အပိုင်း ၄
သူစိမ်းများရဲ့ အစိမ်းသက်သက်တွေကြားက...
ဘန်ကောက် BTS အစိမ်းလိုင်း၏ နောက်ဆုံးဘူတာတွင် သီအိုဆင်းလိုက်
သည်။ နေ့လယ်နေ့ခင်းမို့ လူသူရှင်းလင်းနေပြီး ဘန်ကောက်နွေကလည်း ခြစ်ခြစ်တောက်နေ၏။ ခေါင်းပေါ်က နေပူပူကို လွယ်လာသော အိတ်
နှင့်ကာရင်းမှ ဆိုင်ကယ်ကယ်ရီ ဦးလေး
တို့ဆီ ပြေးရသည်။ အိမ်ရာခြံဝင်း နာမည်ပြောသည်နှင့် အနီးနားက ကယ်ရီတို့ သိကြ၍ ပြဿနာမရှိ။ ဆိတ်ငြိမ်ရပ်ကွက်ကြီးကိုဖြတ်ကျော်ရင်း သီအို
အတွေးရေယာဥ်လှိုင်းထဲ ဖြတ်ကျော်
နေမိသည်။
သူ့လက်ထဲ Mr.Gentelman ဇာတ်ညွှန်း စစရချင်းမှာပင်
"ဝပ်ရှော့တွေမှာ အကအညီတောင်းပါတယ်နော် တီတီ" ဟုဆိုကာ အဲလက်စ်က အကူအညီတောင်းလာခဲ့သည်။
သီအို့အတွက် လက်ရှိမှာ ထိုသူပြောသ
မျှ ခေါင်းညိတ်လက်ခံရုံကလွဲမရှိ။ တကယ်တမ်း လူတွေရွေးပြီး ဇာတ်ညွှန်းဖတ်သည့်နေ့မှ စလို့ သီအို့
စိတ်ထဲ သက်တောင့်သက်သာ ဖြစ်မနေခဲ့သည်မှာ နေ့စဥ်။
စစချင်း ဇာတ်ညွှန်းဖတ်သည့်နေ့တွင်
ယင်းနောက်ကျသည်။ ကားတွေပိတ်
နေ၍ ဟူသော အကြောင်းပြချက်ကို အားလုံးက ထောက်ခံကြည်ဖြူကြ၏။ သီအို အပါအဝင် တခြားသော အငယ်
တန်း သရုပ်ဆောင်လေးများ၏ စောင့်
ဆိုင်းရခြင်းကို ဘယ်သူမှ အလေးထား
ထည့်တွက်မနေ။
သီအို့သူငယ်ချင်းအဖြစ်ပါဝင်မည့် ယူတ ကပင် သီအို့ကို သူ့စိတ်ရင်းကို
ထုတ်ပြ၏။
"ဇာတ်ညွှန်းဖတ်တုန်းက နောက်ကျတာထားပါတော့။ ဝပ်ရှော့တွေမှာပါ နေ့တိုင်းနောက်ကျမှရောက်လာတယ်။ သူ့ကိုကြည့်ရင် ညည ကလပ်တက်တာက
လွဲရင် ဘာScheduleမှလည်း ရှိမနေဘူး။ မင်းကို စောင့်ခိုင်းတာတွေ လာရင်
လည်း သေချာမလေ့ကျင့်တာတွေက
မင်းကို မလေးစားတာပဲ သီအို...ဘယ်အတွဲတွေ စစချင်းအဲ့လိုလုပ်ဖူးလို့လဲ။
ဖီရိန်းတို့ ဖီနိုင်းတို့တောင် အခုထိ ဆရာ
တွေ ရှေ့ ရိုကျိုးနေကြတာ။ သူက..."
ယူတ ကိုပဲ သီအိုတားလိုက်ရပါသည်။
ယူတ မပြောလည်း သူသိနေတာတွေချည်းပဲ။ ထိုသူ အချိန်မလေးစားတာ။
သူ့ကိုဆို ဒီကောင်လေးက ရပါတယ်ကွာ ဆိုသည့် နေရာမှာ ထားထားတာ။
သူ့ကို မှီပြီးမှ အောင်မြင်လာမည့် ကလေးအဖြစ် ရှုမြင်နေတာတွေ...အကုန် အကုန် သီအို့ ဘက်ကသည်းခံခဲ့သည်။
နောက်ဆုံး အဆင့်ဖြစ်သွားခဲ့သည်က
တော့ လွန်သွားခဲ့ပြီ။ အနမ်းခန်းတစ်ခု
အတွက် လေ့ကျင့်ရမည့်နေ့တွင် ထိုသူ
၏ လက်ရှိ ရည်းစား အောင်မြင်စ Idol
ကောင်မလေးပါ ရုံးသို့အတူတူလိုက်လာသည်။ အနှီမိန်းကလေးနှင့် သီအိုက
အသက်တူတူ...
"တို့က ဒီမှာကြေငြာလေးတစ်ခု ကမ်းလှမ်းလာလို့ လာရင်းနဲ့ လိုက်လာတာ။ တီတီ အဆင်ပြေတယ်မလား"
သီအို ထုံးစံအတိုင်း ယဥ်ယဥ်ကျေးကျေး ၊ ဖော်ရွေသောအပြုံးစသည်တို့နှင့်သာ ခေါင်းညိတ်တုံ့ပြန်လိုက်ရသည်။
ထိုသည်အထိ သီအို့ စိတ်ထဲထွေထူးမနေ။ သည်လောကမှာက ရည်းစားမရှိ
သည်ကသာ ထူးဆန်းနေမှာ။ အကုန်
လုံးက အတည်မဟုတ်တောင် ကတိကဝတ်မရှိသည့် တွဲသွားတွဲလာ
ဆက်ဆံရေးတို့ ဖြင့်ကိုယ်စီလိုအင်တွေ
ကို ဖြည့်တင်းနေကြသည်မှာ သာမန်ကိစ္စ။
တကယ်တမ်း ဝပ်ရှော့လုပ်ချိန် တစ်ယောက်နှင့်တစ်ယောက် စိတ်နှင့်ခန္ဓာအလိုက်သင့်ဖြစ်ဖို့ရန် လေ့ကျင့်ခန်းများစလုပ်ချိန်တွင်တော့ ထိုသူသည် သီအို့ကို ပွေ့ဖက်ရကိုပင် တစ်ခုခုထူးဆန်း
နေသလို ပြုမူပါတော့သည်။
"ကိုယ်မြတ်နိုးသူ ဒါ ကိုယ်မြတ်နိုးတဲ့သူ
ကို ထွေးပွေ့ပေးမယ်။ ဒီလူကို ကိုယ်
ချစ်တယ်။ သူ့ စိတ်မကောင်းဖြစ်နေတာတွေကို ကိုယ်နားလည်နေတယ်...ဒီလူကို ကိုယ်ချစ်တယ်"
ထရိန်နာက ဘေးက ဖြည်းဖြည်းချင်း
ပြောနေသံကို ကြားယောင်ရင်း သီအို
မျက်လုံးများမှိတ်ကာ လေးလေးနက်
နက် ပွေ့ဖက်မိသည်။ သို့ပေမဲ့တစ်ဖက်၏ တွန့်ဆုတ်ဆုတ်အပြုအမူတွေကနေတစ်ဆင့် အေးစက်ခြင်းတို့ကို
ခံစားရသည်။ သီအိုကိုယ်တိုင်တောင်
မဟုတ်။ ဘေးက ကြည့်နေသော ထရိန်နာ ကပင်ပြောယူရသည်။
"အဲလက်စ် ခန္ဓာကိုယ်က တောင့်နေသေးတယ်။ သက်သောင့်သက်သာဖြစ်
မနေဘူး"
သီအို့ကို ဖယ်ခွာပြီး အားနာသလိုပြုံး
ပြသည်။ ဝတ်ကျေတန်းကျေမျှသာ...
"ကျွန်တော်က ယောကျာ်းလေးဆို သီအို နဲ့မှပဲ အခုလိုနေဖူးတာ။ မန်ဘာတွေ
နဲ့တောင် skinship မရှိခဲ့တော့..."
ကျွန်တော်လည်း ရှိမနေခဲ့ပါဘူး လို့ ပြောချင်သည့်စိတ်ကို နားလည်အပြုံး
ထဲ ထိုးကျိတ်ခေါက်ထည့်လိုက်ရသည်။
ပွေ့ဖက်ဖို့ပင် တွန့်ဆုတ်နေသူသည်...
သူ့ကို တမြတ်တနိုးနမ်းရှိုက်ဖို့ဆိုသည်
မှာ...
"ကောင်လေး ဒီခြံလား"
ကယ်ရီဦးလေး၏ မေးသံကြောင့် သီအို ပစ္စုပ္ပန်သို့ ပြန်ရောက်ခဲ့သည်။ ခပ်မြင့်
မြင့်ခြံဝင်းတံခါးအနက်ရောင်နောက်က
နှစ်ထပ်တိုက် ဖြူဖြူကို တစ်ချက်ကြည့်ကာ သီအို အတည်ပြုလိုက်သည်။
"ဟုတ်တယ် ဖီ။ ၅၀ နော်"
သီအို လွယ်အိတ်အရှေ့ဘက်အိတ်ထဲ
ထိုးကျိတ်ထည့်ထားသော အကြွေများ
ကို ထုတ်ကာ သီအို ပေးလိုက်သည်။
ကယ်ရီဦးလေးသည် ငမွဲ တက္ကသိုလ်
ကျောင်းသားလေးပေးသမျှကို စိတ်ရှည်လက်ရှည် ရေတွက်ပေးပြီး
နောက်
"ဒီခြံသေချာတယ်နော်" ဟု ဆိတ်ငြိမ်
ရပ်ကွက်ထဲ အူလည်လည်ဖြစ်နေမည်
ကိုလည်း စိုးရိမ်နေသေးသည်။
သီအို့ အတွက် ဒီခြံက မှားစရာအကြောင်းမရှိပါ။
သီအို ဘဲလ်တီးလိုက်သည်နှင့်
"သီအိုရောက်ပြီ" ဟူသော တစ်စုံတစ်
ယောက်ကို သံတော်ဦး တင်သံ ငြင်
ငြင်သာသာကို ကြားရသည်။
သေသပ်စွာရိပ်သင်ထားသော မြက်ခင်း
ပြင်ထက်မှ လူသွားလမ်းကျောက်ချော
ပြားများပေါ် ဖြတ်သန်းလာပြီးမှာတော့
မှန်တံခါးချပ်ကို မှီရင်းစောင့်နေသူ။
"ဖီချိုင်..."
ဖီရိန်းကသီအို့ ပခုံးကို ဖွဖွပုတ်ပေးကာ အိမ်ထဲခေါ်သည်။ မီးခိုးနုရောင်ဆက်တီဆိုဖာတစ်စုံကလွဲ၍ ရှင်းလင်းနေသော ဧည့်ခန်းသည် သီအို့ စိတ်အစဥ် နှင့်တော့ ဆန့်ကျင်စွာဖြစ်တည်သည်။
"Apple juice သောက်အုံး"
"ကားနဲ့လာမယ်ထင်တာ ။ နေပူထဲ ဆိုင်
ကယ်စီးလာတာလား"
"ကားလမ်းတွေကျပ်နေလို့ bts ကိုဂိတ်
ဆုံးစီးပြီး ကျန်တာကို ဆိုင်ကယ်ထပ်စီး
လာတာ"
"ဒီလိုမှန်းသိ လာကြိုတာပေါ့။"
အစ်ကိုနှစ်ယောက်လုံး၏ ရှားရှားပါးပါး အိမ်ကပ်ရသည့် နားရက်တွင် သူကလာ
ပြီး နားပူတိုက်နေသလိုပင်။
"CEO ဖုန်းဆက်တယ်။ အခု ဘယ်လိုဆက်လုပ်မလဲ"
"ကျွန်တော် ကနေဒါသွားတော့မယ်ဖီ။
လာမဲ့ Winter intakeကိုရအောင် Join
ပြီး ကျွန်တော်စာပဲလုပ်တော့မယ်"
ဖီရိန်းက ဘာမှပြန်မပြော။ ငြိမ်နေသည်။ ဖီနိုင်းက သက်ပြင်းချသည်။
"ဘယ်က စဖြစ်တာလဲ...သူ မင်းအပေါ်
လွန်တာတွေတော့ ဝန်ထမ်းအစ်မတွေဆီက ပြန်ပြန်ကြားတယ်။"
"ကျွန်တော့်ကို ပွေ့ဖက်ရမှာ နမ်းရမှာကို
ရွံသလိုလို ဖြစ်နေတဲ့ သူနဲ့တော့..."
သီအိုဆက်မပြောဘဲ မဖြစ်နိုင်တော့ဘူး
ဟူသော သဘောနှင့်ခေါင်းခါပြလိုက်သည်။
"ကျွန်တော်သိပါတယ်။ တကယ့်ချစ်သူတွေလည်း မဟုတ်ပါဘူး။ ဒါပေမဲ့...ဒီ
အခြေအနေကိုတော့ ကျွန်တော့်မာနက လက်မခံနိုင်ဘူး။ ကျွန်တော်က ဘာဖြစ်နေလို့လဲ။ သူအဲ့လောက် homophobic နေလည်း ဘာလို့ ဝိုင်စီးရီးရိုက်ဖို့လုပ်နေသေးလဲ။ ကျွန်တော့်ကိုလည်း သူအားနာမှုမရှိဘူး။ ကျွန်တော်က ဘာမှ မဟုတ်သေးတာလည်း သိပါတယ်။ဒါပေမဲ့..."
"မဟုတ်ဘူး တီတီ။ ဘာမှ မဟုတ်ဘူးဆိုတာ မဟုတ်ဘူး။ Thailand Talent ဆိုတာ ထိုင်းကျောင်း တစ်ကျောင်းနှစ်ကျောင်းတည်းဝင်ပြိုင်တဲ့ ပြိုင်ပွဲမှ မဟုတ်တာ။ တစ်နိုင်ငံလုံးက ကျောင်းတွေအားလုံးထဲမှာမှ တီတီက Winnerလေ..."
ဖီနိုင်း၏ ဝင်ရောက် အားပေးမှု။ အဖေ
ဖြစ်သူ ဖီိရိန်းကတော့ ဘာမှဝင်မပြော။
"ကျောင်းတက်ရင် ဘယ်လိုဖြစ်မှာလဲ"
ဟုသာ အကျိုးဆက်ကို မေးမြန်းသည်။
"မေမေကတော့ ကိုယ့်စရိတ်နဲ့ ကိုယ်တက်လို့ပြောတယ်။ ဒီအသိုင်းအဝိုင်းထဲမှာမှ မဟုတ်ရင် ကိုယ့်ဘဝကိုယ်စီမံဆိုပြီး အပြတ်ပြောနေတယ်"
"တစ်ဖက်လူ လုပ်နေတဲ့ပုံစံတွေကိုရော
သိလား"
"ကြားမှာပေါ့...ဦးလေးတောင် ကြားတာပဲ။ ဒါပေမဲ့ ကျွန်တော့် အမေက ဒါဆို ဒါလေ..."
"အခု ပရော့ဂျက်ကိုရပ်မှာလား"
သီအို ခေါင်းညိတ်ပြလိုက်သည်။
"သေချာလား"
"သူနဲ့ဆိုရင်တော့ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူး။ သူ လုပ်မဲ့ အကွက်တွေကိုကျွန်တော် မြင်နေတော့ ဘာမှကောင်း
လာစရာမရှိဘူး။ သူ အခု bl ရိုက်ပြီး ဖန်အင်အားပြန်ယူမယ်။ မတိုင်ခင် ပရိုမိုးရှင်းမှာ သူ ကျွန်တော့်ကို ကောင်းကောင်းအသုံးချမှာ။ အခုနေသာ ကျွန်တော့်ကို တံတိုင်းတွေအများကြီးချပြီး
လုပ်နေပေမဲ့...ဆိုရှယ်မီဒီယာမှာ တွေ ဘာတွေမှာ မိုးမန့်တွေ လုပ်မှာပဲ။ ပြီးရင်ရော...အကုန်လုံးက အလုပ်ကြောင့်ပါဆိုပြီး ထားခဲ့မှာ။ သူ့အပေါ် ယုံတဲ့ ဝိုင်ဂဲလ် တွေ အတွက် ဘာမှ ထည့်တွက်မှာ
မဟုတ်ဘူး။ ကျွန်တော် ဘာဖြစ်ပြီး ကျန်ခဲ့ကျန်ခဲ့လည်း ဂရုစိုက်မှာမဟုတ်ဘူး။ သူအမြင့်တက်ဖို့ ကျွန်တော်ကကျွန်တော်က stepတစ်ခုပဲ"
သီအိုပြောရင်း ရင်ထဲကျပ်လာသည်။ အသက်ရှူသွင်း ရှုထုတ်ပုံမှန်ပြန်လုပ်ကာ စိတ်ငြိမ်စေရန် ကြိုးစားရပြန်၏။အစ်ကို နှစ်ယောက်လုံး ငြိမ်သက်သွားကြသည်။ ဖီနိုင်းကတော့ သိသိသာသာမျက်လုံးတွေ မှိုင်းသွားပေမဲ့ ဖီရိန်းကတော့ မှန်းဆလို့မရ။
"ဒီတစ်ခေါက်တော့ CEO တူအရင်းဆိုတဲ့ ကဒ်ထုတ်သုံးပြီး ငြင်းလိုက်တော့...ကျန်တာကို ပြီးမှ ဆက်လုပ်ကြတာပေါ့...လောလောဆယ် မေ့ထားလိုက်။ ဘောလုံးပွဲသွားကြည့်မလို့ လိုက်ခဲ့"
"အမ်"
သီအို ကြောင်အသွားရသည်။ သူ့မှာအသက်ရှုရခက်သည့် အခြေအနေဖြစ်
နေတာပေမဲ့ ဖီရိန်းကတော့ တစ်ချက်တည်း အပြီးဖြတ်မဲ့ ကဒ်ကို ထုတ်ခိုင်းပြီး ပွဲသိမ်းပစ်မည်ဆိုသည်။
"ဘယ်ဘောလုံးပွဲလဲ"
ဖီရိန်းမျက်မှောင်ကျုံ့သည်။ သီအိုဘောလုံးတွေ ဘာတွေ စိတ်မဝင်စားအားသည်ကိုလည်း သူသိပါရက်...
"ဖီနိုင်းရော လိုက်မှာလား"
ခေါင်းညိတ်သည်။
"မနေ့က ရှုံးထားတော့ လိုက်ရမှာ"
ဖီနိုင်း၏ ဇွဲကိုလည်း သီအို တကယ်လက်လန်သည်။ စစ်တုရ င်ကို သူဘယ်တော့မှ ဖီရိန်းကို မနိုင်ပေမဲ့ အခုထိလည်း အရှုံးမပေးသေး။ ဟိုက နိုင်ရင်သူ တောင်းဆိုတာ လိုက်လျောဆိုသည်နှင့် ခြေချုပ်မိနေတာကိုပဲ ပျော်နေတာလား လဲ သီအို မသဲကွဲ။ ဒီနှစ်ယောက်၏ ဆက်ဆံရေးက အဝေးကလူတွေမပြောနှင့်။ အနီးကပ်ရှိသည့်သီအို တောင် နှစ်ယောက်က ဘာဖြစ်ချင်နေကြပြီး ဘာဖြစ်နေကြမှန်း မသိ။
---------------
နားနေခန်းထဲ တစ်သင်းလုံးစိတ်လှုပ်ရှားနေကြသည် ။ ဘယ်လောက်ပဲ တည်ငြိမ်ပါတယ်ဆိုဦးတော့...နှစ်ဖက်ပရိသတ်၏ အော်သံတွေကပင် စိတ်ကိုတုန်ယင်စေသည်။
"ကဲ စုမယ်"
နည်းပြကို ဝိုင်းကာအားလုံးစုလိုက်ကြသည်။ တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ဆုတောင်းကြသည်။
"ဒီနှစ်ဖလား"
နည်းပြရှေ့က တိုင်ပေးသည့်နောက်အသင်းသား အားလုံးက နောက်ကနေ "ငါတို့ဖလား"
ဟု အကုန်ဝိုင်းအော်ကြသည်။
ကွင်းထဲရောက်သည်နှင့် စီနေသော ခရာမှုတ်သံတွေနှင့်အပြိုင် ကွင်းလုံးပြည် အော်ဟစ်သံတွေ ညံနေသည်။လူကာ ပွဲပေါင်းများစွာ ဝင်ကန်ဖူးသော်လည်း ထိုသို့သော် ဆူညံနေသည် အော်ဟစ်သံများနှင့် မှတ်တမ်းတင် ကင်မရာစလိုက်မီးများကို အသားမကျ။ကွင်းထဲသွေးပူနေရန် ခုန်ပြီးနောက် ဒိုင်
များကို အလယ်မှာထားလျက် နှစ်ဖက်ကစားသမားများ နေရာ ယူကာ နိုင်ငံတော် သီချင်းသီဆိုကြသည်။ လူကာ ရင်ထဲတုန်ယင်နေမှု တို့ ထိုခဏတွင်းမှာပင် ငြိမ်သက်သွားသည်။
ကွင်းလယ်လူနှစ်ယောက်ကြားမှ ဘောလုံးသည် ခရာသံအဆုံးတွင် ချူလာဘက်သို့ အရင်ပါသွားသည်။ ကွင်းညာဘက်မှ ပန်းသွေးရောင်များ ဆီမှ လက်ခုပ်သံများကျယ်လောင်စွာထွက်လာလေတော့ သည်။
.................................
ဘယ်လောက်ပဲ ဘောလုံးကို စိတ်ဝင်တစားမရှိဘူး ဆိုဆို ၊ ချူလာဘက်က အသာစီးရသွားသောအခါတွင်လည်း သီအို ပျော်ရွှင်စွာ ထအော် မိပြီးမှ ဘန်ကောက်တက္ကသိုလ်ဘက် ရောက်နေသည်ကို သတိထားမိသည်။ ဖီရိန်းက ပေစောင်းစောင်းကြည့်သည်။ ဖီနိုင်းကတော့ ကျိတ်ရယ်လျက် သီအို့ ပခုံးကို ပုတ်သည်။ တကယ်ဆို သူတို့နှစ်ယောက်က ချူလာ ကလေးတွေဖြစ်ကြပြီး ဘန်ကောက်ကလေး တစ်ယောက်ကြောင့် ဘန်ကောက်ဘက် ရောက်နေကြရခြင်း။
ဘောလုံးပွဲက ဇာတ်ရှိန်တက်လာလေ ၊ သီအို့ လက်ရှိ စိတ်ညစ်စရာတွေ ဖိအားတွေကို မေ့ပျောက်လေဖြစ်နေသည်။ အုပ်စု ပွဲစဥ် အရ နှစ်သင်းလုံးက ဆီမီးဖိုင်နယ် ရောက်နိုင်သော်လည်း လျှော့လျှော့ ပေါ့ပေါ့ တစ်ယောက်မှ မလုပ်ကြ ။ ပထမပွဲချိန် ပြီးသည်အထိ နှစ်သင်းလုံး ဂိုးမရသေးသဖြင့် ဖိအားက ပိုများလာသည်။ ချူလာ၏ နောက်တန်းကလည်း ခံစစ်အားကောင်းသလို ဘန်ကောက်၏ တိုက်စစ်ကလည်း ပြင်းထန်သည်။
"အိုး"
ဘန်ကောက်တက္ကသိုလ်ဘက်မှ အာမေဋိတ်သံများညံသွားသည်။ ထို့နောက် ပြစ်ဒဏ်ဘောအတွက် အော် ဟစ်ကြသည်။
"အလယ်လူထိသွားတာမလား။"
ဖီနိုင်းက ထိသွားသူအတွက် စိုးရိမ်တကြီးမေးသည်။ ထိသွားသူသည် ချက်ချင်းထသော်လည်း ထော့နဲ့ နေသည်။ ဖီရိန်းက ဘေးက တစ်ယောက်ကို ကပ်ကာ မေးသည်။
"အဲ့ဒါ လူကာ မလား။ စစ်တုရင်ချန်ပီယံ။"
"ဟုတ်တယ် ဖီ။ လူကာ မနှစ်ကလည်း ထိသေးတယ်။ ဒီနှစ်ထပ်ထိတော့..."
ဖြေသူသည်လည်း ကွင်းထဲကို စိုးရိမ်တကြီးလှမ်းကြည့်သည်။ ဒိုင်နဲ့ အပြိုင်အဆိုင် ပြောဆိုနေကြသည်။ ကာယကံရှင်မှာ ထိသွားသည်မှာ သူမဟုတ်သည့်အတိုင်း ခါးထောက်လျက် ဒိုင်နားသာ ရပ်နေသည်။ အပြိုင်အဆိုင် ပြောနေကြသူများကို သာ ကြည့်နေသည်။
"လူကာ က တကယ်အေးတာ။"
"လူကာကို သူတို့ ဌာနက စီနီယာတွေ နိုင်စားကြတာ ကြားတယ်။"
"ဖီနဲ့ သိတယ်မလား။ မနှစ်က စစ်တုရင် အသင်းမှာ...သူ့ mentor က ဖီမလား"
"မဟုတ်ဘူး။ ဖီသော လုပ်ပေးတာ။ ကိုယ်မအားတာနဲ့...စကားတော့ ပြောဖူးတယ်"
" အေးတယ် အဲ့ကောင်လေးက...သူ့ညီမ ရိုစီ့ တစ်ဝက်လောက် စွာရင်ကို ဟုတ်နေပြီ။ သူကျ ဘာလုပ်လုပ် ပြုံးပြုံး ပြုံးပြုံးနဲ့ ငြိမ်နေတတ်တော့"
"ရိုစီ့ အစ်ကိုလား။ xxxကျောင်းက ရိုစီလား"
သီအို သိသော နာမည်ပါလာသဖြင့် စိတ်ဝင်တစားဝင်မေးမိသည်။ ဖီရိန်းဘေးက အစ်ကို က ခေါင်းညိတ်သည်။
ဘယ်သူ့အကြောင်းမှ အထွေအထူး စိတ်မဝင်စားဖြစ်သော်လည်း စာတော် သော ရိုစီ့ကိုဖြင့် သူအမြဲ အမှတ်ရသည်။ သူနှင့် ရိုစီပါသော သူတို့ သိပ္ပံဉာဏ်ပညာ ပြိုင်ပွဲဝင် အဖွဲ့သည် အလယ်တန်း နှစ်နှစ်လုံး စည်းလုံးခဲ့ကြသည်။ ထိုအဖွဲ့သည် သီအို အကြိုက်ဆုံးသော ကျောင်းတွင်းလှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။
"သူတို့ မောင်နှမတွေ တစ်ယောက်တစ်မျိုးစီ နာမည်ကြီးတယ်လေ။ သြ ပြစ်ဒဏ်ဘော ရတယ်ထင်တယ်"
ရှင်းပြနေသော ဖီ့မှာ စကား အမျှင် မပြတ်ချင်သော်လည်း ပွဲ၏ ဆွဲဆောင်မှုမှနေလည်း ရုန်းမထွက်နိုင် ။ ဘန်ကောက်ဘက်မှ ရှေ့တန်း တိုက်စစ်မှူးကန်သွင်းမည် ဖြစ်သည်။ ထိသွားသော ကစားသမားသည်လည်း ညာဘက်ထောင့်မှာ သွားရပ်နေသည်။ ပုံစံက သက်သောင့်သက်သာ ။ ဘောလုံးနှင့် ဂိုးစည်းပြင်ဘက်မှာပေမဲ့ ပေါ့လို့တော့ မဖြစ်သည့် အနေအထား။ ပွဲပြီးရန်မိနစ်ပိုင်းသာ လိုတော့၍ အားလုံးက သည်ပြစ်ဒဏ်ဘောက အဆုံးအဖြတ်ဟု ယူဆနေကြမည်။
သီအို အသက်အောင့်ထားမိသည်။ မြင်ကွင်းတွင် တိုက်စစ်မှူးကန်သွင်းမည့် ဘောလုံးမရှိ။ ညာတောင်ပံတွင် ရပ်နေသော ရိုစီ့အစ်ကို ကိုသာ ကြည့်နေမိသည်။ သွေးဆူတတ်သည့် ရိုစီနှင့် ခြားနားစွာ တည်ငြိမ်နေသည့် ထိုသူ ။ ငြိမ်နေသည့် တည်ငြိမ်လျှပ်စစ်စီးကြောင်းတစ်ခုနှင့် ပိုဆင်တူသည်။ တည်ငြိမ်နေသော် လည်း လက်လွတ်စပယ် ထိ၍ရမည့် အနေအထားမဟုတ်။ ဒီလို အငွေ့အသက်ကို တခြားသူတွေ မခံစားမိဘူးလား။ သီအို တစ်ယောက်ပဲ...
"အိုး...အို..."
သီအို ကြည့်နေရင်းမှ မရည်ရွယ်ပါဘဲ အာမေဋိတ်သံ အလိုလိုထွက်လာသည်။ တိုက်စစ်မှူး ကန်တင်လိုက်သော ပြစ်ဒဏ်ဘောသည် ချူလာနောက်တန်း၏ ခေါင်းတိုက်ပိတ်ဆို့မှုနှင့် အတူ ညာဘက်ကို ခုန်ထွက်သွားသည့်နောက်...
အဖြစ်အပျက်က မြန်ဆန်လွန်းပြီး ဂိုးပိုက်တစ်ခုလုံး နောက်သို့ ယိမ်းထိုး ကျွံဝင်သွားသည့်နောက် ဘန်ကောက် ကွင်းဘက်ခြမ်း တစ်ခုလုံး အုန်းအုန်းထသွားလေတော့သည် ။
သီအို ပျော် ရွှင်စွာပင် ထခုန်ကာ ဖီရိန်းကို ဖက်မိသည်။ ဖီရိန်းလည်း အော်ဟစ်သည်။ နောက်မှ
"မင်းတော့ သစ္စာဖောက်မိပြီ သီအို" ဟု ပြောကာ ခွက်ထိုး ခွက်လန် ရယ်ပါသည်။ သီအို ထိုစကားကြောင့် ကိုယ်ရှိန်သတ်လိုက်ပေမဲ့... ဒိုဖာမင်း ဟိုမုန်းတို့က တစ်ကိုယ်လုံး သို့ စိမ့်ဝင် ပျံ့နှံ့နေတော့၏။
ကွင်းလယ်က လူဆီကြည့်မိတော့ ကစားသမားများ၏ ပွေ့ဖက် မွှေ့ရမ်းမှုအောက် တောက်တောက် ပပ အပြုံးနှင့် သူ့ကိုယ်သူ ဂုဏ်ပြုဟန်ဖြင့် လက်ခုပ်တီးသည်သာ...
တက္ကသိုလ် ကျောင်းသားဘဝ ၊ အားကစား သမား ဘဝ နှင့် မိသားစုဘဝ အရာရာက ရိုးရှင်းပြီး ပျော် ရွှင်စရာ ကောင်းနေသည့် သူ့ဘဝ။ အဝေးက မြင်ရသည့် အပြုံးတွေကအစ လတ်ဆက်လျက် အပြစ်ကင်းစင်နေသည်။
......................................................
"သြော် ဖီရိန်းလည်း လာတာပဲ"
ဖီရိန်းက ကျောင်းမြက်ကလေးပီပီ အားကစားသမားများ၏ အထူးခန်းထိ ဝင်ရောက်နိုင်သည်။ နည်းပြ နှင့် တကွ တခြားသော စီနီယာကျောင်းသားများက ဖီရိန်းကို ကြိုဆိုကြသည်။
"ဖီလာမယ်မထင်ဘူး။"
"ဒီနေ့ နားရက်ရလို့ လာလိုက်တာ"
အကုန်လုံးက ဖီရိန်းနောက်နားကပ်ရပ်နေသည့် သီအို့ကိုလည်း စူးစမ်းသလို အကဲခတ်ကြည့်သည်။
"သီအိုလား"
ဘောလုံးအသင်း မန်နေဂျာဖြစ်ဟန်တူသော အစ်မတစ်ယောက်က သီအို့ကို စပြီး မိတ်ဆက်သည်။
"သီအိုက ချူလာက ကလေးမလား။ ဖီရိန်းအတင်းဆွဲလို့ ပါလာရတာလား"
သီအို ထုံးစံအတိုင်းရယ်မောရင်း ခေါင်းညိတ်ဖို့ စဥ်းစားပေမဲ့မလုပ်ဖြစ်လိုက်။
"ဟုတ်တယ် ဖီ။ ကျွန်တော့် မှာ ဘန်ကောက် ဘက်ခြမ်းမှာ ချူလာ ကျောင်းဝတ်စုံနဲ့ တစ်ယောက်တည်း...ဒါပေမဲ့ ဒီဘက်က ဂိုးသွင်းလိုက်တော့လည်း ဖီရိန်းနဲ့ တူတူ လိုက်အော်မိလိုက်တယ်"
သီအို ပြောရင်း နောက်နားတွင် ငြိမ်နေ သူဆီ အကြည့်ပို့လိုက်သည်။ တစ်ဖက်က ဘာကို ရှက်သွားလဲမသိ။
မပွင့်တပွင့် တစ်ချက်ပြုံးပြီး ခေါင်းငုံ့သွားသည်။ အနီးကပ်ကြည့်မှ သီအို့ထက် သိသိသာသာ အရပ်ရှည်နေသည်ကို တွေ့ရသည်။ ထရိန်နင် ဆင်းထားရ၍ နေလောင်ထားဟန်ရှိသော အသားအရေက ညစ်ထေးမနေ။ အနီကွက်များဖြင့်သာ ဖြူဖွေးဖွေး အရေပြားပေါ် ထင်းနေသည်။
"လူကာ... ဒါက သီအို ။ မင်းညီမလေး ရိုစီနဲ့ တစ်ကျောင်းတည်း တက်ခဲ့တာ"
ဖီရိန်းက လှမ်းမိတ်ဆက်ပေးသည်။ ထိုအခါ မှ သီအို့ ဆီသို့ စိတ်ပါဝင်စားစွာ အကြည့်ပို့သည်။ လူကတော့ ရှေ့မတိုးလာ။ အနောက်ကနေပဲ လက်အုပ်ချီကာ နှုတ်ဆက်သည်။ သီအိုလည်း အကြည့်ချင်းဆုံရင်းနဲ့မှပင် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
အားလုံးရှေ့တွင် အမြဲတမ်းပြုံးရယ်လျက် လိမ္မာယဥ်ကျေးနေသော သီအိုသည် ယခုမှ ဘာလို့ ဖော်ရွေ ချိုသာမှုကို မပြနိုင်ရသည်လဲ။
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz