အပိုင်း ၁
ရွှေဇွန်းကိုက်လေး နှင့် တွေ့ဆုံခြင်း ။
ဘန်ကောက်၏ ပူပြင်းစူးရှနေသော နေရောင်အောက်တွင် လူကာ ကျောပြင်တစ်ခုလုံး ချွေးတို့နှင့် ရွှဲရွှဲစိုနေသည်။ ကွင်းပြင်က နည်းပြ ၏ အော်သံနှင့် ဝီစီသံက နားထဲ တစ်ချက်တစ်ချက်စူးခနဲ ။ သူတို့အားလုံး မောနေကြပေမဲ့ အနီရောင် တြိဂံလေးတွေကြား လှည့်ပတ်ပြေးရင်း အဆင်သင့် ပြင်ထားသော ဘောလုံးတွေကို ဂိုးထဲ ပြေးပြေးကန်နေကြရသည်။ ဘန်ကောက် တက္ကသိုလ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲက နီးနေပြီ ။ သူတို့ အသင်း အဆင့်သင့် ဖြစ်နေဖို့ကလည်း တစ်နေ့ထက်တစ်နေ့ ဖိအားများလာသည်။ အုပ်စုပွဲမှာတင် ရာဇဝင်ကောင်းသည့် ချူလာနှင့် တွေ့ရမှာ။ မနှစ်က သူတို့ ဆီမီးဖိုင်နယ်မှာ ချူလာနှင့်တွေ့ပြီး တတိယဆင်းသွားပြီးတည်းက အားလုံးက ချူလာနှင့်ဆို မကျေပွဲဟု သတ်မှတ်ထားကြသည်။ ဒီနှစ် အုပ်စုမှာ ထိပ်တိုက်တွေ့ပြီး အုပ်စုနဲ့တင် ပြုတ်လာပါက လူကာတို့မျက်နှာထားစရာနေရာ ရှိတော့မည်မဟုတ် ။ ထို့ကြောင့် ဒီနှစ် နည်းပြ တောင် ထိုင်းယူနိုက်တက်ဖက်စီ တွေက နိုင်ငံလက်ရွေးစင် ယူ16 ၏ နည်းပြကို ငှားထားတာ။ အပီကျဲမည့် သဘော။
လူကာ့ အလှည့်ပြီးသည့်တိုင် ရပ်နေ၍ မရ ။ တြိဂံလေးတွေကြား လိမ်ကာ ပတ်ကာ ပြေးနေရဆဲ ။ လူကာ အသင်းထဲ ဘယ်ညာ နှစ်ဖက်သန်သည်ဆိုသည့် အားသာချက် ကို အရပ်အရှည်ဆုံး အားကစားသမားဆိုသည့် ဝိသေသနှင့် ပေါင်းစပ်ကာ အလယ်ပိုင်း တာဝန်က သူ့တစ်ကိုယ်လုံးပေါ်မှာထမ်းထားရသူ။
ကွင်းလူကြည့်စင်မှာ ကျောင်းသားကြီးတချို့နဲ့ မိန်းကလေးတွေ ရှိနေသည်။ သူတို့ ဘောလုံးလေ့ကျင့်ချိန်တိုင်း ယခုလို လာလာကြည့်တတ်သော ကျောင်းသူလေးတွေ ရှိတတ်သည်။ ဘောလုံးအသင်းထဲ တခြားသော နာမည်ကြီး ကျောင်းသားတွေလည်း ရှိနေပေမဲ့ ကျောင်းစီနီယာတချို့ကတော့ လူကာ မင်းကို လည်း လာကြည့်နေတာဟု ပြောတိုင်း သူ နေရခက်သည်။ သူ ယခုဆို ဒုတိယနှစ်တက်နေပေမဲ့ သူ လူသစ်လေး ဖြစ်ခဲ့သော နှစ်က အဖြစ်အပျက်က သူတို့ မေဂျာမှာ ပြောမဆုံးသေး။ ဘယ်လောက်ပဲ အင်ဂျင်နီယာဌာနက ကြမ်းပါသည်ဆိုသော စီနီယာတွေကို မကြောက် ။ Faculty King ဆိုသည့် ရာထူးကို ကျောင်းတစ်ပတ်ပြေးပြီး လက်လွှတ်ခဲ့သည့် သူ့ကို စီနီယာတိုင်းက ကြည်နေသည်တော့ မဟုတ်။ အထူးသဖြင့် လူသစ်ကြိုဆိုပွဲကို ကြီးမှူး ကြီးကြပ်ခဲ့သည့် Hazer team က အစ်ကိုအစ်မတွေ ။ သူ့ကို တွေ့ရင် အစ်မတွေဆို မျက်စောင်းထိုးရင်ထိုး မထိုးရင် လူကာ လာစမ်း ဆိုပြီး ကန်င်တင်းခေါ်ကာ အအေးဝယ်တိုက်ခိုင်း ပြီး ပညာပြသည်။ စီနီယာ အစ်ကိုတွေကတော့ ကျောင်းဘောလုံးလက်ရွေးစင် ၊ စစ်တုရင်ချန်ပီယံဆိုသည့် ဂုဏ်တွေနှင့် သင်ပုန်းချေ လိုက်ပေမဲ့ တစ်ခါတလေ သူတို့ဘားထိုင်ပြီး အိမ်မပြန်နိုင်ပါက အရေးပေါ် ဖုန်းနံပါတ်က လူကာ ဖြစ်နေဆဲ။ညကြီးသန်းခေါင် အပြင်ထွက် မထနိုင်တော့သည့် စီနီယာကို ကုန်းပိုး ဆိုင်ကယ်နှင့် အဆောင်ပြန်လိုက်ပို့ ရသည်က စာသင်နှစ်ဝက်တိုင်းမှာ အခါခါ။ လူကာ အခန်းဖော်လေး တု ကတော့ ထိုကိစ္စကို
"မင်းရှင်းသင့်တယ် ။ ငြိမ်ခံမနေနဲ့။ မင်းတစ်ချက်စွေကြည့်လိုက်ရုံနဲ့ သူတို့တွေ ကုပ်သွားလိမ့်မယ်။ ဒီလောက် မာဖီးယားရုပ်ပေါက်နေတဲ့ ရုပ်ကြီးကို မင်းထုတ်မသုံးတာ နှမျောစရာ.." ဟူ၍ မချင့်မရဲ ပြောတတ်သည်။
မတတ်နိုင် ။ လူကာ ကိုယ်တိုင်ကကို အလျှော့ပေးနေတတ်တာ အကျင့်လိုဖြစ်နေခဲ့ပြီ ။ အိမ်က ညီမလေး နှစ်ယောက်ကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ဖေဖေဆုံးပြီးတည်းက အိမ်မှာ ယောကျာ်းသားဆိုလို့ လူကာပဲ ကျန်ခဲ့သည်။ မေမေ နှင့် ညီမလေးက လူကောင်သေးသေးလေးတွေ ။ အဲ့အချိန်တည်းက လူကာက အမေ့ကို အမေဆိုပြီး ချွဲနွဲ့ မနေတော့ ။ အိမ်က မိန်းကလေးနှစ်ယောက်လုံးကို လူကာ့ ညီမလေးတွေလို့ပဲ သဘောထားပြီး မိန်းကလေး နှစ်ယောက် ကို တာဝန်ယူပေးခဲ့သည်။
လူကာက အလယ်တန်း ကျောင်းသားဘဝတည်းက အိမ်မှာ လိုတာမှန်သမျှ လုပ်ပေးခဲ့၏ ။ အိမ်ကမီးလုံးမီးချောင်းလဲတာကအစ ကားပြင်တာ အထိ အကုန်သူ့ လက် သူ့ခြေ။ အဖေထားခဲ့ပေးသည့် မိသားစုစီးပါွးရေးလေးကို အခြေအနေမပျက်အောင် အမေသေးသေးလေးက ထိန်းပေးခဲ့ပြီး လူကာက အိမ်တာဝန် ၊ ညီမလေးကို ထိန်းကျောင်းရေး အကုန်တာဝန်ယူပေးခဲ့တာ။ အမေက စီးပွါးရှာရုံပဲ ။ အိမ်ရဲ့ စားရေးသောက်ရေးကအစ သူ အဲ့အရွယ်တည်းက ချက်ပြုတ်ပေးခဲ့သလို တစ်ဖက်မှာလည်း ညီမလေးတာဝန်ကို မလျစ်ဟင်းစေရ။ ဘဝမှာ သည်းခံဖို့ ၊ ခြွေတာဖို့နှင့် တစ်ပါးသူ အပေါ် အနွံတာခံဖို့က သီးသန့်လေ့ကျင့်ရေး ဆင်းစရာမလိုသည့် ပညာရပ်တွေ။ ဆိုတော့ တက္ကသိုလ် Hazer team က လူတွေ ဆိုးတာလောက်တော့ သူ့အတွက်က ဘာမှကို ဟုတ်မနေ။ တစ်ခုပါပဲ သူ့ကို ဟိုလူဒီလူနဲ့ လိုက်မ ship ရင် ... လူရှေ့ သူ့ရုပ်ရည်သုံးပြီး ထွက်ရမဲ့ ကိစ္စတွေ မခိုင်းရင်ဘဲ အဆင်ပြေ ပြီ။
ယခုလည်း ပွဲကြည့်စင်ကို မကြည့်မိအောင် မျက်လုံးအကြည့်မရောက်အောင် ထိန်းရင်း နည်းပြ ခိုင်းသမျှ မောင်းသမျှကိုပဲ စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားနေလိုက်သည်။
"နေပြင်းလာပြီ ။ အားလုံးခဏနားမယ်။ အတန်းတက်စရာရှိရင် သွားတက်မယ်။ ညနေ 5နာရီအရောက်ကွင်းထဲ ပြန်လာမယ်။ နောက်ကျတဲ့သူ ကွင်းကို 11ပတ်ပြေးရမယ်။ ဘယ်နှစ်မိနစ်ပဲ နောက်ကျကျ ။ နောက်ကျ တာနဲ့ ပြေးရမယ် ။ကဲ တန်းဖြုတ်မယ်"
အားလုံးနေရိပ်ထဲ ပြေးဝင်ကြသည်။ တု က စောင့်နေပေးပြီး သူ့ကို ရေဗူးကမ်းပေးသည်။ နေပူထဲက ထွက်ထွက်ချင်းမို့ ရေခဲရေ မသောက်ရဲ။ ထည့်လာသည့် ရေဗူးထဲမှ ရေကိုသာ ဖြည်းဖြည်းချင်း မော့သောက်ရသည်။ သူ့တစ်ကိုယ်လုံး တရှိန်းရှိန်းနှင့် ဖြစ်နေသည်။ တု က သူ့ကို လျှပ်စစ်ပန်ကာလေး ကမ်းပေးပြန်သည်။အရောင်က ပန်းရောင်နှင့် အဖြူူရောင်လေး ။ သူ့မှာရော တုမှာရော ဒါမျိုးက အရင်က မရှိခဲ့။ သူမျက်မှောင်ကျုံ့တော့ တု ကရယ်သည်။ ကိုယ်ကို ဘေးငဲ့ပြသည်။ လူကာ မသိအောင် လာပေးထားကြသော မုန့် မျိုးစုံ ။ အအေးမျိုးစုံနှင့် တခြား လူကာ မသိသော အရုပ်ပိစိကွစိတွေ။ လူကာ နေကပူပူ ၊ စိတ်ကပါ ရှုပ်ရှုပ်ဖြစ်သွားရသည်။ တုက သဘောတကျရယ်ရင်း သူ့နားကို ပန်ကာ ထိုးပေးသည်။ လျှပ်စစ်ပန်ကာ က ရေငွေ့လေးတွေပါ ထွက်နေ၍ နည်းနည်းတော့ အေးသွားတာတော့ အမှန် ။ ဘယ်သူမှန်းမသိပေမဲ့ လာပေးသွားသူကို တော့ လူကာ ကျေးဇူးတင်မိပါသည်။
"လူတွေက ထူးဆန်းလိုက်တာ။ သူတို့နဲ့ ငါနဲ့လည်း မသိဘဲနဲ့..."
"မင်းက မသိပေမဲ့ သူတို့က မင်းကို သိတယ်လေ။ လူကာ မင်း က အရိယာလား။ တောထွက်မှာလား။ ပတ်ဝန်းကျင်ကိုလည်း ကြည့်ပါအုံး ။ ငါတွေ့ဖူးသမျှ ဘန်ကောက်သားထဲ မင်း အအေးဆုံးပဲ လူကာ"
ကက်ချနာဘူရီသားလေးက အားမရစွာဆိုသည်။
"ဘာလုပ်မှာလဲ။ လူတွေက ရှုပ်ကရှုပ်နဲ့..."
"မင်း မိန်းမတွေ မကြိုက်ရင်လည်း ကောင်လေးတွေ ကြည့်ကြည့်ပါအုံး။ အခုလာပေးတာတွေက မိန်းမတွေကချည်း ပေးတာမဟုတ်မှန်းတော့ မင်းသိတယ်မလား"
လူကာ ခေါင်းညိတ်ပြသည်။ သူသိသည်။ သူတို့နိုင်ငံ၏ ကျား မ မခွဲခြားမှုက ဒီနှစ်ပိုင်းတွေထဲ ပိုမို တိုးတက်ပြောင်းလဲ လာခဲ့သည်။ အဆောင်မှာပါမက ဌာနမှာတောင် ယောကျ်ားလေးချင်းတွဲသည့် သူတွေအများကြီး ။ သူနှင့် တုကို တောင် ထင်ကြသူတွေလည်း ထုနဲ့ဒေး။
တုက အဆောင်မှာအခန်းဖော်အဖြစ် နေဖြစ်ကြတည်းက သူ့အကောင်းဆုံး သူငယ်ချင်းပဲ။ မေဂျာမတူပေမဲ့ အမြဲ သူနဲ့ တုက တတွဲတွဲ။ လူကောင်သေးသေး တု က သူ့ကို အစ်ကို တစ်ယောက်လို အားကိုးသည်။ အိမ်မှာ အငယ်ဆုံးဖြစ်ခဲ့ရုံသာ မက တက္ကသိုလ်တက်မှ ဘန်ကောက်ရောက်လာသော တု အတွက် လူကာ က မီးပြတိုက်ကြီးပဲ။ ခွေးပေါက်လေးလို လူကာ သွားရာနောက် တကောက်ကောက် လိုက်တတ်ပြီး လူကာ့ အတွက် တိုးတိုးဖော်ဆိုလည်း မမှားဘူး။ ကျောင်းမှာ သူတို့ နှစ်ယောက်ကို Ship ကြပေမဲ့ သူတို့ ဘာသာကတော့ ရှင်းသည်။
"တု မင်း အတန်းမရှိဘူးလား"
"ညနေ တစ်တန်းရှိတယ်။ မင်း ညနေ လေ့ကျင့်ချိန်ရှိသေးတယ်မလား"
သူခေါင်းညိတ်ပြသည်။ ခြစ်ခြစ်တောက်ပူနေသော ကွင်းကြီး ကြည့်ပြီး နှစ်ယောက်သား မတိုင်ပင်ပါဘဲ သက်ပြင်း ချမိသည်။
"ဒီနှစ်တော့ ချူလာကို နိုင်မှာပါနော် ။ အဲ့ကောင်တွေ ဇောင်းကြွလွန်းတယ်ကွာ။ ငါတို့ သိပ်ထားနိုင်မှ အာမကျယ်ရဲတော့မှာ"
"ကစားတာပဲကွာ...နိုင် ရမယ်လို့ရယ်လည်း မဟုတ်ပါဘူး။"
"ဆာထု"
တု က သူ့ကို လက်အုပ်ချီပြီး ရွှဲ့သည်။ သူ ဘာမှဆက်မပြောတော့ ။ လူတွေဘာလို့ အတင်းအကျပ် အသဲအသန်ဖြစ်နေကြတာလဲ လည်း သူ နားမလည်။ ဒီအတိုင်း လုပ်စရာရှိတာကို စေတနာထားပြီး အကောင်းဆုံး လုပ်လိုက်ရင် ပြီးပြီမဟုတ်ဘူးလား။
လူကာ့ ရင်ထဲအတွေးနဲ့တင် ငြိမ်းအေးသွားသည်။ အပြင်က အပူတွေ တောင် လျော့သွားသလိုပဲ။ လူလည်း အမောပြေ ပြီဖြစ်၍ ဗိုက်ဆာလာသည်ကို သတိပြုမိသည်။
"ကန်င်တင်းသွားရအောင်"
ဘောလုံးဝတ်စုံမလဲ ရသေးသည့် သူ့ကို တော်တော်များများက ကွက်ကြည့်ကွက်ကြည့် ။ လူကာ စားနေကျ အတိုင်း ဝက်သုံးထပ်သားအကြွပ်ကြော် ကဖောင်ကို ကြက်ဥဟက်ဖရိုက် သုံးလုံး ။ ဟန်နီလီမွန်ဆိုဒါ ကတော့ မပါမဖြစ် ။
"အချိုပွဲအတွက် ချိုတာလေးတွေ ထပ် စားလိုက်ရရင်..."
လိုက်ပွဲ သီးသန့် ဝယ်ထားသော ထမင်းတစ်လုံးကို ထပ်စားရင်း လူကာ တမ်းတမိသည်။ တုက သူ့ကို ကြည့်ပြီး စိတ်ပျက်သလို ခေါင်းခါသည်။ ဂျင်မသွား ဘာမသွား ။ အစားလည်း မလျှော့ဘဲ ကိုယ်ရည်စစ်နေတတ်သည့် သူ့ကို တုက မနာလိုကြောင်း အမြဲပြောတတ်သည်။
"မင်း အချိုစားတာတွေ လျှော့စမ်း လူကာ။ တစ်နေ့တစ်နေ့ အဲ့လောက်စားနေရင် မင်း ဆီးချို သွေးချို အစောကြီး ဖြစ်မယ်"
"မစားပါဘူး။ တောင့်တ ရုံပါ"
သူ ပြန်ချေပလိုက်ပြီးမှ ခပ်လှမ်းလှမ်းက ရိုတီဆိုင်ကို မျှော်ကြည့်ရသည်။ ထမင်း ကို လက်စသတ်နေစဥ်မှာပဲ ညီမလေး ဆီက ဖုန်းဝင်လာသည်။
"ရိုစီလေး ပြော"
"ကိုကြီး ညီမလေး လာကြိုပါ့လား"
"ဟမ် ကိုကြီး လေ့ကျင့်ရေးရှိတယ်။ ညီမလေး သူငယ်ချင်းတွေနဲ့ ပြန်နေကျမလား။ ဘာဖြစ်လို့လဲ"
"သူတို့နဲ့ စိတ်ကောက်ထားလို့... ပြီးတော့ မယ့် က ဒီနေ့ အလုပ်နဲ့ နယ်ဆင်းရမယ်တဲ့။ ညီမလေး အိမ်ပြန်ရင်တစ်ယောက်တည်း ဖြစ်နေမှာ"
"ခဏ...အဲ...အခု အတန်းတော့ ရှိတယ်။ ဒါပေမဲ့ ပျက်လို့ ရမရ..."
လူကာ တွေနေစဥ်မှာပဲ စိတ်ဆက်သည့် ညီမလေးက ဖုန်းချသွားခဲ့ပြီ။ လူကာ စားလက်စ ထမင်းအရသာ လေးတောင် ဘယ်ပျောက်သွားမှန်းမသိ။ လူကာ ထရပ်ရတော့ သည်။ တုက စိတ်ပျက်သလို ခေါင်းခါသည်။
"တု ငါ ညီမလေးကို အရင်သွားကြိုလိုက်အုံးမယ်။"
"ဆာထု"
တုက မြန်မြန်ကြွ ဟူသော ပုံဖြင့် လက်အုပ်ချီပြီးမှ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြသည်။ သူ ဘောလုံး ဝတ်စုံပေါ် မေဂျာ အပေါဝတ်ထပ် ။ အိမ်သာထဲ ပြေးကာ စတိုင်ပင် ပြန်ဝတ်ပြီး ညီမလေး ရှိရာကျောင်းသို့ ပြေးရသည်။ လူကာ့ ညီမလေးက စာတော် သည်။ ဘန်ကောက်၏ နာမည်ကြီး အင်တာနေရှယ်ကျောင်းတွင် ပညာသင်ဆုရထားသည့် ကျောင်းသူ။ သည်နှစ်ထဲမှာတင် SATဖြေပြီးထားပြီ ။ နောက်ဆုံး စီနီယာတန်းကို ကျော်တက်ကာ GED ဖြေပြီး ချူလာက ဥပဒေတန်းကို လျှောက်ဖို့ ကြိုးစားနေသည့် ကလေး။ သူတို့ အိမ်၏ ရတနာလေးလို တန်ဖိုးထားရသည့် ကလေးမလေးပင်။ ဒီကလေးလေး စိတ်မညစ်ဖို့က လူကာ ၏ အရေးကြီးဆုံးတာဝန်။
လူကာ ကျောင်းရှေ့ရောက်ရောက်ချင်း ညီမလေးက ထွက်မလာသေး ။ အရိပ်ရသည့် နေရာတွင် ဆိုင်ကယ်ကို ရပ်ရင်း ညီမလေးကို သူရောက်နေကြောင်းစာပို့လိုက်သည်။ မလှမ်းမကမ်းတွင်လည်း တခြားသော ကားများ ရပ်ထားသည်။ ဘာရယ်မဟုတ် လူကာ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်ရင်း မျက်လုံးထဲ တန်းဝင်လာသည်က နောက်ဆုံးပေါ် ကားအနက်ရောင်တစ်စီး ။ ကားထဲမှာက ယောကျာ်းလေး နှစ်ယောက်။ တစ်ယောက်ကို လူကာ ကောင်းကောင်းသိသည်။ သူတို့ကျောင်းပွဲများတွင် ရောက်လာလေ့ရှိသည့် စီနီယာ။ သူတို့ ဌာနကတော့ မဟုတ်ပေမဲ့ ထို စီနီယာကို ဘန်ကောက်တက္ကသိုလ်တွင် မသိသူမရှိ။
လူကာ မျက်ခုံးပင့်သွားသည်။ ကောင်လေးတစ်ယောက်နှင့် အတူတူရှိနေသော စီနီယာ။ သူတွေ့နေကျ အစ်ကိုတစ်ယောက်နှင့်မဟုတ်။ စီနီယာ့ ဘေးက ကလေးက ညီမလေး အရွယ်။ ငယ်ရင်တောင် ငယ်လိမ့်မည် ။ နှင်းလို ဖွေးစွတ်နေသော အသားအရည်နှင့် စကားပြောရင်တောင် ချိုင့်ခွက်သွားသော ပါးချို့င့်နှစ်ဖက်ကို နေရှိန်နေသည့်ကြားမှ လူကာ သတိထားမိသည်။ သူတို့ ဘန်ကောက်မှာ အချောအလှတွေ ပေါများလာသည်မှန်သော်လည်း ကားထဲက ကလေးသည် မြင်နေကျ အချောအလှတို့ကို အပြတ်အသတ် ကျော်တက်ထားသည့် ပြိုင်ကား လေးသဖွယ်။ စီနီယာနှင့် အချေအတင် တစ်ခုခုကို စိတ်အားထက်သန်စွာ ဆွေးနွေးနေဟန် ။ ကောင်လေးမှာ စကားပြောရင်းအားပါလာဟန်ဖြင့် လက်ဟန်တွေပါ ပါလာသည်။
"ဘာစပ်စု"
ပခုံးကို ပုတ်ခံလိုက်ရပြီး ညီမလေးက ပြောရင်း သူကြည့်နေသည်ကို လိုက်ကြည့်သည်။
"အယ်... သူကကျောင်းကို ဘာလာလုပ်တာလဲ"
"သိလား"
"သိတယ်လေ။ သီအိုလေ အလယ်တန်းတုန်းက ညီမလေးနဲ့ တစ်တန်းတည်း...အခုတော့ သူက ချူလာ မှာ ပထမနှစ်တက်နေပြီ"
"အမ် ချူလာမှာတောင် ပထမနှစ်တက်နေပြီ။ အခုမှ 17လောက်ပဲ ရှိသေးတာမလား။"
ညီမလေးက သူဆိုင်ကယ်ဦးထုပ်ဆောင်းပေးနေသည်ကို ငြိမ်နေရင်းမှ နှာခေါင်းတစ်ချက်ရှုံ့ပြီး ဆက်ပြောသည်။
"သူက ဉာဏ်ကြီးရှင်လေ...အခုလည်း အင်တာတိန်းမန့် တစ်ခုမှာ မင်းသားဝင်လုပ်နေတာ။ အဓိက နေရာတော့ မဟုတ်သေးပါဘူး။ သူ့ဘေးက တစ်ယောက်က သူ့ပါးပါးလေ။ ဖီရိန်းကိုတော့ သိတယ်မလား။ ကိုကြီးတို့ ကျောင်းက ကျောင်းမြက်ကလေးလေ"
လူကာ ခေါင်းညိတ်ပြလိုက်သည်။ သူ သိသည်ဆိုတာ ဖီရိန်းကို ဖြစ်ကြောင်းတော့ မပြောဖြစ်လိုက်။ ညီမလေး ပြောသည့် အကြောင်းအရာ အကုန်လုံးကိုတော့ လူကာ လိုက်မမီပါ။ လူကာ လည်း စာမညံ့ပေမဲ့ ဥာဏ်ကြီးရှင်လေးတွေကတော့ လူကာ နားလည်နိုင်သည့် အတိုင်းအတာထက် ပိုသည်။ ညီမလေးက ဆိုင်ကယ်ပေါ် တင်ရင်း သူ့ခါးကို ဖက်လာရင်းမှ...
"ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ကလေးတွေများ အရာရာ ရေကန်အသင့် ကြာအသင့်ပါပဲ"
ညီမလေးကို ပြောပြီး ပင်ပန်းဟန်ဖြင့် သက်ပြင်းချသည်။ ပါးလေးတစ်ဖက်က သူ့ ကျောပြင်ကို အပ်ထားသည်။ လူကာ နွေပူပူမှာ ရင်မောသွားသည်။ ညီမလေးကိုလည်း ကားထဲက ကလေးလို နေမထိ လေမထိ လိုလေစေ့ မရှိ ထားချင်လိုက်တာ။
နေပူပူကျဲထဲ ဆိုင်ကယ်ကို မောင်းထွက်ရင်း လူကာ ဖြတ်ကျော် ခဲ့သော ကားပြတင်းပေါက်ကို တစ်ချက် ငဲ့ကြည့်မိသည်။
နေမထိလေမထိ နေလာခဲ့ရဟန် ရှိသည့် ပုံစံဖြင့် ကောင်လေးမျက်နှာထားက ရုပ်ရည်လေးနှင့် ပြောင်းပြန်အချိုးကျနေသည်။ တည်တင်းကာ တင်းမာရင်း စီနီယာ့ကို ပေစောင်းစောင်း ကြည့်နေသည်။
သူ့ညီမလေးကိုလည်း အဲ့လို ဘဝလေးနဲ့ ရှိစေချင်လိုက်တာ... လှလှပပ သက်သောင့်သက်သာလေး တက္ကသိုလ် တက်စေချင်လိုက်တာ...
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz