အပိုင်း ၃
အတုအယောင်လောက ၊ ဘယ်မှာလဲ စစ်မှန်မှု။
သူငယ်ချင်းအတွက် သက်သေထွက်ဆိုပေးတဲ့ သီအို။
ကျောင်းတွင်းအကြမ်းဖက်မှုမှာ မျက်မြင်သက်သေ ဖြစ်ခဲ့ရတဲ့ သီအို။
ကျောင်းတွင်းအကြမ်းဖက်မှုကို မျက်ကွယ်မပြုကြဖို့ သီအိုမှ ကျောင်းသားများကို မေတ္တာရပ်ခံ။
ဒေသတွင်း သတင်းဝပ်ဆိုက်အားလုံး၏ ခေါင်းကြီးပိုင်း အားလုံးတွင် 17နှစ်အရွယ် ချူလာတက္ကသိုလ် ကျောင်းသား ကောင်လေး ၏ ပန်းသတင်းက နေရာယူနေသည်။ အနုပညာသက်တမ်း နှစ်နှစ်အတွင်းဆယ်ကျ်ောသက် အရံသရုပ်ဆောင်ကောင်လေး အဖြစ်မှနေ၍ တိုင်းသိပြည်သိ အလားအလာကောင်းသော ကျောက်မြက်ရတနာလေး အဖြစ် အားလုံးက သတိထားမိလာကြသည်။ သီအို ပါဝင်ခဲ့သော စီးရီးတွေထဲမှ သီအို အပိုင်းတိုလေးများကို စိတ်ဝင်တစား ကြည့်ကာ ပြည်သူများကြား ပြောစရာခေါင်းစဥ်လေး တစ်ခုဖြစ်လာခဲ့သည်။
"ဒီအချိန်က တွဲဖက်တစ်ယောက်နဲ့အတူတူ ခေါင်းဆောင်နေရာကနေ စီးရီးရိုက်နိုင်ဖို့ပဲ"
"ကျွန်တော် ရုပ်ရှင်ဘက် သွားလို့မရဘူးလား။ ခွင့်ပြုပေးမယ်ဆို လူရွေးပွဲတွေ ကျွန်တော် ဝင်ဖြေပ့ါမယ်"
"ရုပ်ရှင်ဘက်ကို တက်ဖို့ဆိုရင် လမ်းနှစ်ခုရှိတယ်။ လူရွေးပွဲ ရာချီသွားပြီး အရွေးမခံရလိုက် ၊ စိတ်ဓာတ်ကျလိုက် ၊ ပြန်ကြိုးစားလိုက်နဲ့ နောက်ဆုံး ဘယ်နားပါရပါရ ဆိုတဲ့ ဘဝမျိုးနဲ့သွားမလား။ ဝိုင်စီးရီးဘက်ကနေ ဖန်ဘေ့ ခိုင်အောင်လုပ်ပြီး ဖန်အင်အားရော ကိုယ့် အတွေ့အကြုံရော ပေါင်းပြီး လာကမ်းလှမ်းတာကို ဇာတ်ရုပ်ရွေးမလား။ ဒါမှမဟုတ် အရှိန်တစ်ခုနဲ့ လူရွေးပွဲမှာ နာမည်စာရင်းတင်တည်းက ပဏာမရွေးချယ်က အဆင့် ထဲ ဝင်မလား။ နှစ်လမ်းထဲက မင်း ဘယ်လမ်းသွားချင်လဲ"
ဘုတ်အဖွဲ့ဝင် လူကြီးတွေ၏ အကြည့်ထဲ သီအို့ ကို အသစ်ထုတ်မည့် ငွေစက္ကူရွက်လေး တစ်ခုလို တန်ဖိုးဖြတ်နေသည်မှ လွဲ ၊ ဘာစိတ်ရင်းမှ ပါမနေ။ ဖီရိန်း၏ စောင့်ရှောက်ဖေးမမှုနှင့် ကျောင်းတွင်း အကြမ်းဖက်မှု ပြဿနာကို ဖြေရှင်းပြီးနောက် မထင်ထားလောက်အောင် ပြည်သူလူထု၏ ချီးကျူးမှုကိုသီအို ပိုင်ဆိုင်ခဲ့ရသည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အန်တာတိမ်းမန့် ဘက်က ထိုအခွင့် ကောင်းကို ထိရောက်စွာ အသုံးချဖို့ရန်အတွက် သီအို အတွက် ဝိုင်စီးရီးတစ်ခု ကမ်းလှမ်းလာသည်။ တွဲဖက်သည်ကား သီအို့ထက်ငါးနှစ်ကြီးသည့် တီပေ့ါအိုင်ဒေါလ် အဖွဲ့ထဲက တစ်ယောက်။ သူတို့ တီပေါ့ အဖွဲ့က ပွဲဦးထွက်တွင် ပြည်တွင်းတွင်အရှိန်တစ်ခု ရခဲ့သော်လည်း ပွဲဦးထွက် အယ်ဘန်လ်အပြီး အဖွဲ့က တစ်ဦးချင်း လှုပ်ရှားမှုတွေနှင့် ယိုင်နဲ့လာသည်။ အဖွဲ့ကို အပြည့်အဝ အားကိုးမရဘူးဆိုတာ သိသည့်နောက် အဖွဲ့ဝင်တွေက ကိုယ်စီ လမ်းစ ရှာလာသည်။ ထိုအထဲတွင် အဖွဲ့၏ face cardဖြစ်သော အဲလက်စ် က ဝိုင်စီးရီးလောက ထဲကို ခြေလှမ်းလှမ်းတော့ သည်။ လက်တလော ထိုင်းဖြော် ဖြေရေး လောကတွင် ဖန်အင်အား မြန်မြန်ရနိုင်ပြီး အာရှတွင်းလွယ်လွယ်ထိုးဖောက် ဝင်ရောက်နိုင်သည့် လမ်းကြောင်းကလည်း ဒါပဲ အလွယ်ဆုံး ဖြစ်နေသည်။ စိတ်ညစ်စရာပေမဲ့လည်း လက်မခံချင်လို့ မရသည့် အမှန်တရား။ လွန်ခဲ့သော နှစ်များက ယောကျာ်းချင်း ဆိုသည့် စကားလုံးက အမျိုးသားထုကြား တစ်ချက်တွေစရာ ဖြစ်ခဲ့ပေမဲ့ ယခုနှစ်များတွင်တော့ ထို တွေ သည့် သူကိုပင် တစ်ဖန်ပြန် အပြစ်ပြောလို့ရသည့် အနေအထားဖြစ်နေတော့....
"ကျွန်တော် စဥ်းစားပါရစေဦး။ မိသားစုနဲ့လည်း တိုင်ပင်ချင်လို့ပါ။ ပြီးတော့ ဇာတ်ကိုလည်း ကျွန်တော် အရင်ကြည့်ချင်တယ်။"
အဖွဲ့ထဲမှာ လူကြီးတစ်ချို့က မဲ့ပြုံးပြုံးသည်။ သူလို ပါတိပါချက်လေးက ဇာတ်အရင်ကြည့်ချင်သည် ဆိုသည်က ရယ်စရာ။ သီအို အံ မကျိတ်မိစေရန် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သည်လောကကိုက သည်လိုပါပဲ။ မအောင်မြင်ရင် အနှိမ်ခံရမည်။ မင်းက ဘာမို့လို့လဲ ဆိုသည့်အကြည့်တို့နှင့် ရင်ဆိုင်ရင်း သိမ်ငယ်စိတ် မဝင်ဖို့ ထောက်တွန်းကန်ထားရမည်။ မခံချင်စိတ်နှင့် ကြိုးစားရမည်။ နေရာတစ်ခုရလာရင် နေရာလေး မြဲဖို့ ပိုလို့ ကြိုးစားရမည်။ တွန်းချမခံရအောင် ပြည်သူလူထုအရှေ့ တွင် အရိယာသူတော်စင် ပမာ နေထိုင်ရင်း နောက်ကွယ်တွင် တောရိုင်းထဲက သားကောင်တွေလိုလည်း အန္တရာယ်အနံ့ကို အမြဲသတိထား နေရမည်။ အသွားမတော် တစ်လှမ်း ၊ အစားမတော် တစ်လုပ် တောင် လုပ်မရသည့်အနေအထား။
"သားက ဝိုင်စီးရီးမရိုက်ချင်လို့လား"
သီအို ခေါင်းကို ချက်ချင်း ခါပြလိုက်သည်။
"မ မဟုတ်ပါဘူး ။ ဘယ်ဇာတ်ရုပ်ဖြစ်ဖြစ် တီ စိတ်ဝင်စားပါတယ်။"
လူကြီးတွေ သဘောကျ ပြန်ဖြေရင်း တစ်ဆက်တည်းမှာပဲ မျက်နှာတွေကို အကဲခတ်လိုက်တော့ အားလုံးက အဖြေကို ကျေနပ်သည့်ပုံ ။
"ဇာတ်ကတော့ ဝတ္ထုကို အခြေခံမှာပါပဲ။စိတ်ချပါ နာမည်ကြီး စာရေးဆရာမဆီက ဝယ်ထားတဲ့ ဇာတ်ထုပ်တွေထဲက တစ်ခုပေးမှာမို့ အရမ်းကြီး စိတ်မပူပါနဲ့။ သားက အသက်လည်း မပြည့်သေးတော့ Rating 13 လောက်နဲ့ပဲ သွားမှာ စိတ်ချ"
ရဲကောင်းရဲဆိုး သီအိုရီသဘောဖြင့် သူ့ကို သိမ်းသွင်းနေသည့် လူကြီးများကြားသီအို ထပ်မနေချင်။ သူ အသက်ရှူရ ခက်မလာခင် အခန်းထဲမှ ထွက်လာခဲ့သည်။ မှန်ချပ်တွေမှတစ်ဆင့် မြင်နေရသော ဘန်ကောက် ရှုခင်းက နေပူကျဲကျဲ ။ ကိုယ်စီသွားလာနေသည့် ကားတန်းကြီးတွေနှင့် မြေအောက် ဘူတာထဲမှ ထွက်လာသည့် လူတွေ ။ တီကောင်ဖြူဖြူကြီး တစ်ကောင်လို ဖြတ်ကျော်သွားသော BTS ရထား အစုန်အဆန်။
သူ ဘယ်တုန်းကမှ ခလုံထေ့ ကို မကြိုက်ခဲ့ဘူး။ ဖီရိန်း ခလုံထေ့ နှင့် ခွန်ထိုင်းများကို ချစ်မြတ်နိုးနေသည်ကို မြင်တိုင်း သူ့မှာ တအံ့တသြ ဖြစ်ရမြဲ။ ဘာလို့ သူ့နိုင်ငံမှာသူ အေးအေးဆေးဆေး နေလို့ ရသည့် ဘီလီယံနာခွန်ဗမာ က သူတို့နိုင်ငံမှာ လာနေနေရသည်လဲ။ ခလုံထေ့ ကို သီးသန့် မြတ်နိုးတာလား။ သူ့ မြတ်နိုးခြင်း မိုးတိမ်လေး တည်ရှိနေလို့လား ဆိုတာတော့ ကာယကံရှင်ပဲ သိလိမ့်မည်။
သီအို တွေဝေငေးရင်း ဓာတ်လှေကား တောက်လျောက်ဆင်းလာခဲ့သည်။ သီအိုလို ကလေးတစ်ယောက်အတွက် ပရိုမိုရှင်းပွဲတွေ ဘာတွေလည်း မရှိပါ။ စီနီယာ အစ်ကိုတွေကဲ့သို့ ဘရန်းကိုယ်စားလှယ်ဆိုတာမျိုးတွေဆို သီအိုနှင့် အဝေးကြီး ။ ယခု သီအို အားစိုက်လုပ်စရာက တစ်ခုတည်း ။ ပညာရေး ၊ လူကြီးတွေထည့်သည့် ဘယ်စီးရီးတွင်မဆို ရသည့်နေရာတွင် တက်တက်ကြွကြွ ပါဝင်ဖို့နှင့် စီနီယာများ မသွားချင်သည့် ရုပ်သံ အစီအစဥ်များသို့ အစားထိုး သွားပေးခြင်း ။ အခုချိန်က နာမည်ကြီးဖို့ရန်ထက် သီအို့ ကို ရုပ်သံတွင် မျက်မှန်းတန်းမိဖို့ကိုသာ အားထုတ်နေခြင်းဖြစ်သည်။
ဓာတ်လှေကား ဆင်းလာသည့် တောက်လျောက် ဘယ်သူမှ ဝင်မလာသည့်အတွက် ကျေးဇူးတင်သည်။ စိတ်ပင်ပန်းနေချိန် မရင်းနှီးသူများနှင့် ပြုံးပြ ရယ်ပြ ချစ်အောင်ယဥ် ကျေးပျူကာ ပြဖို့ သီအို မလုပ်ချင်။ လူတွေနှင့် မတွေ့ချင်၍ ကား ပါကင်မြေအောက်ထိ ဆင်းမည် စဥ်းစားပြီးမှ သီအိုမှာ ကားမှ မရှိတာ။ ကားပါကင်ကနေ လမ်းပေါ် ပြန်တက်ဖို့ကျ ပျင်းစရာ။ သည်လိုနှင့်ပဲ ပထမထပ်ကိုသာ ပြောင်းနှိပ်လိုက်ရသည်။
ဓာတ်လှေကား သိမ့်ခနဲဖြစ်ပြီး အောက်ရောက်ရောက်ချင်း အော်သံတွေကြားလိုက်ရသည်။ ကုမ္ပဏီကို ဘယ်စီနီယာရောက်နေလဲ မသိ။ ရှေ့တွင် စောင့်နေသော ဖန်များ၏ အော်သံက ရူးသွပ်မှုနှင့် တက်ကြွမှုအပြည့်။ သီအို အပေါ် ထပ် ပြန်တက်ရကောင်းမလား စဥ်းစားပြီးမှ မထူးပါဘူး။ ဘယ်သူဖြစ်ဖြစ် နှုတ်ဆက်ပြီး သီအို လူအုပ်ကြားကနေ တိတ်တိတ်လေး ထွက်လိုက်ရင် ပြီးတာပဲ။
"ဖီနိုင်း ။ ဖီနိုင်း ဒီဟာလေး"
"ဖီနိုင်း ချစ်ဖို့ ကောင်းလိုက်တာ"
"ဖီ ရေ ဒီဖက်လေး"
အသံတွေကြားမှ နာမည်လေး ကြားသည်နှင့် သီအို ပြုံးပျော်ရသည်။ ဖီနိုင်းသည်လည်း သီအိုကတောင် မနှုတ်ဆက်ရသေး ။
"နောင်" ဆိုသည့် ဝမ်းသာအားရ ခေါ် သံနှင့် အတူ သီအို ရှိရာလှမ်းလာသည်။ ဖီ့နောက်တွင်တော့ မန်နေဂျာ လည်း ဖြစ် ၊ တီငယ်လေး ကလည်း သီအိုကို "သားလေး ရောက်နေတာလား" ဆိုပြီး ထပ်လောင်းနှုတ်ဆက်သည်။
သီအို လက်အုပ်အမြန်ချီရင်းမှ နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်သည်။ ဖီလည်း ပြန်နှုတ်ဆက်ပြီးသည်နှင့် သီအို ပခုံးကို ဖက်ကာ
"တီ ဘာလာလုပ်တာလဲ" ဟု ငြင်သာစွာမေးသည်။
"လူကြီးတွေ အလုပ်ကိစ္စခေါ် ပြောတာနဲ့..."
သီအို နှုတ်က အလုပ်ကိစ္စဟု ထုတ်ပြောသော်လည်း ဖီနိုင်းက ဘာကိစ္စလဲ ဟု ထပ်မမေး။
"အခု ဘယ်သွားရမှာလဲ ။ အလုပ်ရှိသေးလား"
"ဟင့်အင်း မရှိဘူး။ အတန်းက ညနေ မှ...အခု ကျောင်းသွားမလားလို့"
"ဘာစားပြီးပြီလဲ"
သီအို ခေါင်းခါပြလိုက်သည်။
ဖီက သူ့တီငယ်ဘက် လှည့်ကာ
"တီငယ် အရင်တက်သွားလိုက်နော် ။ ကလေး ကို နေ့လယ်စာလိုက်ကျွေးလိုက်အုံးမယ်" ဟု ပြောသည်။
သီအို ငြင်းချိန်မရ။ ငြင်းလည်း မငြင်းချင်။ ဖီနှင့် တွေ့ဖို့ ဆိုတာ မလွယ်။ ဖီက အောက်ထပ်မှာတင် ရှိသည့် နေ့လယ်စာ စားကောင်းသည့် ဆိုင်ကို ခေါ်သွားသည်။ ဖန်တွေကို အဖြတ်
"သားလေး သီအို" ဆိုသည့် အသံနှင့် အတူ အစ်မတစ်ယောက်က သီအို့ကို စက္ကူအိတ်လေး တစ်အိတ်ကမ်းပေးသည်။
ကုမ္မဏီလာပါက သီအိုကို ထိုသို့ စောင့်နေသည့် သူများမရှိသလို ယခုလိုလည်း လက်ဆောင်မရဖူးချေ။ သီအို အံ့သြခြင်း ၊ မယုံနိုင်ခြင်းနှင့်အတူ သူ့ကိုယ်သူ လက်ညှိုး ပြန်ထိုးကာ သူ့ကိုလား ဟု ထပ်မေးမိသည်။
အစ်မကြီးက ဝမ်းသာအားရခေါင်းညိတ်ပြပြီး သီအို့လက်ထဲ အိတ်ကို ထည့်ပေးသည်။
"ကလေး ကြိုးစားနော် ။ အစ်မတို့ FCက အားပေးနေမယ်နော်"
အားနှင့် မာန်နှင့် ပြောနေသော အစ်မကို သီအို လက်အုပ်ချီကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ဖီသည် ထိုအဖြစ်အပျက်ကို စားသောက်ဆိုင်ရောက်သည်အထိ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ အစားအသောက်တွေ စောင့်ရင်းမှ...သီအို့ ကို လက်ဆောင်လေးနှင့် ဓာတ်ပုံရိုက်ပေးသည်။
"ထူးဆန်းလိုက်တာ...ကျွန်တော့် FC တဲ့။ ကျွန်တော့် မှာ ဖန်ဒန်းရှိတယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
"မရှာကြည့်ဖူးဘူးလား။"
သီအို လက်ဖက်စိမ်း ရေနွေးကို တစ်ချက် မှုတ်သောက်ရင်းမှ ခေါးခါပြလိုက်သည်။ ဖီနိုင်းက ကရုဏာပြုံးဖြင့် ကြည့်သည်။ စိတ်မြန်လက်မြန် သမား ပီသစွာ Ipad ဖွင့်ကာ ချက်ချင်းရှာပေးသည်။
"ဒီမှာ ရှိပါတယ်။ ထိုင်းမှာရော တခြားအာရှနိုင်ငံတွေမှာရော... မြန်မာမှာလည်း ရှိတာပဲ"
အမြဲလိုလို မြန်မာကို စိတ်ဝင်စားတတ်သူ ၊ ခွန်ဗမာမို့လား မသိ ။ သူ့နိုင်ငံကို သူ စိတ်ဝင်စားသည်။ သီအို လိုက်ကြည့်ရင်းမှ အံ့အားသင့်ရသည်။
"ဒီလပိုင်းတွေမှ တဖြည်းဖြည်းများလာတာ ထင်တယ်။"
သီအို ခပ်အေးအေး ပြောရင်း လာချပေးသော ဆူရှီကို တဖြည်းဖြည်းချင်းစားနေလိုက်သည်။ အလုပ်ကိစ္စကို ဖီနှင့် တိုင်ပင်ရ ကောင်းမလား ။ စိတ်ထဲ ဒွိဟ ဖြစ်နေပေမဲ့ ဖီနိုင်းဆိုသည်က သူအယုံကြည်ရဆုံး သူ၏ မြတ်နိုးခြင်းမလား။ မဟုတ်ရင်တောင် သူက ဖီရိန်း အားမည့် အချိန်ကို ချိန်းရမည်ဟု စဥ်းစားနေသည်မို့ ဖီနိုင်းကို အရင်ပြောလည်း နေ့မကူးခင် ဖီရိန်းဆီ ရောက်မှာပဲ မို့...
"ဖီ...DoubleX အဖွဲ့နဲ့ ရင်းနှီးလား။ အဖွဲ့ထက် သူတို့ virtual center Alex ကိုလေ"
သီအို့ စကားကို နားထောင်ရင်း ဝါးလက်စ ဆူရှီကို ဝါးရင်းခေါင်းမော့ စဥ်းစားသည်။
"ဆုပေးပွဲတို့ ဂီတပွဲတို့မှာ လူချင်းတော့ ခဏခဏ ဆုံဖူးတယ်။ အဲလက်စ် နဲ့က စကားတော့ မပြောဖူးဘူး ။ ဘာလို့လဲ"
"သူ့က ကျွန်တော် နဲ့ ဝိုင်စီးရီး ရိုက်မယ်ဆိုပြီး လူကြီးတွေကို ပြောတယ်တဲ့"
ဖီ မျက်ခုံးပင့်သွားသည်။ အံ့သြသွားပုံရသည်။
"သူက အိုင်ဒေါလ် မလုပ်တော့ဘူးလား"
"အဖွဲ့က နည်းနည်း..."
သီအိုက စကားအဆုံးသတ်တွင် လေသံနှိမ့်လိုက်ပြီး ဖီ့ ကိုသာ အဓိပ္ပါယ်ပါသော အကြည့်နှင့်ပဲ ကြည့်လိုက်သည်။ ဖီက လည်း သဘောပေါက်သည်။ ခေါင်းကို ဖြည်းဖြည်းချင်းညှိတ်သည်။
"ဇာတ်လမ်းသိပြီးပြီလား"
သီအို ခေါင်းခါပြလိုက်သည်။ သီအို ရင်ထဲ လေးနေသည်။ ဖီနိုင်းက ငြိမ်အေးတည်ကြည်ပြီး သီအို စကားတွေ လုံခြုံမှန်း သိသော်လည်း ဖီရိန်းနှင့်လိုတော့ စိတ်လွတ်ကိုယ်လွတ် မပြောနိုင်။
"ဇာတ်လမ်းကတော့ အရေးကြီးတယ်။ တီ က အသက်လည်းမပြည့်သေးတော့..."
"ဟုတ်တယ်"
"ဇာတ်လမ်းထက် ပါတနာက ပိုအရေးကြီးတယ်။ တကယ်လို့ ဒီပရောဂျက် လုပ်မယ်ဆိုတာသေချာရင်တော့ ဝပ်ရှော့ တွေ မတိုင်ခင် ပါတနာ နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တာတွေ ဆွေးနွေးဖို့က အရေးကြီးတယ်။ ကိုယ့်ဘက် သူ့ဘက် boundaryတွေကို သေချာ နားလည်အောင် ဆွေးနွေးထားတာကောင်းတယ်။"
"ဟုတ် ။ ဘယ်လို နေလဲ ဟင် ။ ဝိုင်စီးရီးရိုက်ရတာ"
ဖီက သူ့စတိုင် အတိုင်း ခေါင်းမော့ကာ စဥ်းစားပြန်သည်။
"ရိန်းနဲ့က အများကြီးဖြတ်ကျော် ခဲ့ရတော့... စစချင်းမှာတော့ နှစ်ယောက်က လုံးဝ အဆင်မပြေပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ နဲ့ ယုံကြည်ဖို့က အဓိကလို့ ထင်တယ်။ မယုံကြည်ရင်က မလွယ်ဘူး"
သီအို ထပ်မေးစရာမလို ။ နှစ်ယောက်၏ အင်တာဗျူးတိုင်းမှာ သူတို့ တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက် ယုံကြည်ပြီး ဘယ်လောက် နားလည်ကြလဲ ဆိုတာ သိပြီးပြီမို့... သီအို အတွက်ကရော...
အဲလက်စ် က ဘယ်လို လူစားမျိုးလဲ။
..........................................
"ကလေးလေး"
သီအို ပခုံးပေါ် ရောက်လာသော လက်မောင်း၏ အလေးချိန်က သူ့ကို ဖိနှိပ်လိုက်သလို။ သီအို လက်ကို ချက်ချင်း ဖယ်ထုတ်ပစ်ချင်သော်လည်း မကောင်းတတ်၍ ပြန်ပြုံးပြခြင်းနှင့်သာ တုံ့ပြန်နိုင်လိုက်သည်။
သူတို့ ဇာတ်လမ်းအတွက် ပထမဆုံးအဲလက်စ်နှင့် တွေ့ဆုံဖြစ်သည် ။ ကုမ္ပဏီက စီစဥ်ပေးသည့် တွေ့ဆုံမှုဖြစ်သဖြင့် တွေ့တည်းက အခန်းတွင်း ဖုန်း နှင့် ချိန်ထားသော ဝန်ထမ်းများကို ရှိနေသည်ကို သီအို သတိထားမိသည်။ ပရိုမိုးရှင်းကာလတွင် Fan accတွေ ပုံစံနှင့် ထွက်လာမည့် မိုးမန့် ဗီဒီယို အတိုလေးတွေ ဖြစ်လာနိုင်သည်။
"သီအို လေးနဲ့ ရိုက်ရမယ် ကြားတာနဲ့ တစ်ခါတည်း လက်ခံလိုက်တာ"
"ဟုတ်လား ။ အဲလက်စ်က သီအိုကို တွေ့ဖူးလား"
"သူက ကျွန်တော့် ကိုသာ သတိမထားမိတာ ။ သူ ဖီရိန်းတို့နဲ့ ရိုက်တဲ့ Reality show တစ်ခုမှာ ကျွန်တော် တို့တွေ့ဖူးတယ်။ အဲ့တုန်းက ကျွန်တော် တို့ အဖွဲ့က အငယ်ဆုံးလေး ပါတာနဲ့... သူ့ကို လာတွေ့ရင်း သီအိုကိုလည်း တွေ့ဖူးတာ။ မမှတ်မိဘူးလား"
သီအို အားနာနာနှင့်ပဲ ခေါင်းခါပြလိုက်ရသည်။ အဲလက်စ် ချက်ချင်း မျက်နှာ ပျက်ချင်သလို ဖြစ်သွားပေမဲ့... မည်သူမှ မရိပ်မိလိုက်ခင် အပြုံးတွေနှင့် ဖုံးကာပစ်လိုက်သည်။ သူလို နာမည်ကြီး အိုင်ဒေါလ်ကို သီအို က မှတ်ကို မှတ်မိရမည် ဟု သတ်မှတ်ထားဟန်ရှိသည်။ သီအို ဆီမှ အကြည့်ကို လူကြီးတွေဆီ ပို့သည်။ အားလုံးက အဲလက်စ်လို့ လူမျိုးက သူတို့ ကုမ္ပဏီနှင့် လက်တွဲမည်ဆိုတည်းက အရှုံးမရှိ။ လိမ္မာရင် လိမ္မာသလောက် အမြတ်ချည်းပဲ ဟု တွေးကြလိမ့်မည်။ လိမ္မာရမည့် သူကတော့ သီအို ဆိုသည်ကိုတော့ အလိုလို သိပြီးဖြစ်လိမ့်မည်။
"ဇာတ်ညွှန်းကတော့ အကြမ်းပဲ ရှိသေးတယ်။ အသေးစိတ်ကိုတော့ တစ်ဖွဲ့လုံးနဲ့ ပြန်တိုင်ပင်ရမှာ"
မီတင် စားပွဲတွင် အားလုံးနေရာကျသည်နှင့် ဇာတ်ညွှန်းစာအုပ်နှင့် ဝတ္ထုမူရင်း တစ်ယောက် တစ်အုပ်စီ ကမ်းပေးလာသည်။ သီအို ဇာတ်လမ်းကို သိသည်။ ဝတ္ထုပါမက ရုပ်ပြအနေဖြင့်လည်း နာမည်ကြီးသော ဇာတ်။ ပေါက်ပြီးသား ဇာတ်ဖြစ်သည်မို့ ဇာတ်လမ်းသိမို့က ပရိုမိုးရှင်းတောင် မလို။ ဇာတ်ကလည်း မွေးစားသားလေးနှင့် အိမ်၏ သခင်လေးဇာတ်။ သီအိုကတော့ မွေးစားခံလိုက်ရသည့် ကလေးလေး နေရာမှဖြစ်သည်။
"ဇာတ်အရ အသက်ကွာဟမှုကလည်း ကွက်တိဖြစ်နေတော့... ပြီးတော့ ဇာတ်ကအားလုံးသိပြီးသား ဖြစ်တဲ့အတွက် လူသိဖို့ကို တော့ သိပ်အားထုတ်စရာမလိုဘူး။ စိန်ခေါ်ရမှာက မင်းသားတွေပဲ။ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေကို ကွက်တိကျမို့ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိဖို့ပဲ"
သီအို နှုတ်ဆိတ်ခေါင်းညိတ်ခြင်းဖြင့်သာ စတင် လိမ္မာနေလိုက်ရသည်။ အဲလက်စ်ကတော့ ဇာတ်ကို စိတ်တိုင်းကျသည်မှာအသိအသာ။ ဇာတ်အရ အနမ်းခန်းကလည်း သိပ်မပါ။ ပြီးတော့ သူက စပြီးကြိုက်ရတာ မဟုတ်။ သီအိုကသာ စတင် ကြိုက်ရမည့် အနေအထား။
"သီအို...ဘယ်ပြန်မှာလဲ။ အစ်ကိုနဲ့ အတူတူ ပြန်မလား"
"ဟုတ်"
လူကြီးများ ရှေ့မှာတင် ကမ်းလှမ်းလာသည်မို့ သီအို မငြင်းနိုင်။ သီအို ကျောင်းဝတ်စုံနှင့်ပင် ရောက်လာသည်မို့ ကျောင်းပြန်မည်ဆိုတာကိုလည်း တစ်ဖက်က ရိပ်မိသည်။
နှစ်ယောက်သား ကုမ္ပဏီဝန်ထမ်းများ၏ အလုပ်ခွင်နေရာများကို ဖြတ်သန်းတည်းက အဲလက်စ်ကို အားလုံးက အရေးတယူနှုတ်ဆက်ကြသည်။ သီအိုကိုလည်း ဖိုးကံကောင်းလေး ပမာ ရှုမြင်ကြသည်။ အဲလက်စ်ကို စိတ်ထဲက ရင်းနှီးမနေသလို မသိစိတ်၏ လှုံ့ဆော် မှုတစ်ခုခုက..."ဒါ မင်းလူမဟုတ်ဘူး" ဆိုသည့် ထူးထူးခြားခြား ခံစားချက်မျိုး ရပေမဲ့... သီအိုအခု ထိ ကံကောင်းနေပါသေးသည် ဟု မှတ်ယူရမည်။
သီအို တို့ အောက်ဆုံးထပ် ကားပါကင်ထိ ဆင်းလာပြီး လူသူအကြည့်တို့နှင့် ကင်းလွတ်သည်နှင့် အဲလက်စ်သည် ချက်ချင်းသလို သီအို ပခုံးပေါ်မှ လက်ကို မသိမသာ ဖယ်ရှားလိုက်သည်။ ကားဆီသို့ ဦးစွာ သွားရမည့် သဘော ပေမဲ့ သီအို့ စိတ်ထဲ နေလို့မကောင်း။ ဘယ်လိုပဲ ဖြစ်ဖြစ် ယနေ့ခေတ်မှာ ဝိုင်စီးရီးရိုက်ကူးခြင်းက ပိုမို အဆင်ပြေ လွယ်ကူလာသယောင်ရှိသော်လည်း လိင်တူ ပါတနာ၏ အပြုအမူ တစ်ခုချင်းစီက ကိုယ့်အပေါ် သက်ရောက်မှု ရှိနေဆဲ။ ကိုယ်လိုက်ပါ ခံစားစိတ်နှစ်ရင် စိတ်နှစ်သလောက် ထိမှုရှမှုက လိင်ကွဲ အလုပ်ပါတနာထက် ပိုမည်ထင်သည်။
သီအို အတွေးမလွန်ဖို့ ရန် အတွေးမများဖို့ရန် ကိုယ့်ကိုယ်ကိုယ် ကတိပေးရင်း အဲလက်စ်၏ နောက်ဆုံးပေါ် ပြိုင်ကားပေါ် နေရာယူလိုက် သည်။ ကားအတွင်း ပိုင်းသည် သားနားသည်။ သန့်ရှင်း နေရုံသာမက အမွှေးနံ့တစ်ခု က လွှမ်းခြုံနေသည်။
အဲလက်စ်က ကားပေါ် ရောက်ရောက်ချင်းမှာပင် သီအိုကို "အချိန်ရသေးလား" ဟု မေးလာသည်။ လူကြီးတွေရှေ့မှာလို ချိုသာပျူငှာသော အသံနှုန်းမဟုတ်တော့သည်ကို တော့ သီအို အရင်ဆုံး သတိထားမိလိုက်သည်။
"ဟုတ်ရပါတယ် ဖီချိုင်း"
သီအို လည်း အကန့်တစ်ခုထဲ လုံးဝ ဝင်မထားကြောင်း သိစေရန် ယဥ်ယဥ် ကျေးကျေး ပင် ပြန်ပြောလိုက်သည်။
"အခုကိုယ်တို့ နှစ်ယောက်ပဲ ရှိတုန်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ချင်လို့"
"ဟုတ်"
အဲလက်စ်က ပြောရန် ခက်ခဲနေဟန်ရှိပြီးမှ မပြောမဖြစ်လို့ ပြောကို ပြောရမည် ဆိုသော်ဟန်ဖြင့် ပြောလာသည်။
"သီအို ဝိုင်စီးရီး ကို ဆက်ရိုက်မှာလား။ ဒီတစ်ကားနဲ့ အပြီးလိုင်းပြောင်းမှာလား"
"ကျွန်တော်...ကျွန်တော် အဲ့ဒါတော့ မစဥ်းစားရသေးဘူး"
"ကိုယ်တော့ ဆက်မရိုက်ဖြစ်လောက်ဘူး။ အတွဲ အနေနဲ့ ရှိသွားဖို့..."
"ကျွန်တော် နားလည်ပါတယ်"
"ကိုယ်တို့ ထိုင်းဝိုင်စီးရီး လောက ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ကြည့်ကြမလား။ အကုန်လုံးက တစ်ကားရိုက်ပြီးတာနဲ့ ဆက်တွဲ ဆက်ရိုက်ကြပေမဲ့ ကိုယ်တို့က ဒါက အနုပညာ တစ်ခုလိုပဲ လုပ်ပြီး ဒါပြီးလို့ ကိုယ်တို့ အရည်အချင်းကို အသိအမှတ်ပြုကြရင် တခြားနယ်ပယ်တွေ ဆက်လှမ်းကြတာပေ့ါ။ သီအိုဆို ပိုပြီးတောင် အခွင့် အလမ်းတွေက စောင့်နေမှာလေ...ဟုတ်တယ်မလား"
သေချာသွားပါပြီ။ ဒီလူဟာ သီအိုနှင့် ရေစုန် ရေဆန် အတူတူ ရှိနေမည့်သူ မဟုတ်။ သီအို့ ကို အကြာကြီး အတူတူ ရှိစေချင်သည့် သူမဟုတ်။ သီအို ခေါင်းညိတ်ပြလိုက်သည်။ လောလောဆယ် စိတ်ထဲ လေးလံ မွန်းကျပ်သွားသည်မို့ ဘာမှ မစဥ်းစားချင်တော့.... သီအို ဘာကြောင့် ထိုသို့ဖြစ်ရသည်ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့တော့လိုသည်။
ဦးဆုံး သတိရသည်က ဖီရိန်း ။ ဟိုနေ့က ဖီနိုင်းနှင့် တွေ့ပြီးနောက် ဖီရိန်းက ဖုန်းဆက်အကျိုးအကြောင်းမေးသော်လည်း သီအို ကိုယ်တိုင်လည်း သေချာမသိသေးသဖြင့် ထွေထွေထူးထူး မပြောဖြစ်။ ဖီကိုယ်တိုင်လည်း သူ့အလုပ်တွေနှင့်သူ ရှုပ်နေ၍ အပူမကပ်ချင်။ ယခု အခြေအနေကတော့ သီအို တိုင်ပင်ရမှ အဆင်ပြေလိမ့်မည်။ သီအို တစ်ယောက်တည်း မဆုံးဖြတ်ရဲ။ တစ်ဖက်လူ၏ အနေအထားကလည်း သီအို လှမ်းရန်ခက်သည့် ပင်မြင့်ပန်း ။
"ကျောင်းဝင်းထဲထိဆိုရင် သတင်းတွေ အရင်ထွက်လာနိုင်လား"
တစ်လမ်းလုံးအတွေးတို့နှင့် နစ်မွန်းနေရင်းမှ ပတ်ဝန်းကျင်ကို သတိထားမိသည်။ ချူလာတက္ကသိုလ်တည်ရှိရာ လမ်းမကြီးပေါ်သို့ ရောက်လာနေပြီ။
"ရပါတယ် ဖီ။ ဒီနားမှာပဲ ဆင်းလိုက်ပါ့မယ်"
"သီအို တို့ ဌာနနဲ့ ဝေးနေမလား"
"ရပါတယ် ရှေ့နားမှာ ကျောင်းဝင်းထဲသွားတဲ့ အီးဗီကားတွေရှိတယ်"
"ဒါဆိုလည်း..."
သီအို ခါးပတ်ဖြုတ်ကာ ဆင်းကာနီးမှ...သီအို နာမည်ကို ခေါ် လာသည်။
"ဟို သီအို..."
ဖီအဲလက်စ်က ပြောရန်တွေဝေနေပြန်သည်။ အရာရာကို မှတ်သားထားတတ်သည့် သီအို အသိဥာဏ်အရ ဖီအဲ့လို ဖြစ်ပြီဆိုပါက နောက်ထွက်လာမည့် စကားက အကောင်းဖြစ်ဖို့ရန် ရာခိုင်နှုန်းနည်းပါး၏။ သီအို မြန်မြန် ကားပေါ််မှ ပြေးဆင်းလိုက်ချင်သော်လည်း ဖီ့စကားကို အသင့်စောင့်နေဟန် ပြထားရသည်။
"ဟို စည်းမျဥ်း တွေကို ချိုးဖောက်ကြမယ်ဆိုပေမဲ့ ပရိုမိုးရှင်းအတွက်ကတော့... လူကြီးတွေ စီစဥ်တဲ့ အတိုင်း သီအို လိုက်လုပ်ပေးမယ်မလား"
"ဟုတ်...ကျွန်တော် လုပ်ပေးပါမယ်"
"ကျေးဇူး...သီအို နဲ့ တွေ့တာ အစ်ကို ကံကောင်းတာပဲ"
သီအို လည်း တန်ပြန်ကျေးဇူးတင်စကားကို လက်အုပ်ပါချီလျက် ပြောပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။ သီအို လမ်းတစ်ဖက် မရောက်ခင်မှာပင် ပြိုင်ကား အနက်ရောင်သည် အရှိန်မြှင့်ကာ မောင်းထွက်သွားတော့ သည်။
ဒီအခွင့်အရေးက အမှန်တကယ် ဖမ်းဆုပ်ထားသင့်ပါရဲ့လား။
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz