ZingTruyen.Xyz

SIDE-B

အပိုင်း ၂

HsuChiKo365


တောင်းပန်ခြင်း သင်ခန်းစာ။ 

"ရောက်ပြီ..."

သီအို မကြားချင်ယောင်ဆောင်ရုံမက ဖီရိန်းကိုပါ မျက်နှာလွှဲလိုက်သည်။ ဖီချိုင်းဆီက  သက်ပြင်းချသံကို ကြားလိုက်ရသည်။ 

"သီအို..."

ငြင်သာသော အသံကို ကြားရသည်။ သူ့လူကိုခေါ်သလို အနိမ့်သံလေးနှင့် ခေါ်သည်။ ဖီနှင့် သီအို သိခဲ့သည်မှာ ယခုဆို တစ်နှစ်ကျော်၍ နှစ်နှစ်ထဲ‌ရောက်လာခဲ့ပြီ။ ဖီ သူနှင့် စတွေ့တော့ ဖီက တက္ကသိုလ် ကျောင်းသားပေါက်စလေး ဖြစ်နေပြီး  ဇာတ်ကားထွက်ပြီးခါစ အရမ်း အောင်မြင်နေလျက်...

ဂျပန်မှာ သွားရိုက်ထားသော ဂေရှားမယ်လေး နှင့် စစ်မှုထမ်းနေရသော ထိုင်း-ဂျပန် ကပြားလေး ဇာတ်ရုပ်နှင့် ဖီရိန်းကို အားလုံးက ချီးမွမ်းခန်း ဖွင့်နေကြချိန် ။ 

ထိုသို့သော ကြီးမြတ်သူနှင့် တွေ့ဖို့ရန် ၊ ဦးလေး ဖြစ်သူက သူ့ကို ထိုသူလက်ထဲ အပ်ကြောင်း သိရချိန် သီအို တကယ် ပျော်ရွှင်ခဲ့ရသည်။ ဖြော် ဖြေ ရေး လောက တွင် ဇက်ဇက်ကြဲ ဘယ်သူမှ မထိရဲသည့် သူ ဆိုသည့် ဂုဏ် သတင်းကြောင့် တွေ့တွေ့ချင်း အို လက်ဖျား တွေ အေးစက်ခဲ့သည်ကိုတော့ မှတ်မိသည်။ လူချင်းသိချိန်ကြာလာသည်နှင့် အမျှ အထင်နှင့် အမြင် တက်တက်စင်အောင် လွဲခဲ့သည်။ ဖီသည် လေသံအေးအေး နှင့် ငြင်သာကြင်နာတတ်သူအဖြစ်သာ သီအို မှတ်မိနေ၏။ ယခုလည်း ဖီက အနိမ့်သံအေးအေးဖြင့် ထပ်ပြောလာသည်။ 

"သီအို...နားထောင်။ အခုချိန် လူတွေ ခွင့်မလွှတ်နိုင်ဆုံး ကေ့စ် က လိင်ပိုင်းဆိုင်ရာ စော်ကားမှု နဲ့ ကျောင်းတွင်း အကြမ်းဖက်မှုပဲ ။ မင်း တကယ်လုပ်ခဲ့တာ မလုပ်ခဲ့တာ သူတို့ စိတ်မဝင်စားဘူး။ အဲ့ သတင်းထွက်လာတဲ့ မင်းကို ဝိုင်းဆွဲချဖို့ပဲ သူတို့ လုပ်ကြမှာ သီအို။ အမှန်တရားကို သူတို့ မလိုချင်ဘူး။ သူတို့ လိုချင်တာ သူတို့ သတင်း ပေ့ချ်တွေရဲ့  သက်ရောက်မှုပဲ။ လူတွေကလည်း အကြောင်းရင်းမှန်ကို သေချာသိဖို့ထက် သတင်းပေ့ချ်တွေက တင်တဲ့ ခေါင်းစဥ်လောက် နဲ့တင် သုံးသပ်လိုက် ကြတာကများတယ်။  ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူး။ ကာကွယ်ပေးရင်တောင် ဒီအတိုင်း အင်တာဗျူး သက်သက်ပဲ... အခု သတင်း မထွက်ခင်တည်းက မင်းအဲ့ကလေးနဲ့ သေချာ စကားပြောဖို့ လိုတယ်။ တောင်းပန်သင့်ရင် တောင်းပန်လိုက်"

သီအို မျက်နှာလွှဲနေမိသည်။ ဖီပြောသည်ကို သူလက်ခံသည်။ ဒါပေမဲ့ အခုဖြစ်စဥ် တွင် သူက သက်သက် ဆွဲထည့်ခံနေရခြင်းသာဖြစ်သည်။ ဒါကိုလည်း သတင်းစရတည်းက သီအို ပထမဆုံးရှင်းပြဖြစ်သူက ဖီ့ ကိုသာ...

"လူတွေက ဘာလို့ နစ်နာသူ အရမ်းဖြစ်ချင်ကြရတာလဲ။ ဘာလို့ ဒရမ်မာတွေပဲ ဖန်တီးနေရတာလဲ။ ကျွန်တော် ဒီကျောင်းမှာသာ တက်လာတာ။ ကျောင်းလာတဲ့ရက်က တစ်ပတ်မှာ သုံးရက် ပြည့်ရင် ကံကောင်း။ ပြိုင်ပွဲမှာ ဆုရပြီးတည်းက ကျွန်တော် အပြင်မှာပဲ ရောက်နေရတာ။ ကျောင်း က စာတွေတောင် လိုက်မလုပ်နိုင်တော့လို့  တက္ကသိုလ် လျှောက်လို့ရမဲ့ ရှိသမျှ စာမေးပွဲ ဝင်ဖြေခဲ့ရတာလေ..."

သီအို ပြောရင်းအားပါလာပြီး လက်တွေပါ လေထဲ မြောက်တက်လာရသည်။ သီအို စိတ်ပျက်နေပြီ။ ဒီပတ်ဝန်းကျင်ကို သူ စွန့်ခွာချင်ပြီ။ သူ ဖီ့နားနေရတာ ပျော်တာကလွဲ ဒီနိုင်ငံကသူ့ကို ဘာအကြောင်းနဲ့မှ ထပ်ဆွဲထားစရာမရှိတော့ဘူး။ ဘန်ကောက် နေပူပြင် ကြီး ထဲ သီအို ရင်ထဲမှာလည်း ဝမ်းနည်းနာကျင်မှု မီးစက စူးခနဲနှင့် ပူနေအောင်ထိုးနေသည်။ ဘာလို့လဲ ။ ဘာလို့ သူ့ကိုမှလဲ ဆိုတဲ့ မေးခွန်းတွေက သူ့ကို နှိပ်စက်သည်။ သီအို သည် နိုင်ငံ ၊ သည် ပတ်ဝန်းကျင် ကို စိတ်ကုန်နေပြီ။ 

ဖီက သူဘာပြောပြော တိတ်တိတ်ဆိတ်ဆိတ်နားထောင်ပေးနေခြင်းက လွဲ ဘာမှ ပြန်မပြော။ သူ့မိဘတွေလိုလည်း "ဒါဆို ဒါ "ဆိုပြီးလည်း ဖိအားပေးမနေ။ သီအို စိတ်ငြိမ်အောင် အသက်ရှုသွင်း ရှုထုတ် လုပ်ရင်း ‌ရှေ့ မြင်ကွင်းက သူ့ အာရုံထဲ ရောက်လာသည်။ သူနှင့်  အလယ်တန်းအတူတူ တက်ခဲ့သော ရိုစီ။

စာကြမ်းပိုး ရိုစီတောင် ရည်းစားထားနေပြီတဲ့လား။ ရည်းစားက ဘန်ကောက်တက္ကသိုလ် အင်ဂျင်နီယာဌာနက ထင်သည်။ ဆိုက်ကယ်ဦးထုပ်ကြောင့် မျက်နှာကို သေချာမမြင်ရ။ ကြင်ကြင်နာနာ ရှိပုံတော့ ရှိသည်။ ဖြူစင်သော အသားအရည်က အနည်းငယ်နေလောင်နေဟန်ရှိပေမဲ့ ယောကျာ်း ပီသသည်။ အပြင်ပန်း ကြည့်ပါက ရိုစီလူကောင်းကို ရထားသည်မှာ သိသာမြင်သာ၏။ သူကရော ... သီအို လည်း စာတွေကြိုးစားခဲ့တာပဲ။ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့တာပဲ။ သာမန်ကလေး တစ်ယောက် ရမဲ့ ပေ့ါ ပါးမှူတွေကို စွန့်လွှတ်ပြီး သီအို နာမည် ခိုင်မြဲဖို့ ကြိုးစားခဲ့ရတာတွေက...

"မတန်လိုက်တာ"

"မလုပ်ချင်လည်း ရတယ် သီအို ။ ဒါပေမဲ့ ဒီလောကထဲကထွက်ပြီး ပညာရေးလမ်းကြောင်းကိုပဲ ဆက်လျှောက်မယ်ဆိုရင်တောင် အဲ့ လမ်းကြောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုမှာ ပါခဲ့ပါတယ်ဆိုတဲ့ နာမည်တော့ ယူမသွားနဲ့ သီအို...ဒါ ဘယ်ပညာတတ် အသိုင်းအဝိုင်းကမှ လက်ခံမှာ မဟုတ်ဘူး။"

"သွားမယ်"

သီအို ရှောင်လွှဲမနေချင်တော့။ ဒီကိစ္စကို သူ့ မိဘတွေတောင် မလိုက်ပေးကြ။ အခု သူတို့ကြားထဲက သတင်းသဲ့သဲ့လေးမှာတောင် သူပြောတာ အစအဆုံးနားထောင်ပြီး အဆုံးထိ သူနှင့် အတူတူ ရှိပေးနေမည်။ သီအို ကိုယ်တိုင်တော့ ကိုင်တွယ်ဖြေရှင်းရမယ် ဆိုပြီး ရှိနေပေးတာ ဖီရိန်းပဲ ရှိသည်။ 

သီအို ကားပေါ် က ဆင်းတော့ ဖီ လိုက်ဆင်းသည်။  သီအို့ ပခုံးကို ဖွဖွဖက်ရင်းနှစ်ယောက်သား ကျောင်း အုပ်ကြီး ရုံးခန်းသို့ လျှောက်လာကြသည်။အားလုံးက အထက်တန်း ပထမနှစ်တည်းက ပျောက်သွားသော သီအို့ ကို ရုတ်တရက်မြင်လိုက်ရတော့ တအံ့တသြ ။ တချို့က နှုတ်ဆက်ချင်ကြသည့်တိုင် ဖီ ပါ လာသည်ကို မြင်တော့ အားလုံးက ရှိုးတို့ ရှန်းတမ်း ဖြစ်နေကြသည်။ 

"ဆာဝါဒီခရပ်"

ပီသသော ထိုင်းသံနှင့်ပင် ဖီက ကျောင်းအုပ်ကြီးကို အရင်နှုတ်ဆက်သည်။ နစ်နာသူဟု သိထားသော ကျောင်းသားလေးဆီသို့ အရင် အကြည့်ပို့သည်။ ကြင်နာစွာ ပြုံးပြပြီးသည်နှင့် အခန်းတွင်းရှိ ကျန်သူများကိုဝေ့ဝဲကြည့်သည်။ သို့ပေမဲ့ နစ်နာသူကို ကြည့်သော အကြည့်တို့ အပြုံးတို့နှင့်တော့ မဟုတ်တော့ ။ 

သီအို ကျောင်းအုပ်ကြီးကို သာ နှုတ်ဆက်လိုက်ပြီး နစ်နာသူ ရှေ့ တည့်တည့် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ နစ်နာသူ ဟု ထုတ်ဖော် ပြောကြားထားသော ကျောင်းသားလေးကို သီအို လက်အုပ်ချီ ထပ်နှုတ်ဆက်လိုက်သည်။ မျက်လုံးချင်းဆုံတော့ တစ်ဖက်သူ၏ နွမ်းလျလျ အကြည့်ကြောင့် သီအို့ အကြည့်တို့ကို ပြောင်းလိုက်သည်။ 

"အကုန်ရောက်ပြီဆိုတော့ ဖြစ်စဥ်ကို ကျောင်းကောင်စီဝင်တွေရှေ့မှာပဲ သုံးသပ်ကြတာပေါ့ ။ ဒီက ခွန်ထီလာရက်ခနာဝန် ပြောကြားချက်အရ သူ အလယ်တန်းနဲ့ အထက်တန်း သုံးနှစ်လုံးမှာ အတန်းဖေ်တွေရဲ့ ကာယကံမြောက် ကျူးလွန်ခြင်းကို ခံခဲ့ရတယ်။ ဆေးရုံက ဆေးစစ်ချက်တွေလည်း တင်ပြလာတယ်။ နောက်ဆုံး ဖြစ်ပွါးခဲ့တဲ့ ဖြစ်ရပ်ပြီးတဲ့ နောက် ခွန် နံရိုးတွေ အက်ခဲ့တယ်။ မျက်ကြည်လွှာလည်း ထိခဲ့ပြီး အခုဆို ဘယ်ဘက်မျက်လုံးက အမြင်အာရုံ ဝေဝါးခဲ့ရတယ်။ အခုတော့ ခွန်တို့ မိဘတွေက ‌ရှေ့နေတွေ အကူအညီနဲ့ ကျောင်းကောင်စီကို သည် ကျောင်းဘက်ကနေ အရင်ဖြေရှင်းပေးဖို့ ပြောလာတယ်။"

"ကျွန်တော် ဒီကျောင်းက နားခဲ့ရတာ ပြီးခဲ့တဲ့ နှစ်တည်းကပါ ‌ကျောင်းအုပ်ကြီး။ အခု ကိစ္စနဲ့ ကျွန်တော် ဘယ်လိုများ ပတ်သတ်လဲခင်မျ"

သီအို မျက်နှာချင်းဆိုင်မှ ကျောင်းသားလေးကိုလည်း တည့်တည့်စိုက်ကြည့်မိသည်။ အားငယ်ညှိုးနွမ်းနေသည့် ပုံစံတွေကို သီအို အမုန်းဆုံးပင်။ ဘာလို့ များ သူများ အနိုင်ကျင့် ခံရလောက်သည်ထိ စိတ်ဓာတ် ပျော့ညံ့ရသည်လဲ။ 

"ခွန်က နောက်ဆုံး ဖြစ်ရပ်မှာ မပါဝင်ခဲ့ပေမဲ့ ကျောင်းတွင် အကြမ်းဖက်မှုရဲ့ အစောဆုံး ဖြစ်စဥ်မှာ ပါဝင်ခဲ့တယ်လို့ ကျွန်တော် တို့သိရပါတယ် ။

"မဖြစ်နိုင်တာ"

သီအို ၏ ‌ဒေါသစွတ်သော လေသံက အေးစက်နေသော အခန်းထဲ ဟိန်းထွက်လာသည်။ 

‌"ကျွန်တော် ဒီကျောင်းမှာ တက်ကတည်းက သူများ အကြောင်း စိတ်ဝင်စားဖို့မပြောနဲ့ ကျွန်တော့် စာနဲ့ ကျွန်တော် တောင် မနည်း လုံးပန်းနေရတာ ။ ဘယ်လိုဖြစ်ပြီး ကျွန်တော်က ရန်ပွဲထဲ ပါရမှာလဲ။ ကျွန်တော် လူတွေကို အဲ့လောက်ထိ စိတ်မဝင်စားဘူး"

"မင်း စိတ်မဝင်စားလို့... မင်း လျစ်လျူရှုလို့ ဖြစ်ရတာလေ"

‌ရှေ့မှာ ကောင်လေး အသံသည် အခန်းတွင်းအက်ကွဲ ဟိန်းထွက်သွားသည်။ သီအို သေချာ တောင် မသိသည့် သူထံမှ မဟုတ်မမှန် ပြောသူသည် ယခု သူ့ကို လူကြားထဲမှာ အော်နေ ပြန်သည်။ သည်လောကကြီးကို စိတ်ပျက်လွန်းလို့ သီအို ‌ဖောက်ခွဲ ဖျက်ဆီးပစ်ချင်မိသည်အထိ ။ ဒါကိုလည်း ဖီရိန်းက သတိထားမိသည်ထင်။ သီအို လက်ချောင်းလေးတွေကို အားနှင့် ညှစ်ကာ သတိကပ်စေသည်။ နစ်နာသူ ကောင်‌လေးကတော့ ငိုသံရောနေသည့် လေသံနှင့် နာနာကျင်ကျင်ဆက်ပြောသည်။

"မင်း... မင်း အဲ့နေ့က ကျောင်း ဥယျာဥ်ထဲမှာ ရှိနေလျက်နဲ့... မ မတားခဲ့တာလေ။ မသိသလို လှည့်ထွက်ခဲ့လို့ အဲ့နေ့ကစ ပြီး အဲ့ကောင်တွေ ငါ့ကို နေ့တိုင်း နေ့တိုင်း အနိုင်ကျင့်ခဲ့တာ။ အဲ့နေ့... ငါ ကျောင်းစတက်တဲ့ နေ့ကသာ မင်း ဝင်တားပေးခဲ့ရင် ငါ့ကို သူငယ်ချင်းလုပ်ပေးခဲ့ရင်... ငါ မင်းကို အကူအညီ အကြိမ်ကြိမ်တောင်းခဲ့တယ် သီအို ... မင်း မင်း လုံးဝ ဂရုမစိုက်ခဲ့ဘူး"

"နေ...နေပါအုံး ။ ငါ တို့ တွေ့ဖူးလို့လား"

ကောင်လေး၏ စွပ်စွဲချက်တွေသည် ပြင်းထန်လွန်းသည်။ သီအို မှတ်တောင် မမှတ်မိသည့် မျက်နှာပိုင်ရှင် ကြောင့် ခေါင်းတွေ ချာချာလည်လာသည်။ သီအို ဒီရက်ပိုင်း acting classတွေ တက်ရသည်။ ကျောင်းမှာလည်း များစွာသော assignment တွေ အပြင် လက်ရှိရိုက်ကူးနေသော ဇာတ်လမ်းတွဲတွင် သီအို ဉာဥ့် နက်သည်ထိ နေရသည်။ သူ့ အိပ်ချိန် ငါးနာရီမပြည့်ခဲ့တာ ရက်တွေမဟုတ် ။ လတွေချီနေခဲ့ပြီ။ သူ့ခေါင်း ကောင်းကောင်း အလုပ်မလုပ်တော့ ။

"သီအို... သီအို...အဆင်ပြေလား"

သီအို ရင်ဖက်ထဲ တင်းကျပ်ကာ အသက်ရှုကျပ်လာသည်။ အပြင်းအထန်စဥ်းစားလွန်း၍ ဖြစ်မည်။ ဘာလို့ ဉာဏ်ကောင်းပါသည် ဆိုသော သူ့ မှတ်ဉာဏ်ထဲတွင် ထိုကျောင်းသားလေး ပြောသော အကြောင်းအရာတွေကို အစတောင် ဖော်မရ ဖြစ်နေသည်လဲ။ သီအို ရင်တွေ တလှပ်လှပ်ဖြစ်ပြီး  လက်တွေ ချွေးစေးတွေနှင့် စေးကပ်လာသည်။

"ခဏ အပြင်ထွက်ခွင့် ပြုပါခင်ဗျာ"

ဖီက လူကြီးတွေကို ရိုရိုသေသေခွင့်တောင်းပြီး သူ့ကို အပြင်ခေါ် ထုတ်သည်။ လူလုပ် အအေးဓာတ်နှင့် အေးခဲနေသည့် အခန်း ကြီး ထဲမှ ထွက်လာအပြီး ဝရန်ဒါမှ လေကို အဝရှိုက်သွင်းခွင့်ရသည်။ ကျောင်းတွင်းစိုက်ပျိုးထားသော မလေးရှားပိတောက်တန်းမှ ပိတောက်နံ့ သင်းရှရှကို ဦးဆုံးသတိထားမိသည်။ နွေသရုပ်ဖြစ်သည့် ငုဝါခိုင် ဝါနုနုလေးတွေသည်လည်း လေအလိုက် ငြိမ့်ငြိမ့်လေး ယိမ်းနေကြသည်။ ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို သတိပြုမိတော့ သီအို စိတ်လည်း အနည်းငယ် ငြိမ်ကျသွားသည်။

အပြင်လေထုက နွေးနေပေမဲ့ အဲကွန်းခန်းထဲမှာထက်တော့ သီအို အသက်ရှုမကျပ်တော့...

ယိုင်နဲ့နေသော ခြေထောက်တို့ကို မထောက်နိုင်တော့၍ ခုံတန်းလျားတွင် သီအို ထိုင်ချရသည်။ ဖီက သူ့ ကျောကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်။ 

"အဲ့အချိန်တွေတုန်းက SATဖြေ ဖို့ရော Talent ပြိုင်ပွဲ အတွက်ရော စိတ်ဖိစီးနေရတာမလား"

သီအို ခေါင်းတဆက်ဆက်ညိတ်ကာ အဖြေ ပေးလိုက်သည်။ လွန်ခဲ့သော သုံးနှစ် ၊ သူ့ အသက် 14နှစ် နှင့် မတန်အောင် သူ့မှာ ဖိအားဝန်တွေ ထမ်းထားခဲ့ရသည်ကို မှတ်မိနေသည်။

ဖီ ဖြည်းဖြည်းချင်းရင်း သီအို အခြေအနေကို အကဲခတ်ကြည့်သည်။  သီအို နှလုံးခုန်နှုန်း ပြန်တည်ငြိမ်လာပြီး ခန္ဓာကိုယ် အရေပြားမွှေးညှင်းလေးတွေကြား လေပြေအေး ၏ ထိတွေ့မှုကို ခံစားလာနိုင်သည်။ ခေါင်းလည်း ကြည်လင်လာပြီး သီအို အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှုသွင်း ရှုထုတ်လုပ်နေမိသည်။ သူတောင် ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ်တောင် မွန်းကျပ်ပိတ်လှောင်နေရင်... အနိုင်ကျင့်ခံရသည့် ကျောင်းသားလေးသာဆိုရင်...

အခန်းထဲ ကျန်ခဲ့သည့် နွမ်းလျ အားနည်းနေသည့် ပုံရိပ်ကို သီအို ပြန်မြင်လာသည်။ 

ဦးနှောက် မှတ်ဉာဏ်ထိန်းသိမ်းခန်းသည် သီအို့ သိမှုနှင့် ပြန်ချိတ်ဆက်ပေးလာသည်။ သီအို လုံးဝ မေ့ကာ အကွက်လိုက် ပျောက်ဆုံးနေသော မှတ်ဉာဏ်ပိုင်းသည် ရုပ်ကဒ်များအဖြစ် စိတ်ကူး ပုံရိပ် ပြန်ထင်ဟပ်ခဲ့သည်။ 

..........................

လွန်ခဲ့သော သုံးနှစ်

ကျောင်းနောက်ဘက် ခြံဝင်းထဲတွင် သစ်ပင်ကြီးများ အရိပ်ကြောင့် အလင်းရောင်က စူးမနေ ။ အရိပ်ကျနေသော နေရာများက မှိုင်းထိုင်းထိုင်း  အငွေ့အသက်ရပေမဲ့ အပူဒဏ်ကို ကာကွယ်ပေးနိုင်သည်။ သူငယ်တန်းတည်းက တက်ခဲ့သော ကျောင်းတွင် သီအို အကြိုက်ဆုံးနေရာက သည်နေရာပင်။ တစ်ခါတရံ ဆေးလိပ်ခိုးသောက်တတ်သော ကျောင်းသားဆိုးများ ရောက်လာတတ်ပေမဲ့ သီအို နှင့်တော့ အဆက်အဆံမရှိ။ သီအိုက အရပ်သာရှည်ပေမဲ့ သူက သွယ်လျလျ နှင့် မျက်နှာက နူးညံ့သည့် ဘက် ရောက်နေ၍ အကြောင်းကောင်းကောင်းမသိပါက အနိုင်ကျင့် ချင်စရာ ။ သို့ပေမဲ့ မျက်နှာကြောကြောင့်ရော အိမ်နောက်ခံအခြေအနေ ၊ ကျောင်းမြက်ကလေး ဆိုသည့် ခေါင်းစီ‌းတွေကြောင့် ကျောင်းသားဆိုးများ၏ ထိလို့မရသည့် စာရင်းမှာ တစ်ပြေးနေသူ။ ကျောင်းသားဆိုးများကလွဲ တခြားသူများ မရောက်မပေါက်တတ်သော ကျောင်းနောက်ခြမ်းက တစ်ပါးသူအတွက် အနီရောင်ဇုန်ပေမဲ့  သီအို့ အတွက်ကတော့  လွတ်မြောက်နယ်မြေ ။ 

"မာမား ကို ကျွန်တော် ပြောပြီးသား...ဒီနှစ် ‌ကျွန်တ်ော ကျောင်းမှာပဲ နေချင်တယ်။ ဘာပွဲမှလည်း ဝင်မပြိုင်ချင်တော့ဘူး။ ကျွန်တ်ော 10နှစ်လောက် မနားမနေကြိုးစားခဲ့ရတာ... ကျွန်တ်ော အေးအေးဆေးဆေး စာပဲ လုပ်ပြီး တက္ကသိုလ်တက်ဖို့ပဲ လုပ်လို့ မရဘူးလား"

တစ်ဖက်ဖုန်းမှ သက်ပြင်းချသံကို ကြားရသည်။ ထက်မြက်ပြီး သားသမီးအပေါ် လိုလေးစေ့ မရှိ ပံ့ပိုးနိုင်သည့် မိဘတွေ ၏ ဖိအား။ သီအို အသက်ရှုတွေ ကျပ်လာသည်။ မာမား မပြောခင် ဖုန်းချလိုက်ဖို့ စဥ်းစားသေးသည်။ တကယ်တမ်းကျ သီအို မလုပ်ဖြစ် ။

"သားငယ်လေးက လုပ်နိုင်စွမ်းအားတွေကို ဒီအတိုင်းထားမလို့လား...ဟုတ်ပါတယ် သားလေး ပင်ပန်းနေတာ မာမား သိတယ်။ ဒါပေမဲ့ အခု ပွဲက သားအတွက် တက်လမ်းတွေ အများကြီးကို တစ်ခါတည်း ယူပေးနိုင်တယ်။ ဒီ တစ်နိုင်ငံလုံး ကျောင်းပေါင်းစုံလာပြိုင်ကြတဲ့ ပွဲမှာသာ သားလေး ပထမရကြည့် ။ သား ဦးလေးဆီ အချိန်မရွေး သွားလို့ရပြီ။"

"ကျွန်တ်ော တက္ကသိုလ်ပဲ တက်ချင်တယ်။ ဒီမှာ မဟုတ်တောင် လန်ဒန်မှာ ကျောင်းတက်ချင်တယ်။ ခွဲစိတ်ပါရဂူ ကလည်း မာမားကို ဂုဏ်တက်စေတာပဲ မဟုတ်ဘူးလား"

"မာမားတို့ အမျိုးထဲ ဆရာဝန်တွေ ပေါပါတယ်သားရယ်...ထွန်းထွန်း ပေါက်ပေါက် အနုပညာရှင်သာ မရှိတာ"

ဒါဆိုလည်း မာမားပဲ မင်းသမီးတက်လုပ်လေ ... ဆိုသည့် ရင့်ရင့်သီးသီး စကားကို သီအို လည်ချောင်းထဲ ပြန်မျိုချလိုက်ရသည်။ ထုံးစံအတိုင်း သူ အသက်ရှုတွေ ကျပ်လာသည်။ ရင်တွေ တလှပ်လှပ်ဖြစ်လာသည်။ ငြင်းလိုက်ချင်သည်။ မလုပ်နိုင်ဘူးဟု အပြတ်ပြောလိုက်ချင်သည်။ ပြောမထွက် စကားလုံးတို့က လည်ချောင်းထဲမှာပဲ တစ်ဆို့နေသည်။ လက်ဖဝါးနှစ်ဖက်တွင် ချွေးစေးတို့ စိမ့်တက်လာသည်။ 

"ပိုက်ဆံဘယ်လောက်ပါလဲ"

"ပေးလေ အကုန်ပေးလေ ငတုံးရဲ့"

နောက်နားဆီမှ အသံတွေ ကြားလာရသည်။ မာမား ဘာဘာညာညာမမေးခင် သီအို ဖုန်းကို အမြန်ချလိုက်သည်။ ဘေးဘီဝဲယာတွင် နံရံကို ကပ်ကာ ဝိုင်းအနိုင်ကျင့်နေကြသော ကျောင်းသားဆိုးတစ်အုပ် ။ အနိုင်ကျင့် ခံနေရသော ကောင်လေး မျက်နှာကို သီအို သေချာမ‌တွေ့ရ ။ တွေ့ရင်လည်း မှတ်မိမည်မဟုတ် ။ လက်တလော သီအိုဖြေရှင်းရမည်က သူအသက်ရှုကျပ်နေသည့် ကိစ္စ ။ သီအို နေရာက အမြန်ထွက်ဖို့ ပြင်သည်။ ဖြစ်ချင်တော့ ဖြစ်စဥ်က သူ့နောက်မှာ မဟုတ်။ သူ့ ရှေ့မှာ... 

............................

"မှတ်မိပြီ။ အခန်းထဲ ပြန်ရအောင် ဖီ"

သူတို့ အခန်းထဲ ပြန်ရောက်တော့ ... ကောင်လေး ၏ ဒရမ်မာတွေ ဆိုသည့် အကြည့်တို့ သူ့ဆီရောက်လာသည်။ သီအို အပြစ်မတင်ချင် ။ လူအများကြီးရှေ့ သူ အားနည်း တုန်လှုပ်နေပုံကို ပြမိသွားသည့် သူ့ကိုယ်သူသာ အပြစ်တင်ချင်သည်။

"အဲ့တုန်းက ငါလည်း တကယ်ကို ဖိအားတွေများနေခဲ့လို့ပါ။ ဘယ်လိုပဲ ငါအကြောင်းပြချက်ပေးပါစေ ငါ့ မျက်စိရှေ့မှာဖြစ်ခဲ့တဲ့ မတရားမှုကို မတားခဲ့တာကလည်း ငါ့ အပြစ်ပါပဲ။ အဲ့နေ့ကစပြီး...မင်း ဘယ်လောက် ဒုက္ခ‌တွေ ခံခဲ့ရမလဲ ငါ မတွေးနိုင်...မတွေးနိုင်ဘူး ။ ငါ မင်းကို တောင်းပန်ပါတယ် သူငယ်ချင်း။ မင်း ဘာလုပ်ချင်လဲ လုပ်ပါ။ ငါ မင်းလိုအပ်တဲ့ နေရာ မှာ ရှိနေပေးပ့ါမယ်။ တရားခွင်တက်လို့ သက်သေလိုလည်း ငါ လိုက်ခဲ့ ပေးပါ့ မယ် ။ ဒီကိစ္စမှာ မီဒီယာလိုလည်း ရပါတယ်။ ငါ ကူညီပေးနိုင်ပါတယ်။ ငါ အဲ့တုန်းက မကူညီပေးခဲ့တဲ့ အတွက် ငါ မင်းကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။"

သီအို  အားတင်းကာ ပြောသင့်သည်များကို မထစ်ငေါ့ သွားခင် အမြန်ပြောလိုက်သည်။ ပြောပြီးမှသာ အမောဖြေမိသည်။ သူ့ရင်ဘက်တစ်ခုလုံး ဖားပြုတ်ကြီး တစ်ကောင်၏ ကျောပြင်လို ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည် ။ သူ အမောဖြေ ရင်းမှ နစ်နာသူ ကောင်လေးကို အကြည့်တို့ဖြင့် ခခယယ ထပ်တောင်းပန်တော့ ကောင်လေးက  မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြန် ကြည့်သည်။ သီအို စိတ်ထဲ ပွေ့ဖက်ချင်စိတ် ဖြစ်ပေမဲ့ လက်တွေ့တွင်တော့ သူမလုပ်ဖြစ်လိုက် ။ လူကြီးများနှင့် ဖီရိန်း သာ ဆက်လက်ပြောဆို ဆွေးနွေးကြပြီး သီအို ကတော့ဆွေးနွေးမှု တလျောက်လုံး နှုတ်ဆိတ်နေခဲ့မိသည်။ 

ကောင်လေး၏ အားကိုးလိုအပ်မှုကို သူ အပြည့်အဝ စာနာနိုင်သည်။ တကယ်တော့ သူလည်း  အားကိုးလိုအပ်နေသည့် ဆယ်ကျော် သက်အရွယ် စိတ်လှုပ်ရှားတုန်လှုပ်ရင် အသက်ရှုကျပ်တတ်သည့် ကောင်လေးတစ်ယောက်ပါပဲ ။ ထိုအဖြစ်မှန်ကို လူတွေ မရိပ်မိအောင် ဖုံးဖိရခြင်း ကိုက သူ့ကို အများကြီး ပင်ပန်းစေခဲ့ ပြီး ပြီ။

Thank You All 

Bạn đang đọc truyện trên: ZingTruyen.Xyz