အသင်းမန်နေဂျာ အစ်ကိုနဲ့ အစ်မ နောက်က လိုက်လာကြတယ်။"

"လာလေ...ဘယ်သူလာလာ ကွင်းထဲ လဲခဲ့တဲ့သူကို တစ်ခွန်းမမေးဘဲ ပါတီလုပ်ဖို့ ပြင်နေတဲ့ သူ တစ်ယောက်မကျန် ကျွန်တ်ော နဲ့ လိုက်ရှင်းရမယ်။"

သီအို ၏ လူမိုက်ဆန်ဆန်  စကားဆုံးတော့ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးဝိုင်းများနှင့် ပြန်ကြည့်လာသည်။ လူကောင်ထွားထွား ၊ ဖြူဖြူစင်စင် နှင့် အရာရာကို အံ့သြနေသော သူသည် ရိုစီနှင့် သွေးတော် သားစပ်သည်မှ ဟုတ်ပါရဲ့လား ဟု သီအိုတွေးမိသည်။ 

ဆေးရုံရောက်ချိန်တွင်တော့ အသင်းမန်နေဂျာ အစ်ကိုနှင့် အစ်မကပဲ အကုန်လိုက်စီစဥ်ပေးကြသည်။

"နောက်ပွဲတွေတော့ နားသင့်တယ်။ ပရိုလောက်ထိတော့ မမှန်းထားဘူးမလား"

လူကာ ခေါင်းခါပြလိုက်သည်။ ဘောလုံးကန်ရသည်ကို ကြိုက်သော်လည်း ကလပ်တွေ နိုင်ငံ လက်ရွေးစင်တွေ အထိတော့ လူကာ မရည်မှန်း။ အဲ့လောက်ထိလည်း လူကာ မတော်။ မန်နေဂျာ နှစ်ယောက်နှင့် နည်းပြ ကတော့ ခေါင်းခဲ သွားကြပြီ။ 

"လူကာ့ ကို ကျွန်တ်ောတို့ပဲ လိုက်ပို့လိုက်ပ့ါမယ်။ ဖီတို့လည်း အလုပ်များတဲ့ ကြားက ကူညီပေးတာ ကျေးဇူးတင်ပါတယ်။"

"ကျေးဇူးတင်ပါတယ် ဖီ"

မန်နေဂျာ နှစ်ယောက်နှင့် အတူ သူပါ လက်အုပ်ချီကာ အစ်ကို နှစ်ယောက်ကို  ကျေးဇူးတင်စကားဆိုသည်။ 

သူ့ကို မျက်စောင်းနှင့် ကြည့်နေသော သီအိုနှင့် မျက်လုံးချင်းဆုံတော့ အလိုလို ခေါင်းငုံ့သွားပြန်သည်။

"Line QR ပေး"

"ဟမ်"

သီအို ထပ်မပြောချင် တော့ ။ အိတ်ထဲမှ သူ့ဖုန်းကို ထုတ်လိုက်သည်။ ဘာမှ မခံထားသော ဖုန်းက အလိုလို ပွင့်လာသည်။ Line ထဲတွင်လည်း ထွေထွေထူးထူး ဘယ်သူမှ ရှိမနေ။ ညီမလေး ရိုစီ ဆိုသော contact ကတော့ ထိပ်ဆုံးမှာ။ ညီမကိုတော့ တော်တော် သဲသဲလှုပ်ပုံရသည်။ ထို့နောက် အမေ နှင့် ကျောင်း ဂရုချက်တစ်ချို့ ။ 

"ရော့ ကျွန်တော့် စကားပြောရင်  ပြန်ပြောနော် "

"ဟုတ်"

ဘာပြောပြော ထိုတစ်လုံးနှင့် ပြီးနေသူ။ သီအို ခေါင်းခါရင်းသက်ပြင်းချမိသည်။ 

"သွားကြတော့မလား"

အခြေအနေကို အကဲခတ်နေသော ဖီနိုင်းက  ဆော်သြသည်။ ဖီရိန်းကတော့ ချက်ချင်း မသွားသေးဘဲ  လူကာ့ကို လိပ်စာကဒ်ထုတ်ပေးသည်။ 

"လူကာ...ဖြောဖြေရေး‌လောကကိုစိတ်ဝင်စားရင်...ဒီကို ဆက်သွယ်လို့ရတယ်"

လေးစားရ‌သော စီနီယာပေးသည်မို့ လူကာ မငြင်းဖြစ်။ လက်နှစ်ဖက်နဲ့ပဲ ရိုရိုသေသေယူလိုက်သည်။ ထို့နောက်တွင်တော့ တစ်ယောက်တစ်မျိုးစီ ချောမောလျက် သာမန်လူများကြား သိသိသာသာ ထင်းထွက်နေသော သုံးယောက်သည် အားလုံးကို ကျော့ကျော့ မော့မော့ နှင့် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ 

......................................................

လာသွားသော သုံးယောက်အရှိန်ကြောင့်လား ။ သွင်းခဲ့သော အနိုင်ဂိုးကြောင့်လားတော့ မသိ လူကာ့ ကို အိမ်ထိ လိုက်ပို့သည်။ တု ကတော့ စိတ်ပူနေပေမဲ့ ဘာပဲပြောပြော အိမ်ပဲ ပြန်လိုက်သည်မှာ ပိုကောင်းသည်။ 

လူကာ ဧည့်ခန်းနားထိသာ လိုက်ပို့ခိုင်းလိုက်သည်။ ဧည့်ခန်းဟု ဆိုသော် လည်း ခမ်းခမ်းနားနား မဟုတ်။ သာမာန် တစ်ထပ်အိမ်လေးသာ။ လူကာတို့ အိမ်က ဟိုး အရင် ဘိုးဘွားလက်ထက်တည်းက ရှိနေခဲ့သော ကျောက်ဖရားမြစ်မေးတင်ထားသော အိမ်ကလေး။ အိမ်ကို ရောက်ဖို့က ဘက်စ် တစ်ဆင့် ။ ဖယ်ရီဘုတ်တစ်ဆင့် စီးရသော ရပ်ကွက်လေး။ လူကာတို့ အရွယ်ရောက်လာမှ ရပ်ကွက်က ပိုသန့်လာပြီး မြစ်ကမ်းဘေး လက်ရန်းတွေ တပ် ၊ ပန်းလေးတွေ စိုက်ရင်းမှ နေချင့်စဖွယ်လေး ဖြစ်လာသည့် သာမန် လူလတ်တန်းစားတို့၏ ရပ်ကွက်ငယ်လေးသာ။ လူကာ‌က တက္ကသိုလ် စတက်တည်းက အဆောင်ခန်းနေပေမဲ့ ရိုစီ ကတော့ ယခုထိ အိမ်မှာ နေဆဲ။ ရိုစီလည်း တက္ကသိုလ်တက်ရင် အဆောင်ပြောင်းနေမှ အဆင်ပြေလိမ့်မည်။ သည်လိုဆို အမေက အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရလိမ့်မည်။ လူကာ့ စိတ်ကူးက ဘန်ကောက် မြို့လယ်တွင် အိပ်ခန်း 3 ခန်းပါ ကွန်ဒို မှာ အမေရယ်။ ညီမလေးရယ်နှင့် နေချင်သည်။  ညီမလေးတက်မည့် ချူလာ နှင့်လည်း နီးပြီး လူကာ တက်နေသည့် ဘန်ကောက်တက္ကသိုလ် သို့လည်း သွားလာလွယ်သည့် နေရာ။ အမေ့ ကားလေးကိုလည်း အသစ်လဲ ပေးချင်သည်။ သို့ပေမဲ့ ထိုသည်များက အလှမ်းဝေးသော အိပ်မက်များသာ။ ဒီလိုပညာတတ်ဦးရေ တိုးပွါးလာသည့်ခေတ်မှာ အပြိုင် အဆိုင် ဝင်တိုးရမည့် နေရာကတော့ နည်းနေ‌သေးသည်။ သူများတွေလို ပြည်ပထွက် ကျောင်းတက်ဖို့ကလည်း လူကာက ညီမလေးလောက် ပညာရေးမှာ မထူးချွန် ။ သာမန်အစိုးရကျောင်းမှ အထက်တန်းပြီးလာသည့် ကလေးမို့ အင်္ဂလိပ်စာဆိုတာ နှစ်ချီပြန်ဖြည့်ရမည့် စကေးတစ်ခု ဖြစ်နေသည်။ 

လူကာ ဘယ်သူမှ ပြန်မရောက်သေးသော အိမ်ထဲ ထိုင်ရင်း တွေ‌ငေးနေသည်။ အခုလို ခြေချင်းဝတ်လေး ထိရုံ ။ သူ့ ပညာရေး အသက်မွေးဝမ်းကျောင်း ဘာမှ ထိခိုက်သွားသည့် အခြေအနေလည်း မဟုတ်ပေမဲ့... 

လူကာသာ အမေနှင့် ညီမလေးအတွက် ဘာမှ ဖြစ်ထွန်းအောင် မပံ့ပိုးနိုင်ခင် တစ်ခုခု ဖြစ်သွားပါက...

လူကာ ဘောင်းဘီအိတ်ထဲ ထိုးကျိတ်ထည့်ထားသော လိပ်စာကဒ်ကို ထုတ်ကြည့်မိသည်။ ဖီရိန်းတို့ အန်တာတိမ်းမန့်၏ လိုဂို က လိပ်စာကဒ်မှာ အထင်းသား ။ HR ဌာန၏ မန်နေဂျာ တစ်ဖြစ်လဲ ဖီရိန်း၏ မန်နေဂျာ အစ်မ ၏ ကဒ်ဖြစ်နေသည်။ သူတို့ ဌာနက လူတွေက ကျောင်‌းတွေမှာ ရုပ်ရည်ပြေပြစ်သည့် လူငယ်လေးတွေကို လိုက်ရှာပြီး အပြိုင်အဆိုင် ခေါ်တတ်ကြသည်။ လူကာ ပထမနှစ်စတက်စဥ်ကလည်း တခြား နာမည်ကြီး ကုမ္ပဏီတစ်ခုက လာပေးတာမျိုး ကြုံဖူးသည်။ ထိုအချိန်ကတော့ တုလည်း ဘေးနားမှာ ရှိနေတော့ တုက ကိုယ်စား ယူထားလိုက်ပေမဲ့ လူကာ က ရှက်လွန်း၍ ခေါင်းပင်မဖော်နိုင် ဖြစ်နေခဲ့သည်။ ထိုသတင်းကိုလည်း Hazer team က အစ်ကိုတွေ သိသွားပြီး ဌာနမှာ မပြန့်အောင် လူကာပဲ တစ်ဝိုင်းတိုက်ကာ နှုတ်ပိတ်ခဲ့ရသေးသည်။ 

ယခုလည်း လူကာ တွေနေစဥ်မှာပင် အိမ်၏ သံပန်းတံခါး ခပ်ကြမ်းကြမ်းဆွဲသံ ထွက်လာသည်။ 

"ရိုစီ ဘာဖြစ်လာတာလဲ" 

ရိုစီသည် ကျဆင်းလာသော မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ဖယ်လျက် အခန်းထဲသို့ တန်းဝင်သွားသည်။ လူကာ ပျာသွားက ဆိုဖာမှ ထရပ်စဥ် အမေလည်း နောက်မှ ဝင်လာသည်။ 

"ညီမလေး ဘာဖြစ်လာတာလဲ...မေမေ"

အမေသည် သက်ပြင်းချကာ ဆိုဖာပေါ် ထိုင်သည်။ ချက်ချင်းဆိုသလို လူကာ့ ခြေထောက်ကို မြင်သွားတော့၏။

"လူကာ  ခြေထောက်က ဘာဖြစ်တာလဲ။ ပွဲမှာ ထိလာတာလား"

"နည်းနည်းပါ။ ညီမလေး ငိုလာတာ ဘာဖြစ်တာလဲ"

လူကာ ဂရုမစိုက်ရန် လက်ကာပြလျက် စိုးရိမ်စိတ်နှင့်ပင် အမေ့ကို အတင်းမေးဖြစ်သည်။ အမေက လေပူတစ်ချက်မှုတ်ထုတ်ပြီး စာရွက်တစ်ရွက်ကိုထုတ်ပြလာသည်။

"အင်္ဂလန်မှာ နွေရာသီအင်္ဂလိပ်စာ ပရိုဂရမ်တဲ့။ သင်တန်းကြေးကတော့ စကော်လာရတယ်။"

"အဲ့ဒါကို ညီမလေးက ဘာလို့ငို"

"သင်တန်းကြေးပဲ စကော်လာ ရတာလေ။ လေယာဥ် လက်မှတ် သွားပြန်။ သူနေ့မဲ့ ခြောက်လစာ ကုန်ကျစရိတ်။ ဘတ် 2 သိန်းလောက်က အသာလေး ပဲ လူကာ"

အမေ့ အသံ နောက်ဆုံးတွင် တိုးတိမ်သွားသည်။ အမေ လူကာ့ကို ငဲ့ကြည့်သည်။ လူကာ မျက်နှာပူစွာပဲ မျက်နှာလွှဲလိုက်ရသည်။

"စစချင်းတော့ အမေလည်း သူ့အတွက် ဝမ်းသာပါသေးတယ်...ဒါပေမဲ့ ဒီက သင်တန်းတက်ချင်ရင်တော့ အမေလည်း ထားပေးနိုင်တာပဲ။ ထားလည်းထားပေးခဲ့တာပဲ။ သား မရခဲ့တာတွေတောင် သူရခဲ့တာလေ။ ဘတ် နှစ်သိန်းဆိုတာ နောက်နှစ် သားကျောင်းစရိတ်လေ" 

"သွားချင်ရင် ပို့ပေးလိုက်ပါ။ ကျွန်တော့် ဘာသာ ကျောင်းပိတ်ရင်..."

"ကျောင်းက ဘယ်လောက်ပိတ်ပြီး သားက ဘာအလုပ်တွေလုပ်မှာမို့ နှစ်သိန်းက ရမှာလဲ လူကာ။ မင်း သူ့အတွက် ငဲ့ပေးနေတာတွေ အခုဆိုရင်တောင် လုံလောက်နေပြီ"

"တိုးတိုး"

အမေ့လက်ကို ဖျစ်ညှစ်ပြီး လူကာ နှစ်သိမ့်လိုက်တော့ အမေက သက်ပြင်းဖွဖွချသည်။ ထို့နောက် 

"ခြေထောက်ကြီးက ဖောင်းကားနေတာပဲ သားရယ်...အဲ့ ဘောလုံးလည်း ကန်မနေနဲ့တော့"

"မကန်တော့ဘူး ။ နောက်နှစ် စစ်တုရင်ပဲ ကစားတော့ မယ်။ နိုင်ရင် ဆုကြေးလည်း ရမှာမို့ ညီမလေးကို ပို့လိုက် "

လူကာ စကားမဆုံးသေး အမေသည် လူကာ့ လက်ကို ဆောင့်ချကာ အိပ်ခန်းထဲ တန်းဝင်ပြန်သည်။ အိမ်က ညီမလေး နှစ်ယောက် စိတ်ကောက်လျှင် ကြားညပ်ရသည်က လူကာ သာ။

"ညီမလေး....ကိုကြီးဝင်လာလို့ရလား"

အသံမပေးသည်ကိုက ဝင်မလာနှင့် ဟု မတားခြင်းဖြစ်သည်။ ခုတင်ပေါ် တွင် ခွေခွေလေးလှဲကာ ငိုနေသော ညီမလေး ကို မြင်ရသည်မှာ လူကာ့ ရင်ထဲ ကို မီးကျဥ် ကြီးနှင့် ထိုးနေသလို ပူလောင်လှသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေလည်း တစ်ကိုယ်လည်း ပြန့်နှံ့လျက်...

"ကိုကြီးစုထားတာ 5သောင်းလောက် ရှိတယ်။ နောက် 5သောင်းလောက်ကို အန်တီမူး ဆီက ချေးပေးမယ်။ ကျောင်းပိတ်ချိန် တစ်ညလုံး အလုပ်ဆင်းလိုက်ရင် ကျေသွားမှာ... တစ်သိန်းလောက်ဆို အရင်သွားထားလို့ရတယ်မလား။ သွားပြီး တစ်လ ၊ နှစ်လလောက် နေရင် ကိုကြီး ထပ်ပို့ပေးမယ်လေ..."

"ဒီခြေထောက်ကြီး နဲ့ အကင်ဆိုင်မှာ တစ်ညလုံး ကင်ရင် ကိုကြီး ပိုဆိုးမှာပေ့ါ..."

ညီမလေး ထထိုင်ပြီး သူ့ခြေထောက်ကို လက်ညှိုးထိုးပြသည်။ လူကာ ပါ ငိုချင်လာသည်။သို့သော် မျက်ရည်မကျမိအောင် ထိန်းရင်း ညီမလေး  ဆံပင်ပျော့ ပျော့ လေးတွေကိုသာ ဖွဖွလေး ပွတ်သပ်ပေးနေမိသည်။

"အဖေသာ ရှိရင် အခုလောက် ကျပ်တည်း မှာ မဟုတ်ဘူးနော်..."

လူကာ ပြန်ပြောနိုင်ဖို့ စကားလုံးတွေ စီလည်း ခေါင်းထဲမှာတောင် အစီအစဥ် ကျမနေ ။ သည် အချိန်မှာ ညီမလေး အတွက် လူကာ အကောင်းဆုံးလုပ်ပေးနိုင်သည်က သူ ရင်ဖွင့်သမျှ ငြိမ်ငြိမ်လေး နားထောင်ပေးရုံပင်။

"မေမေ ပြောတာလည်း ညီမလေး သဘောပေါက်ပါတယ်။ ကိုကြီး ကျောင်းလခ အရံသင့် ချန်ထားရမှာလေ။ ဒါပေမဲ့ တချို့တွေ စကော်လာ မပါဘဲနဲ့ တောင် သင်တန်းကြေးတွေ သိန်းချီပေးပြီး နွေရာသီတိုင်း သွားတက်နေချိန် ညီမလေးမှာ ခက်ခက်ခဲခဲ ကြိုးစားပြီး စကော်လာ ရတာတောင် မသွားနိုင်တာ။ ကိုကြီး သိလား ။ အခု သီအိုဆို ချူလာမှာ မတက်ချင်တော့လို့ အင်္ဂလန်မှာ ဆေးကျောင်းသွားတက်မှာတဲ့... သူနဲ့ ညီမလေးဆို အလယ်တန်းလောက်က ဘယ်လောက်မှ မကွာဘူး ။ အခုကျ အရမ်း အလှမ်းကွာနေသလိုပဲ။ ညီမလေးလည်း ကြိုးစားတာပဲ...ဒါပေမဲ့...ရှေ့သွားချင်တိုင်း နောက်ပြန်လှည့်ကြည့်နေရတဲ့ ဘဝက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ သီအို တို့လို ဘာလုပ်လုပ် ရနေတဲ့ ဘဝကို ဘယ်တော့မှ ရမှာလဲ"

"အင်္ဂလန်မှာ ဆေးကျောင်းသွားတက်မှာ..."

လူကာ့ အသံ တိုးတိမ်ဝင်နေသည်။ 

"သူတို့ အသိုင်းအဝိုင်းထဲကတော့ ကြားတာပါပဲ... သူ့မိဘတွေက အရမ်း ချုပ်ချယ်ပြီး Controlလုပ်ကြလွန်းလို့ သူက နိုင်ငံခြားထွက်ချင်နေတာ။ အလယ်တန်းတုန်းတည်းက သူက နွေဆို EU ဘက်မှာ Science camp တွေ သွားနေကျလေ..."

ညီမလေး အသံလေးလည်း တိုးတိမ်နေသည်။ အားကျစိတ်တစ်ဝက် ၊  ကိုယ့်ကိုယ်ကိုယ် အားမလို အားမရစိတ်တွေ တစ်ဝက်နှင့် ဖြစ်နေသော ညီမလေးကို ကြည့်ရင်း လူကာ့ အပြစ်တွေ ၊ သူ့လိုအပ်ချက်တွေ ။ သူက သားကြီး ဖြစ်ပြီး ညီမလေး၏ ရှေ့ကနေ ကာကွယ်ပေးပြီး လမ်းရှင်းပေးရမည့် အစား ကန့်လန့် ကန့်လန့်နှင့် လမ်းပိတ်နေသည့် သူလိုပင်။

"ကိုကြီး ကို စိတ်မပူပါနဲ့... ကိုကြီး အလုပ်အချိန်ပိုတွေ လုပ်လိုက်ရင် ဒီ သုံးလေး လ အတွင်း ညီမလေးကို ထပ်ပို့ပေးနိုင်မှာပါ"

"ဟင့်အင်း... မေမေ ပြောတာလည်း မှန်တယ် ။ ကိုကြီး ရပိုင်ခွင့် တွေကို ထပ်မလိုချင်တော့ဘူး။ ရိုစီ အင်တာနေရှင်နယ် ကျောင်းတက်လိုက်လို့ ကိုကြီး နောက်ဆုံးနှစ်မှာ သင်တန်းတွေ သေချာ မတက်နိုင်လိုက်တာလေ.... မဟုတ်ရင် အခုဆို ကိုကြီးလည်း ကိုကြီး တက်ချင်တဲ့ ချူလာ မှာ ရနေမှာ...ရိုစီ့ကြောင့်..."

"မဟုတ်တာကွာ... သင်တန်းတက်လည်း ကိုကြီးက ညီမလေးလောက်မှ စာမလုပ်နိုင်တာ ။ မရပါဘူး။ အခုလည်း အဆင်ပြေနေတာပဲ။ အဲ့လို တွေ လျှောက်မတွေးရဘူး။"

"ရတယ် သွားနားတော့... ခြေထောက်ကြီးလည်း ယောင်ကိုင်းနေတာ ။ ဘောလုံးလည်း ကန်ခဲ့ရတာမလား။"

"ရပါတယ်။ ညီမလေး ဘာစားချင်လဲ ။ မှာရအောင် တစ်ခုခု"

"သွားနားပါဆို...တစ်ယောက်တည်း နေချင်လို့..."

ညီမလေးက အတင်း တွန်းလွှတ်သည်။ သည်လိုဆိုတော့ လည်း လူကာ အလိုက်သိ‌ရမည်။ 

သူ တိတ်ဆိတ်နေသော ဧည့်ခန်းထဲ ပြန်ရောက်လာသည်။ အမေ နှင့် ညီမ‌လေး ရှိနေသော အခန်းကို တစ်လှည့်စီ ကြည့်ရင်း ဆိုဖာအောက်ကျနေသော လိပ်စာကဒ်ကို ကောက်ယူမိသည်။ 

လူကာ Line အကောင့်ထဲ ရှာကြည့်သည်။ တွေ့သည်။  သူလို လူတော မတိုးသည့် သူက ဒီလိုမျိုး အလုပ်တွေကို လုပ်နိုင်မှာတဲ့လား။ အားကစား ကလွဲပြီး အနုပညာနှင့် ပတ်သတ်ရင် သီချင်းတစ်ပုဒ်တောင် ပြီးဆုံးအောင် မဆိုဖူးတဲ့ သူက...

"တု အနုပညာရှင်တွေ က တစ်လဝင်ငွေ ဘယ်လောက်ရှိကြလဲ"

"ဘာတုန်း ရုတ်တရက်ကြီး။ ဘာလဲ  scout ခံရပြန်ပြီလား။ ဘယ်ကလဲ"

"ဖီရိန်း ကိုယ်တိုင် ပေးသွားတာ။ သူ့မန်နေဂျာ ရဲ့ Account"

တု သည် စိတ်လှုပ်ရှားစွာနှင့် မျက်လုံးပြူး မျက်ဆံပျာ ဖြစ်နေသော စတစ်ကာ များ ဆက်တိုက်ပို့ပြီးသည့်နောက်...

"လူကာ ဒီတစ်ခါ တကယ် ပစ်ဝင်လိုက်တော့ကွာ"

"ငါမေးတာ ဖြေအုံး။ သူတို့ တစ်လဘယ်လောက် ရကြလဲ"

"ပုံမှန်လစာကတော့ မရှိဘူးဆို ဘတ် တစ်သိန်းတော့ အသာလေးပဲကွ။ ကြားထဲ ပွဲတွေ တက်ရရင်... တခြား ဖန်မီတင်ဘာညာ ဆိုရင် သေချာ တယ် ။ ပုံမှန် မင်းသားဆို မရှိဘူးဆိုရင်တောင် ဘတ် သုံးသိန်းက အောက်ထစ်ပဲ"

"ဘတ်သုံးသိန်း"

"အေးလေ။ သူတို့ တစ်ခါ စျေးဝယ်ထွက်ရင်တောင် အဲ့လောက် က အသာလေး သုံးကြတာ။ သူတို့ ဝတ်ရင် ဘရန်းတွေချည်းလေ။"

"မအောင်မြင်ရင်ရော်"

"တစ်ကားရိုက်ပြီး မအောင်မြင်ရင်တောင် စာချုပ်ရှိသ၍တော့ မင်း ဟိုဟိုဒီဒီ နည်းနည်းပါးပါး ပါပြီး... တိတ်တိတ်လေး ပြန်ပျောက်သွားရင်လည်း ဖြစ်တာပဲ။ ဒါပေမဲ့ အများစုကတော့ သူ ဖန်နဲ့သူတော့ ရှိကြတယ်။ လုပ်လိုက်တော့ လူကာ"

"ငါ အိပ်တော့ မယ်။ တာတာ့"

"ခွေးကောင်ကြီး"

တု ၏ ဆဲဆိုမှုများကို လျစ်လျူရှုရင်း လူကာ ကျောင်းဝတ်စုံ နှင့် ကောင်လေး ပုံကို စိုက်ကြည့်နေမိသည်။

ပရိုဖိုင် ပုံမှာ ရယ်မောနေသော ကောင်လေးသည် လူကာ သိခဲ့သော မော် ချီလျက် တဇွတ်ထိုး ဆန်သော သူ၏ အမွှာ များလားလေ။ 

........................................................................................................................

နီရဲနေသော miss called များကို ကြည့်ပြီး သီအို အရူးတစ်ယောက်လို ခွက်ထိုးခွက်လန် ရယ်နေလိုက်တော့ သည်။

"အခုတော့ ခင်ဗျားကြီး ရူးသွားပြီ မလား။ တခြား ပါတနာသာ ရှာပြီး လူပါးဝလိုက်တော့။ ကျွန်တော့် ကိုတော့ လာမလုပ်နဲ့"

သီအို X account တွင် ပေါက်ကွဲ စွာ စာတွေ ရိုက်ပြီးမှ ပြန်ဖျက်လိုက်သည်။ အခု သီအို ဘာလုပ်သင့် သလဲ ကိုယ်တိုင်လည်း ဝေခွဲမရသေးပါ။

ဒီလောက ကနေ အပြီးထွက်ပြီး သူ တက်ချင်သည့် မေဂျာ သွားတက်မည်။ ပညာနှင့်ပဲ အသက်မွေးပြီး လူများ အကြိုက်နေရသည့် ဘဝမှ ရုန်းထွက်မည်။ သရုပ်ဆောင်အလုပ် ကို ဆက်လုပ်စေချင်ပါက သူ့ စိတ်ကြိုက်ပါတနာ ၊ သူ့ စိတ်ကြိုက် ဇာတ်ကို ရွေးခွင့်ပြုမှသာ ဆက်လုပ်နိုင်မည်။ မဟုတ်ပါက အားလုံးကို ထားခဲ့ဖို့ နှစ်ခါ မစဥ်းစားပါ။ 

ထို အကြောင်းအရာများကိုလည်း သီအို ဦးလေးကို ရော မိဘတွေကိုပါ အပြတ်ပြောခဲ့ပြီးပြီ ။ အားလုံးက တစ်သက်မှတစ်ခါ ပြတ်ပြတ်သားသား ပြောနေသော သီအို့ ကို မယုံနိုင်စွာ ကြည့်နေပြီး ဆွံ့အနေကြသည်။

ဟုတ်တယ် ဒါ ကျွန်တော်ပဲ ။ ကျွန်တ်ော လည်း ဒေါသထွက်တတ်တယ်။ ဘာကျေးဇူးတွေ ထောက်ပြီး ကျွန်တော် က လူတိုင်း ပြောသမျှကို လက်ခံခေါင်းညိတ်နေရမှာလဲ။ ကျွန်တော် နေချင်တဲ့ ဘဝပုံစံ က သက်သက်ရှိတယ်။ မဖြစ်သာလို့ အသက်မွေးဝမ်းကျောင်းရမယ်ဆိုရင်‌တောင် ကျွန်တော့် ကို လေးစား ပြီး အလေးအနက်ထားတဲ့ သူနဲ့ပဲ အလုပ်လုပ်မယ်။ 

သီအို စကား ကုန်ပြောပြီးနောက် တစ်ကိုယ်လုံး ပေ့ါပါး သွားခဲ့သည်။ စိတ်ထဲ တစိမ့်စိမ့် နှင့်လည်း ကျေနပ်နေခဲ့သည်။ 

ထိုလူနှင့် တွေ့ပြီးပြန်လာတည်းက ထိုသို့သော ခွန်အားတွေ သီအို့မှာ ရှိလာခြင်းဖြစ်သည်။ အရာရာကို သည်းခံနေသော သူ့ ပုံစံက သီအို ၏ မျက်နှာဖုံးကို မှန်တစ်ချပ်ထောင်ပြသလို မြင်လာစေသည်။ 

ကျောင်းသားကဒ်က လိုင်စင် ဓာတ်ပုံမှာတောင် ဒီလောက် မိမိုက်နေတဲ့ ဘဲက ဘာ လို့ လူတွေကို ပြန်ကြောက်နေရတာလဲ။ 

ခင်ဗျားကြောက်ချင်ရင် ကျွန်တော့် ကိုပဲ ကြောက်ရမယ်။ ပြီးတော့ ဘာလို့ သူများစကားတွေ နားထောင်ခေါင်းညိတ်နေရမှာလဲ။  နားထောင်ချင်ရင် ကျွန်တော့် စကားပဲ နားထောင်ရမယ်။

"မနက်ဖြန် ခြေထောက်အခြေ အနေ လာကြည့်မှာမို့ အိမ်မှာနေနော်"

........................................................................................................................

ပရိုဖိုင် ပုံလေးကို ကြည့်နေရင်းမှ ပုံပိုင်ရှင်ဆီက စာကြောင့် လက်ထဲမှ ဖုန်း တောင် လွတ်ကျကာ ဖန်စားပွဲနှင့် မိတ်ဆက်ကာ ကြမ်းပြင်ပေါ် ကျသွားသော ဖုန်းကို လူကာ ရင်တထိတ်ထိတ်နှင့် ပြန်ကောက်ကြည့်သောအခါ

"ဖုန်းကွဲသွားပြီ"

ထောင့်စွန်းနားတွင် အက်ကြောင်းရာကြီးနှင့် ဖုန်းကို ကြည့်ပြီး လူကာ အကြီးအကျယ် စိတ်ညစ်ရပါသည်။

"ဘာလို့ စာမပြန်သေးတာလဲ"

ထပ်တက်လာသော မက်ဆေချ် ။

"ဖုန်းကွဲသွားလို့..."

"မနက်ဖြန် အသစ်ယူလာပေးမယ်။"

"အယ်"

"တကယ် ယူလာပေးမယ်။ ဘာလို့ ကွဲသွားတာလဲ။ ဆေးရုံမှာတုန်းကတောင် အကောင်းပါ"

"ခုလေးတင် စာဝင်လာလို့ လန့်ပြီး..."

လူကာ အမှန်အတိုင်းပဲ ပြောလိုက်တော့ တစ်ဖက်က သဘောတကျ ဗိုက်လှိမ့်ရယ်နေသော စတစ်ကာ လေး ပို့လာသည်။

"တော် လိုက်တော့...နားအုံး ။ မနက်ဖြန် စောင့်နေနော် "

လူကာ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လိုင်းပေါ်မှ ပျောက်သွားတော့သည်။ 

မြန်ဆန်လာသော ရင်အစုံကို ဖိရင်း လူကာ ဆိုဖာပေါ် တွင် လှဲချကာ ငြိမ်နေလိုက်ရတော့ သည်။ 

"အင်္ဂလန် သွားမယ်ဆိုရင်...ဘာလို့ စကားလာပြောနေအုံးမှာလဲ"

Thank  You All

Bạn đang đọc truyện trên: ZingTruyen.Xyz