ZingTruyen.Xyz

ညီ

Extra(Unicode)

HsuChiKo365

Extra
၁၄နာရီကြာ ခွဲစိတ်မှုကြီးပြီးနောက် ကျွန်တော်ပထမဆုံးပြန်နိုးထလာသောမနက်ခင်းတွင် ကျွန်တော့်အသည်း
ကိုညီက ကောင်းစွာလက်ခံနိုင်နေသည်တဲ့လေ။ ကျွန်တော်သာလျှင်ညီ့ကို ချစ်တာမဟုတ်ပါဘူး။
စိတ်ထိန်းမဲ့ကြွက်သားတွေဖြစ်တဲ့ ကျွန်တော့်ကိုယ်တွင်းအဂါၤတွေကပါ ညီ့ကိုယ်လေးထဲ ကောင်းစွာအလုပ်လုပ်
ပေးနေခဲ့ပြီ။ ဒါမျိုးကို အသွေးထဲအသားထဲကချစ်တယ်လို့ ပဲခေါ်မလားလေ။ဒီလိုပြောရင်သိပ်များပိုသွားမလား။
ပိုးသတ်ခန်းထဲထည့်ထားခံရသော ညီသည် လောင်ကျွမ်းပြာကျပြီးသည့်နောက်ဝံ့ကြွားစွာ ပြန်လည်ရှင်သန်
နိုးထလာသော ဇာမဏီငှက်လို လန်းလန်းဆန်းဆန်းနှင့်မို့ငေးကြည့်လို့ပင်မဝနိုင်။
ကျန်းမာရေး ဒေါင်ဒေါင်မြည်လှသော ကျွန်တော်သည် ညီ့ထက်စောစီးစွာ နလန်ထူနိုင်၍ ဆရာဝန်တွေက
ပြန်ရန် ပြောကြသော်လည်း ကျွန်တော်က ညီ့အနား ပေကပ်နေ၍သာ။
ခွဲစိတ်မှုအောင်မြင်သည်ဆိုသည့် သတင်းသည်လူမှုကွန်ရက်တွေကတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ
သို့တိုင် ရောက်ရှိသဖြင့်နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အတွက် ရောက်ရှိလာသော ဂုဏ်ပြုပန်းစည်းတွေ။
ညီဆို အံ့သြမဆုံးတော့။
"ဆယ်လီ တွေမှ မဟုတ်ပဲနဲ့ဗျာ" ဟူ၍ ခပ်တိုးတိုးလေးပြောတတ်သေးလေရဲ့။
ရန်ကုန်မြေသို့ခြေချချိန်တွင်တော့ နှစ်ဖက်မိဘတို့သည် ဘာတွေတွေးကာစိုးရိမ်သည်မသိ သားကောင်းနဲ့
ဇက်အတူတူထားလို့ မဖြစ်သေးဟုဆိုကာ ညီကို ပြင်ဦးလွင်က ကိုကို့ခြံတွေဖက်ပို့ထား၍ ကျွန်တော်နှင့်ညီ
တိတ်တိတ်အသည်းကွဲရသေး၏။ ကိုယ်တွေမှာ ညီ နေကောင်းလာရင် ဘာလုပ်မယ်ဘာညာနဲ့ နှစ်ယောက်သား
တိုင်ပင်ပြီး အစီအစဉ်တွေ ဆွဲထားသမျှ ခုတော့... ပေးခဲ့ဖူးတဲ့ကတိတွေအား အလွမ်းနဲ့သာ အနားသတ်ထား
ရတော့၏။
လာချင်ရင်အနီးလေးဖြစ်လို့ သောကြာနေ့ ညတိုင်းပြင်ဦးလွင်သို့တက်ကာ အားလပ်ရက်တွေတိုင်း
ညီနဲ့အတူတူရှိနေဖို့ ကြိုးစားသော ကျွန်တော့်ကို ညီကလည်း အပြုံးနဲ့ဆက်ဆက်ကြိုမြဲ။
မိဘတွေကလည်း တကယ်ရယ်ရသည်။ အရင်ကဆို ညလုံးပေါက် ဘောလုံးပွဲအတူတူထိုင်
ကြည့်ခဲ့တာတောင်ဘာမှမပြောဘဲ ညီ့ကို အခုဆို အပြင်ကို တစ်ယောက်တည်းခေါ်သွားခွင့်မပြု
ညီ့ကို အပြင်ခေါ်ထုတ်ချင်ပါက ကိုကို သို့မဟုတ်မေပြုံးက ပါမြဲ။
ကိုယ်တွေဘာသာအရင်ကလို တစ်ယောက်ပုခုံးတစ်ယောက်ဖက်သွားဖို့ပင်မလွယ်တော့။ကျွန်တော့်အဖြစ်က
အစ်ကိုမောင်တွေ၊ မိဘတွေရဲ့ အချစ်တော်လေးကို ခရီးဝေးထိလာရောက်ပိုးပန်းနေသော လူပျိုသိုးကြီးလိုလို။
ကိစ္စတော့မရှိ ပါလာသူလက်ထဲ ကင်မရာထိုးထည့်ကာ ညီနဲ့အမှတ်တရ ဓာတ်ပုံရိုက်ခြင်းဖြင့် ညီ့ အနား
ညာတာပါတေးကပ်ခွင့်ရသည်။
တစ်ခါတလေပိုဆိုးတာက ကျွန်တော့်ဖေဖေ ရန်ကုန်ဆင်းလာချိန်နဲ့တိုးရင်သေပြီပဲ။
"သားကောင်း ကို လိုက်တွေ့ဦးမှ" ဆိုသည့်အကြောင်းပြချက်နဲ့ ကျွန်တော်နဲ့အတူတူလိုက်လာတတ်သည်။
ဖေဖေလိုက်လာပြီဆို ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် စေ့စေ့ပင်ကြည့်ဖို့ ခက်လှ၏။
တစ်ယောက်တစ်ယောက် ခိုးခိုးကြည့်ရင်းနဲ့သာ အားလပ်ရက်တွေကိုဖြတ်သန်းရသည်။
ကျွန်တော့်အဖြစ်က ငိုရခက်ရယ်ရခက်ကြီးနဲ့...
ရန်ကုန်ပြန်ရောက်ပြီဆို အခန်းထဲနေရင်း ဖုန်းထဲမှ ညီ့ပုံတွေကြည့်ကာ ကျွန်တော်ညတွေကို ဖြတ်သန်း
ရသည်။
"အား...အတူတူနေချင်ပြီ" ဟူသောစကားကို ညီ့ပုံတွေကြည့်ပြီးတိုင်း ညီနဲ့ ဖုန်းပြောပြီးတိုင်း ခေါင်အုံးထဲ
မျက်နှာထည့်ကာ ကြုံးအော်နေကျ။
အသက်၂၅နှစ်နားနီးမှ ကျွန်တော့်မှာ ခုမှရည်းစားထားဖူးသော လူပျိုပေါက်စလေးလို ဖြစ်နေသည်။
သိပ်တော်လွန်းတဲ့မိဘတွေရယ်။

ကိုဇက်...အင်း အဲ့ နာမည်ကို စိတ်ထဲကရွတ်မိတာပဲဖြစ်ဖြစ်၊ နှုတ်ကထွက်ဆို လိုက်တာပဲဖြစ်ဖြစ်
ကျွန်တော့် နှလုံးခုန်နှုန်းတွေမြန်ဆန်ထကြွလာတတ်မြဲ။ ကျွန်တော့်ကိုယ်ထဲ သူထည့်ပေးထားတာ
အသည်းလား၊ နှလုံးလား လို့တောင် ယောင်မှားသံသယဝင်မိသည်။
ကျွန်တော့်ကိုယ်ထဲမှာ အဆိပ်အတောက်အားလုံးကို စစ်ယူပေးထားသော သူ့အသည်းတစ်ခြမ်းသည်
ကျွန်တော့်အသက်နှင့်ခန္ဓာအား တွဲဆက်ပေးထားရုံသာမက ကျွန်တော်သွေးသားများကိုလည်းသန့်
စင်ပေးထား၏။ နောက်မှ သိရတာဆေးရုံတက်စဉ်ကာလတစ်လျှောက် လိုအပ်သည့်သွေးတို့အား သူ့ကိုယ်
ထဲမှ ဖောက်ထုတ်ပေးခဲ့သည်တဲ့။ ကျွန်တော့်ကို အသွေးအသားများစွာပေး၍ ချစ်ထားသူထံ ကျွန်တော့်ဘဝ
အပ်နှံချင်သည့်ဆန္ဒအား မနည်းစိတ်ထိန်းထားရသည်။ ကျွန်တော့်ကိုယ်ထဲ သူ့သွေးသား သူ့အစိတ်အပိုင်းတွေ
ရှိနေသည်ဆိုသည့်အသိ။ ခန္ဓာကိုယ်တွင်ရှိနေသော ချုပ်ကြောင်းရာအား မှန်ပေါ်တွင်မြင်နေရသော
အခါတိုင်းမျက်ရည်ဝဲရသည်အထိ ကြည်နူးပီတိဖြစ်ရသည်။
ထိုသို့ ကျွန်တော့်ကိုချစ်ခဲ့သူသည် အခုတော့ဖြင့်ကျွန်တော့်လာတွေ့ချိန်တိုင်း ခမျာမှာကျွန်တော့်အား
မထိရက်မကိုင်ရက်နှင့်။ မိဘတွေရှေ့ ၊ အစ်ကိုရှေ့ မို့ များစွာ အနေအထိုင်ဆင်ခြင်ကြရသည်။
ပုံမှန်ပြောဆိုအတူတူထိုင်နေရင်တောင် မေမေနဲ့ ကိုဝဏ္ဏက ကိုဇက်ကို စောင့်ကြည့်အကဲခတ်နေတာ။
ကျွန်တော့်ကိုခိုးခိုးကြည့်ချိန်တိုင်း ကျွန်တော်ရယ်လည်းရယ်ချင်သလို သနားလည်း သနားသည်။
ပရိယာယ်တွေမဆင်တတ်သည့် ကျွန်တော့်ချစ်သူသည် လှေထိုးကြီးရိုးရိုးသာ ချစ်တတ်သူ။
တစ်ခါတလေ ကလေးနဲ့တောင်တူနေတတ်သေး၏။ ကလေးလို ရိုးသားသော သူ့အားဂုဏ်ပြုသောအားဖြင့်
ကျွန်တော့်ဖုန်းထဲမှ သူ့ကို Ari(ကလေး)ဟူ၍ မှတ်ထားခြင်းကို ဘာသာစကားမလိုက်စားတတ်သောသူသည်
"ဒါဘာလဲ။ ဒါဘာလဲ" နှင့်လိုက်မေးနေပေမယ့် မသိချင်ယောင်ဆောင်နေဒဏ်မခံနိုင်တော့သည့်အဆုံး
သူလိုရာဆွဲတွေးပါတော့၏။
"ချစ်ဆုံးကြီးလား။ အဲ့လိုမှတ်ထားတာလား ဟင်...ညီ ဟုတ်တယ်မလား"
"ခွီး"
ကျွန်တော်ထရယ်တော့ ရှက်သွားသေး၏။ ပြောပါတယ် ကျွန်တော့်ချစ်သူက ကလေးကြီးပါပဲ။
ကလေးကြီးသည် တစိမ်းတွေရှေ့တွင်တော့ စွန်းတည်ငြိမ်သူ။
အချိန်ပိုင်းကျူတာဆရာပေါက်စလေးသူသည် ကထိကရာထူးရရန်စာကျက်စရာတွေရှိနေသူ့သည် ပိတ်ရက်တွေ
စာမကြည့်ဘဲ ကျွန်တော့်အား လာတွေ့နေခြင်းအပေါ်ကြာတော့ ကျွန်တော်အားနာလာသည်။
နောက်ပြီး အမှန်တိုင်းပြော ကျွန်တော်လည်း ကိုဇက်နဲ့ကြာကြာခွဲမနေချင်တော့။ တစ်နှစ်နဲ့နှစ်လဆိုသည့်
အချိန်က လုံလောက်နေပြီလေ။အခုဆိုစိတ်ပဲဆောင်နေလို့လားမသိ ကျွန်တော့်ကျန်းမာရေးလည်း
ကောင်းနေပြီပဲ။
မေမေတို့က ဘာကိုတွေးပြီးဘာတွေပူနေမှန်းကိုမသိတာ။ အစက ဆရာဖြစ်ရုံသာမက အလုပ်တွင် သူ့အရွယ်နဲ့
သူ ရာထူးကြီးကြီးရထားသော သူ့သိက္ခာကို ငဲ့နေရသေး၍ မိဘတွေသဘောကျ နေပါသေး၏။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုဇက်နဲ့ဒီပုံစံအတိုင်းဆက်သွားနေ၍ မဖြစ်တော့၍ ဉာဏ်နီဉာဏ်နက်ပါ မက
ရှိသမျှအရောင်စပ်ကာ ကြံရတော့၏။ များများစားစားတော့ လုပ်စရာမရှိ။ ကျေးဇူးရှင်နှစ်ဖက်မိဘတို့အား
ဘေးကျပ်နံကျပ်ဖြစ်သွားအောင်ပဲ လုပ်ပေးလိုက်တာ။ မတတ်နိုင်တော့ဘူး။ ကျွန်တော်သူ့နားနေချင်နေပြီ။
ပထမဆုံး ကျွန်တော့် မန်းလေးက IDOL coffee ဆိုင်ခွဲကို မဦးစီးချင်ဘူးဟူ၍ ဘူးခံငြင်းနေသောဆုမြတ်ကိုကို
ထံသို့ မန်းလေးဆိုင်ကို တာဝန်ယူပါက ကျွန်တော်တို့ပုံတွေ Fileလိုက်ပေးပြီဟူ၍ ပြောခြင်းဖြင့်
နှစ်ချက်ကွက်ရိုက်ကြည့်လိုက်တော့ နှစ်ခါပင်မပြောလိုက်ရ ဘယ်နေ့လာရမလဲဆိုတာ ဖြစ်သွား၏။
လွန်ခဲ့တဲ့တစ်နှစ်ကျွန်တော့်တို့ခွဲစိတ်မှုပြီး ကျွန်တော်တို့နှစ်ယောက်အကြောင်း လူတော်တော်များများ
စိတ်ဝင်စားလာချိန် နှစ်ဖက်မိဘတွေ၏ အရှိန်အဝါနှင့် အသိုင်းအဝိုင်းကိုငဲ့ကာ ကျွန်တော်တို့သတင်း
အမှောင်ချထားလိုက်ရ၍ သူတို့ထောင်ပေးထားသော Pageလေးလည်း ပိတ်လိုက်ရတယ်လေ။
ကျွန်တော်ရော ကိုဇက်ပါ လူမှုကွန်ရက်တွေ မသုံးသလို နာမည်ကြီးတွေလည်းမဟုတ်တော့ သတင်းက
ခဏတွင်းငြိမ်ကျသွားသည်။ တစ်ချို့ဆို ကျွန်တော်တို့နှစ်ယောက်က တကယ့်အတွဲ မဟုတ်ဘူးလို့တောင်ထင်
နေကြပြီဖြစ်သည်။
အခုတော့ HCတွေ ပါဝါခဏယူသုံးမှဖြစ်တော့မယ်။ နောက်ပြီး ထိုင်းမှာနေစဉ်ကျွန်တော့်ကိုလာ
အားပေးတတ်တဲ့ လက်ထပ်ပြီးသား စုံတွဲအစ်ကိုနှစ်ယောက်ကိုလည်း နည်းနည်းပါးပါးအကူအညီလှမ်းတောင်း။
အိုကေ ပြီဆိုတာနဲ့ကွတ်ကီးလုပ်ငန်းအကြောင်းပြကာ ရန်ကုန်ကိုပြန်ဆင်း။
မမချိုနဲ့ ဆုမြတ်ကိုကိုလက်ထဲ ကျွန်တော်တို့ပုံတွေရောက်ပြီဆိုတာနဲ့ မပြန့်မှာတော့ ပူစရာမလိုတော့၍
ကိုဇက်နားနေရင်း ဘုမသိဘမသိနဲ့ "သားဘာမှမသိလိုက်ဘူး" ဆိုသည့်စတိုင်ဖမ်းနေလိုက်ရုံပဲ။
ကျွန်တော်ဟာ ဘယ်လိုတောင် တော်တာလား။ သြော် ချစ်တော့လည်း ဒီလောက်တော့တော်ရတာပေါ့လေ။
ကျွန်တော်လို ချစ်သူမျိုးကိုပိုင်ဆိုင်ရတာ ဟိုလူ တကယ်စိတ်ကြီးဝင်သင့်တယ်။
ဒါတွေအကုန်ကျွန်တော့် လက်ချက်မှန်းသာသိကြည့်၊ ကိုဇက် ရူးတောင်သွားဦးမယ်။

HCတွေလက်ထဲပုံတွေရောက်သည်နှင့် အချိန်မဆိုင်း SNS ပေါင်းစုံတွင်ပလူပြန်ကုန်၏။
ကျွန်တော်တို့ဆေးရုံကဆင်းပြီးတည်းက ပျောက်သွား၍ အခု ကျွန်တော်တို့၏လန်းလန်းဆန်းဆန်း
ဖြစ်နေပုံများကိုတွေ့ရုံသာမက နှစ်ဖက်မိဘတွေနှင့်ပါ တွဲရိုက်ထားသောပုံများကြောင့် တစ်ချို့ဆို
ကျွန်တော်တို့အား လက်ထပ်ပြီးသည်ဟုပင် ထင်နေကြသည်ကို HCများကလည်းချော်လဲရောထိုင်
ရောကြိတ်နေကြကုန်၏။ တကယ်ရယ်ရတယ် ။ ကိုဇက်ဆိုတာကလည်း အဲ့လိုအထင်ခံရလည်းနည်းလား
ဆိုသည့် သဘောနဲ့ လာမေးသူတိုင်းကို ပြုံးပြုံး,ပြုံးပြုံးနှင့် နန်းမတော်မယ်နုစကားပြောနည်းဖြင့် မရှင်းမရှင်း
ပြန်ဖြေပေးတတ်သေး၏။ ဒါကိုနစ်နာစရာလို့ မတွေးတဲ့ကျွန်တော်ကလည်း အသားပဲ့ပါတဲ့ကိစ္စမဟုတ်သည့်
အတွက် ငြင်းမနေဘဲ တပြုံးပြုံးလုပ်နေပေးလိုက်တယ်။ ဒါထက်ပိုဆိုးတာက မနှစ်ကလက်ထပ်ထားကြသော
ထိုင်းကအစ်ကိုနှစ်ယောက်ရဲ့ မိတ်ဆက်ကောင်းမှုကြောင့် ထိုင်းမှ မဂဇင်း အယ်ဒီတာ တစ်ယောက်က
ရန်ကုန်ထိရောက်လာပြီး ကျွန်တော်နှင့်ကိုဇက်ကို အင်တာဗျူးပါတော့၏။
ကိုဇက်ဖေဖေအိမ်မှာမရှိခိုက်မို့ တီဆွေက အခွင့်ကြုံတုန်း အချက်ပါပါနှင့် ကျွန်တော်တို့ငယ်ငယ်တုန်းတည်း
ပုံတွေပါထုတ်ပေးလေသည်။ အယ်ဒီတာဆိုတာကလည်းမုတ်ဆိတ်ပျားစွဲသကဲ့သို့ပင်။
ကျွန်တော်တို့နှစ်ယောက်ပုံကို မျက်နှာဖုံးအဖြစ် တင်ခံလိုက်ရပြီးသကာလ အိမ်နီးချင်းနိုင်ငံများမှ BL (boy love)
ချစ်သူများ LGBT ထောက်ခံသူများ၏ ဝန်းရံပေးမှုကြောင့် စံချိန်ချိုးကာ ရောင်းအားအကောင်းဆုံး မဂဇင်းပင်
ဖြစ်သွားချိန် တောထဲမှာလမ်းဖောက်နေရှာသော ကိုဇက်ဖေဖေ လက်ထဲသို့ပင် ရောက်ရှိသွားတော့၏။
နောက်ဆုံးတွင်တော့ ရန်ကုန်ကို ကတိုက်ကရိုက်ပြန်ဆင်းလာရသော ကိုဇက်ဖေဖေ၏
"သားကောင်းကို ဘယ်လိုတာဝန်ယူပေးမှာလဲဇိုင်းဇက် ၊ အခု တစ်နိုင်ငံလုံးမဟုတ်တော့ဘူး။ မင်းတို့ကိစ္စက
အာရှတစ်တိုက်လုံး နည်းပါး သိနေသလိုဖြစ်နေပြီ" ဟူသောအမေးကို
"ညီ့ ကို ကျွန်တော်လက်ထပ်ပေးမှာပါ" ဟူ၍တက်တက်ကြွကြွပင်တုံ့ပြန်လေ၏။
ပြောပါတယ်။ နေကောင်းမြတ်သူက မပိုင်ရင်ဘာမှမလုပ်ဘူး။ တကယ်ပျော်တာ။ ညီ့ကို လက်ထပ်တော့မယ်ဆို
တာနဲ့ အဖေနှစ်ယောက်လုံးကမျက်နှာပူလို့လားမသိ
"မင်းတို့ဘာသာမင်းတို့ သီးသန့်နေကြ"
ဆိုလာ၍ ကျွန်တော်နဲ့ညီ နေဖို့ အိမ်တစ်လုံးအမြန်ဝယ်ရသေး၏။ စုထားသမျှ အကုန်ကုန်အောင်ရင်းကာ
သုဝဏ္ဏဖက်က လုံးချင်းအိမ်ရာတွေထဲက တစ်ထပ်တိုက်ပုအသစ်လေးတစ်လုံး ဝယ်လိုက်တော့၏။

အင်းလျားကန်စောင်းရှိဘိုးဘွားပိုင် နှစ်ထပ်အိမ်ကြီးထဲကြီးပြင်းလာခဲ့သူကိုခုလို တိုက်ပုလေးနဲ့ထားရမှာ
စိတ်တော့မကောင်းဘူး။ ဒါပေမဲ့ ညီက ဘာမှမပြောသည့်အပြင်သူ့ Babyကိုရောင်းကာ အိမ်ကိုရှယ်ပြင်တော့၏။
ညီ ကျွန်တော်နဲ့အတူနေဖို့အဲ့လောက်ထိတက်ကြွမယ်လို့ကိုမထင်တာ။ ဝယ်ကတည်းက မထိရက်မကိုင်ရက်
ဖြစ်ခဲ့သော သူ့Babyကိုမျက်တောင်တစ်ချက်မခတ်ပဲ ကြိုက်ဈေးခေါ်ပြီးခပ်တည်တည်နဲ့ကို ရောင်းပစ်လိုက်တာ။
ကျွန်တော်တားတာတောင်ကိုဇက်ကားရှိနေတာကို Babyကအပိုကြီးလို ဖြစ်နေတာလေတဲ့။
အိမ်ကိုသူ့စိတ်ကြိုက်ပြင်သည်။ ဆေးရောင်ကအစ ကျွန်တော်တို့နှစ်ယောက်ကြိုက်သော မိုးပြာရောင်ကို
အရောင်ထပ်ဖောက်ကာ သုတ်ထားသေး၏။ အိမ်ရှေ့ခြံလေးထဲတွင် ဂျပန်စတိုင်ကျောက်စရစ်အဖြူတွေခင်းပြီး
မေမေတွေစိုက်ထားသလို သစ်ခွစင်တစ်ခုနဲ့ သစ်ခွတွေလည်းစိုက်ထားသလို ခြံထောင့်တွင်လည်း
စက္ကူပန်းရောင်စုံကိုကိုင်းကူးနည်းနဲ့သေချာပျိုးလေ၏။
အိမ်ထောင့်တွေတိုင်း အလှမီးဆိုင်းတွေဆင်၊ သီချင်းသံကို တစ်အိမ်လုံးပြန့်နေစေဖို့ နံရံတွေထဲ စပီကာတွေ
မြှုပ်တာ ရေချိုးခန်းထဲတောင် မချန်ဘူး။
ရေချိုးခန်းဆိုလို့ရေချိုးခန်းသုံးပစ္စည်းသွားဝယ်တုန်းကလည်း ညီ ရွေးတဲ့ ဆိုဒ်ကကြီးနေ၍
"ညီ ဒါမကြီးလွန်းဘူးလား" ဟူ၍စကားထောက်မိသော ကျွန်တော့်ကို ခပ်တည်တည်ပြန်ကြည့်၍
"နှစ်ယောက်ဝင်ချိုးလို့ရအောင်" ဟုပြောလိုက်တော့ ကျွန်တော့်မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်နေချိန်
သူကမျက်နှာသေနှင့်ပင်။ ဒါသက်သက်နောက်ပြောင်နေခြင်းဖြစ်မှန်း သိသိကြီးနဲ့ ရှက်ရတာလည်း ကျွန်တော်
ပါပဲ။

အမှန်တော့နိုင်ငံတော်ဥပဒေကန့်သတ်ချက်အရရော မိဘတွေကိုပြန်ငဲ့တာကြောင့်ရောမင်္ဂလာဆောင်
ထိတော့မလုပ်ပါဘူး။ ကျွန်တော်တို့ အိမ်သစ်တက်ပွဲသဘောနဲ့သာ ဘုန်းကြီးငါးပါးပင့်ဖိတ်လျက်
ခင်မင်သူအနည်းငယ်လောက်ကိုဖိတ်ကာ အလှူလုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်။
ကိုဇက်က ကျွန်တော်ပင်ပန်းမှာဆိုး၍ အော်ဒါမှာကျွေးလို့ရမယ့် တစ်ခုခုစီစဉ်ဖို့ပြောပေမယ့် ကျွန်တော်က
ကျွန်တော်ကိုယ်တိုင်ချက်ပြီး လှူချင်၍သူဘာမှမပြောတော့။
အမှန်ဆို ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပုံမှန်အတိုင်းပြောရင် မင်္ဂလာဦးအလှူပဲလေ။
ကျွန်တော်ကိုယ်တိုင်ချက်ပြီးပဲ ဘုန်းကြီးတွေကို ဆွမ်းကပ်ပေးချင်တာ။ အလှူလုပ်မယ့်ရက်မတိုင်ခင်
နှစ်ရက်အလိုတည်းက မေမေတို့က ကျွန်တော့်တို့နှစ်ယောက်အသုံးအဆောင်တွေသယ်အိမ်သစ်ကိုပို့နှင့်
ကျွန်တော်တို့ထက်ပင် အလုပ်တွေရှုပ်လှ၏။ အခန်းထဲက နံရံကပ်ဗီဒိုထဲအဝတ်အစားတွေ ထည့်ပေးနေ၍
ဝင်တားတော့...
"သားကောင်းရေ အိမ်ရှေ့က ဖေကြီးနှစ်ယောက်ကို ခေါ်လိုက်ဦး။ သားတို့အိပ်ရာခင်းပေးရအောင်လို့"
"အာ ရပါတယ်။ နောက်ပြီးမှ ကျွန်တော်ခင်းပါ့မယ်"
"သားကောင်းကလည်း မင်္ဂလာအိပ်ရာခင်းဆိုတာ ငယ်လင်ငယ်မယားဖြစ်တဲ့ မိဘတွေကခင်းပေးရတာ
ထုံးစံပဲသားရဲ့။ ဒါမှ အိမ်ထောင်ဖက်တွေ မခွဲမကွာပေါင်းရမှာ"
ခေါင်းတွေသာ တဖြင်းဖြင်းနဲ့ကုတ်ချင်မိတော့တယ်။ နားရွက်တွေပါ နီလာသလားပဲ။
ကိုဇက် ရှက်အောင်ရုပ်တည်နဲ့နောက်ခဲ့သမျှ အမေနှစ်ယောက်နဲ့ ကျွန်တော်ဝဋ်လည်နေပြီ။
အမေနှစ်ယောက်နဲ့တင် မျက်နှာပေါ်ပူတင်းဖုတ်လို့ ရနေပြီကို မျက်နှာပူလို့အိမ်ရှေ့ထွက်နေတဲ့
အဖေနှစ်ယောက်ကို ကျွန်တော်က ဘယ်မျက်နှာနဲ့ ကျွန်တော်တို့မင်္ဂလာဦးအိပ်ရာဝိုင်းခင်းပေးဖို့ သွားခေါ်
ရမလဲ။
"ညီ!မေမေတို့ကော"

လိုအပ်တာတွေသွားဝယ်ပြီး အထုပ်အပိုး တပုံတပင်နဲ့ပြန်ရောက်လာသော ကျွန်တော့်ကယ်တင်ရှင်ကို
သူကြိတ်ကြွေခဲ့ရသော ကျွန်တော့်သတက် ပေါ်အောင်တစ်ချက်ရယ်ပြရင်း...
"ကိုဇက် အိမ်ရှေ့က ဖေဖေတို့ကို ခဏလောက်ခေါ်ပေးပါ"
"ဘာလုပ်ဖို့လဲ ညီ"
"မေမေတို့ ခေါ်ခိုင်းလို့ သွားပါဗျာ"
နောက်မှနေ၍ခါးကိုအတင်းတွန်းကာ အရောက်ပို့နေသော ညီ။ ဘာအကြောင်းမှန်းလဲမသိဘဲ
အူကြောင်ကြောင်နဲ့ သွားခေါ်ပေးရတော့၏။
"မေမေတို့က ဘာလုပ်ဖို့ခေါ်တာတဲ့လဲညီ"
အခန်းထဲဝင်သွားပြီး တော်တော်နဲ့ပြန်မထွက်လာကြသော နှစ်ဖက်မိဘတွေကြောင့်စူးစမ်းမေးမြန်းတော့မှ
ထုံးစံအတိုင်း မျက်နှာသေနဲ့
"မင်္ဂလာဦးအိပ်ခန်းပြင်ပေးမလို့တဲ့" ပြောပြီးသည်နှင့် မီးဖိုခန်းထဲတန်းဝင်သွားသောညီ။
အား...တိုင်နဲ့သာပြေးဆောင့်ချင်တယ်။ အဖေနှစ်ယောက်ပြန်ထွက်လာရင် ဘယ်မျက်နှာနဲ့နေရမလဲ
ညီ ဆေးထိုးချက်က သေလောက်တယ်။
အလှူမတိုင်ခင်နေ့ချက်ကြပြုတ်ကြတော့ မျက်နှာပူချိန်လည်း မရတော့ပါဘူး။ ထမင်းကျွေးမယ်စဉ်းစားတော့
အစအဆုံး ဟင်းအမယ်ပေါင်းစုံချက်ရ၏။ နှစ်ဖက်ဆွေမျိုးက အဒေါ်တွေကြီးကြီးတွေပါဆုံလေရော။
လူလည်းလုံးလည်လိုက်နေတာပဲ။ ဟိုဟာပြေးဝယ်လိုက်၊ ဒီဟာလိုပြေးဝယ်လိုက်၊ လာချက်ပေးနေတဲ့လူတွေကို
မုန့်ဝယ်ကျွေးရတာနဲ့ ညီရော ကျွန်တော်ပါ တစ်ချက်မထိုင်ရ။ စိုးရိမ်တာကအလှူပြီးတာနဲ့ ညီလဲမှာသာ
ကြုံသည့်အချိန်လေး ညီ့ကို ချွေးတွေဘာတွေသုတ်ပေးနေစဉ် မီးဖိုချောင်ထဲဝင်လာသော အဒေါ်တွေ
မြင်သွား၍ ဝိုင်းအော်ကြတာများ HCတွေထက်တောင်ဆိုးတယ်။
အမြဲမျက်နှာသေနဲ့ ပြောချင်ရာတွေပြောနေတဲ့ ညီတောင် ခေါင်းကုတ်ကာ ရှက်သွားရသည်အထိ။
မနက်အာရုံဆွမ်းအမှီချက်ပြီးပြုတ်ပြီးအားလုံးပြင်ဆင်ပြီး ည ခဏလေးအိပ်ဖို့ကျတော့
"သားတို့အခန်းထဲသွားအိပ်ချင်အိပ်လေ။ အခုချိန်ခဏအိပ်ထား"
ဟူ၍ပြောပေမယ့် ညီရော ကျွန်တော်ရော အခန်းထဲမဝင်ရဲ။ တွေးကြည့်လေဗျာ ။ ဒီဆွေမျိုးတစ်သိုက်နဲ့
အဖေနှစ်ယောက်ပါမက ကိုကိုပါရှိနေချိန်ညီ့ကို အခန်းထဲခေါ်သိပ်ဖို့လောက်ထိ ကျွန်တော်မရဲ။
ညီကလည်း "ရတယ် ရတယ်" နဲ့ ချောင်လေးတစ်ချောင်ထဲ ကျန်းမာရေးဖျာလေးခင်းပြီးခွေခွေလေးလှဲနေ၏။
တစ်နေကုန်ပင်ပန်းထားသူနား ကျွန်တော်လည်း ကျောဆန့်ခြေဆန့်သွားလှဲချင်သော်လည်း စိတ်လျှော့ကာ
ညီနဲ့မလှမ်းမကမ်းမှာသာ လှဲနေရတော့၏။
"ဒီအလှူပွဲမြန်မြန်ပြီးပါစေ" လို့ဆုတောင်းရင်ကျွန်တော်ငရဲကြီးနိုင်လား။

သာမာန်သတို့သမီးသတို့သားတွေရဲ့ မင်္ဂလာဦးဆွမ်းကျွေးက ဘယ်လိုနေလဲတော့ ကျွန်တော်လည်းမသိ။
ကျွန်တော်နဲ့ညီ အတွက်ကတော့ ဗီယက်နမ်ပြောက်ကျားစစ်ဆင်နွှဲနေရသလိုပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ကို
ဖြစ်နေတာ မနက်မိုးလင်းတည်းက။
မနက်အစောကြီးရေထချိုးမယ့်ညီ့အတွက် ရေနွေးစပ်ပေးတာလေးကိုပင် စနပ်တွေချပြီးစတေးထပ်ကြ
ကာ ဖီးလ်နေသော မမချိုနဲ့ဆုမြတ်ကိုကိုနှစ်ယောက်ကြား နေရတာလည်း ထင်သလောက်မလွယ်။
ဒီကြားထဲညီက တကယ်ရယ်ရသေး၏။ သူ့အရင် ရေချိုးအဝတ်အစား လဲခိုင်းပါတယ်ဆိုမှ ကျွန်တော်
အခန်းထဲရောက်ချိန်ထိ သူမှာအပေါ် ကလည်ကတုံးနဲ့ အောက်ကပုဆိုးကျစ်ကျစ်ပါအောင်စုကိုင်ထားဆဲ။
ကချင်ပုဆိုးနက်ပြာကွက်က သူ့လက်ထဲတင်တွန့်ကြေနေပြီ။ ကျွန်တော့်ကို မြင်တော့မှ
"ကိုဇက်...ပုဆိုးကိစ္စလုပ်ဦး" ဟူ၍ပုဆိုးကြီးစုကိုင်ရင်း ခါးကော့ကာအနားရောက်လာ၍ ရေချိုးပြီးစ
ကျွန်တော်ကြက်သီးမွှေးညှင်းထသွားရသည်။
"လုပ်ဦး ကိုဇက် ကျွန်တော်မဝတ်တတ်ဘူး"
ဟုတ်သားပဲ။ သံရုံးကျောင်းမှာ စတိုင်ပင်ဝတ်ခဲ့ရရုံသာမက ဘောင်းဘီတွေပဲဝတ်တတ်တဲ့အဖေနဲ့ကြီးပြင်း
လာရသူ ညီက ကျွန်တော့်ကဲ့သို့ပုဆိုးကို ခိုင်အောင်မဝတ်တတ်။ ငယ်ငယ်တုန်းကကျွန်တော့်တို့
ရှင်ပြုတုန်းကတောင် ပုဆိုးကိုဗိုလ်အောင်ဒင်လိုခါးပတ်နဲ့ ပတ်ထားပေးရတာ။
"လာ လာ ကို ဝတ်ပေးမယ်"
"အခန်းတံခါးရော လော့ချခဲ့လား"
ဟိုနှစ်ယောက်ရန်ကို ကျွန်တော်တစ်ယောက်တည်း ကြောက်ရနေတာမှမဟုတ်ပဲ။ ခါးကြီးထောက်ကာ
ရှေ့ကိုကော့ထား၍
"ဟာ...အဲ့လိုကြီးမနေနဲ့ ရတယ်။ ညီ ပုံမှန်အတိုင်းပဲရပ်နေ"
ငါနော် ညီတစ်ယောက်နဲ့ တကယ်ချွေးပြန်တယ်။
"ကိုဇက်! ကျွန်တော်ကျွတ်တော့ မကျလောက်ပါဘူးနော်။ ဘုန်းကြီးတွေရှေ့ ပုဆိုးကျွတ်ကျရင်..."
"ဟား ဟား မကျွတ်ပါဘူးညီရာ။ ကို ခိုင်အောင်ဝတ်ပေးထားပါတယ်"
ထိုင်လိုက်ရင် ပုဆိုးကျွတ်မှာဆိုး၍ ကျုံ့ကျုံ့လေးရပ်နေရင်း အကျီၤလဲနေသောကျွန်တော့်နောက်မှဂျီတိုက်
နေသော နဂျီကောင်လေးက တကယ့်ဟာသလေးပါ။
"ထိုင်လိုက်ထ လိုက်နဲ့ဆို ကျွန်တော်မခိုင်ဘူး ကိုဇက်ရ...ဧည့်သည်တွေရှေ့..."
"ခါးပတ်ပတ်ထားမလား ကိုတို့ရှင်ပြုတုန်းကလို"
"ဟာ...ဗျာ အဲ့လိုကြီးတော့ မလုပ်ချင်ဘူး"
"စိတ်မပူနဲ့ ကျွတ်တော့မယ်လို့ စိတ်ထဲထင်နေရင် ကို့ ကိုပြော။ ကိုပြန်ဝတ်ပေးမယ်။ ဟုတ်ပြီလား"
"ဘဝကြီးက ထင်သလောက်မလွယ်လိုက်တာဗျာ"
မရယ်နဲ့ ဇိုင်းဇက်။ မရယ်နဲ့။ ဒီအလှူမပြီးမချင်း ညီ့မျက်နှာရိပ်မျက်နှာကဲကိုသာ စနိုက်ပါတပ်သားလိုသာ
ပစ်မှတ်မလွတ်စောင့်ကြည့်နေတော့။ သူ့ခါးပတ်ထားတာ ပုဆိုးမဟုတ်ဘူး။ မင်းကိုစိစိညက်ညက်ကြေ
သွားစေမယ့်လူသတ်လက်နက်။
" ကိုဇက် ခဏလေး"
စွပ်ကျယ်အဖြူပေါ် ကော်လံကတုံးထပ်ဝတ်တော့ လှမ်းတားကာ ဗီဒိုထဲမှ ဗူးတစ်ဗူးထုတ်ကာ ကျွန်တော့်ရှေ့
လာရပ်ရင်း "လက်ဆောင်ပေးမလို့" ဟုဆိုကာ ထုတ်ပေးလာသော ပစ္စည်းသည်သူ့သတက်ပေါ်က
အလင်းပွင့်ထက်လဲ့နေသော စိန်ကြယ်သီးတွေ သီတန်းထားသောရွှေကြိုး။ ပုံစံကြည့်တာနဲ့
ဘိုးဘွားပိုင်အမွေဆိုတာ သိသာနေ၏။
"ဒါ ကျွန်တော့် အဘွားက အဘိုးကိုပေးခဲ့တာတဲ့ ။ အခုဖေဖေက ကျွန်တော့်ကိုပြန်ပေးထားတာ"
"ဟာ ဒါကိုယ့်ဘိုးဘွားအမွေပဲ။ ညီပဲသိမ်းထားလိုက်ပါ"
"ကျွန်တော်ပေးချင်လို့ပါ ကိုဇက်ရာ။ မင်္ဂလာဦးလက်ဆောင်ကို လေးလေးနက်နက်ဖြစ်စေချင်လို့ လက်ခံပါ"
"ညီရာ..."
"ကျွန်တော် တပ်ပေးမယ်"
ကျွန်တော်တကယ်ခံစားရတယ်။ ကျွန်တော့်မှာ အိမ်ဝယ်ရတာနဲ့ တခြားအလုပ်ကိစ္စတွေနဲ့မို့ ညီ့အတွက်
ဘာလက်ဆောင်ပစ္စည်းမှ မဝယ်ပေးဖြစ်။
"ပြီးပြီ။ မိုက်တယ်ဗျ ကိုဇက်နဲ့ ဟီး မြို့အုပ်ကြီးလိုလို နယ်ပိုင်ကြီးလိုလိုဘာလိုလိုနဲ့..."
အပြောင်အပျက်ပြောနေသူ၏ နှဖူးပြင်ပေါ်အနမ်းတစ်ပွင့်ဖြုတ်ခနဲ ခြွေချလိုက်တော့ အခုထိ အသည်းငယ်
နေသေးသူ၏ ကိုယ်လေးဆက်ခနဲတုန်သွားသည်။
"ချစ်တယ်ညီ"
ပြန်မော့ကြည့်နေသော ညီ့မျက်ဝန်းတို့သည်တကယ်ကို လှ၏။ ဖေဖေကြိုက်တဲ့ ဦးခင်မောင်တိုး ဆိုတဲ့
ချစ်ရည်ရွှန်းလဲ့မျက်ဝန်းလဲ့ပြာပြာဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့။ ကျွန်တော့်မှာလည်း သီချင်းထဲကလို
ပီတိအဟုန်လွှမ်းခြုံနေတုန်း။
"သားငယ်ရေ မပြီးသေးဘူးလား။ ဆရာတော်ဘုရားတွေကြွလာတော့မယ်"
"နှစ်ယောက်သားကြာလိုက်တာ။ ဘာတွေလုပ်နေကြတာလဲ အခန်းထဲ"
ဂါး...အမျိုးတွေ ကောင်းကိုမကောင်းဘူး။
ယောကျာ်းလေးနှစ်ယောက်အလှူဖြစ်တာကြောင့်သာမာန်စုံတွဲတွေလိုတစ်ယောက်လက်တစ်ယောက်ချိတ်ကာ
လှလှလေးနဲ့ "စားနော်" ဘာညာလိုက်ပြောနေရတာမျိုးမဟုတ်။ အိမ်ရှေ့ပြေးလိုက် အိမ်နောက်သွားလိုက်
လိုက်ပွဲလိုက်ပေးလိုက်နဲ့ ပန်းကန်ဆေးမနိုင်ရင် ဝင်ဆေးနဲ့ moments ထုတ်ဖို့ဆိုပြီး ကင်မရာကြီးနဲ့
ရောက်ချလာသော မမချိုတို့ပင်လျှင် ဝင်ကာ စားပွဲထိုးကြရတော့၏။ ဒီကြားထဲ ညီ နှာခေါင်းရှုံ့ပြလိုက်တာနဲ့
အခန်းထဲ ပြေးကာ ပုဆိုးဝတ်ပေးရသေးတာကတင် အခါနှစ်ဆယ်မက။
ဒီကြားထဲကနေတောင် ဝေယံရှေ့မှာ ပုဆိုးတက်နင်းမိနေသေးလို့ ထည့်ပေးလက်စလိုက်ပွဲတွေ ချထားပြီး
ညီ့နားပြေးရသေးတယ်။ အလှူပြီးတာဆိုတာနဲ့လည်းနားလို့မရ သိမ်းရဆည်းရ။ ငှားထားတဲ့ ဒယ်အိုးဘာညာ
ဘုန်းကြီးကျောင်းပြန်အပ်ရနဲ့။ ကျောင်းထိုင်ဆရာတော်က သူကိုယ်တိုင် ကျွန်တော်တို့ကို ဆံချပေးခဲ့သူမို့
အကြောင်းသိနေတော့...
"ရေစက်ဆိုတာကို ဆုတောင်းမှားတယ်။ ဟိုဘဝက မကောင်းမှုတစ်ခုခုကြောင့် ခုလိုဖြစ်တာဆိုပြီး
မထင်စေချင်ဘူး" ဟူ၍တရားဟောရင်း ထည့်ပြောသဖြင့်ကျွန်တော်တို့မှာ ဝမ်းနည်းဝမ်းသာနဲ့။
အလှူပြီးတာတောင်ဆွေမျိုးတွေက မပြန်ဘူးလုပ်နေ၍ အလိမ္မာနည်းနဲ့ ကားစီစဉ်ပေးကာ
အိမ်တိုင်ရာရောက်လိုက်ပို့ပေးရသေး၏။ ကျွန်တော်တို့အိမ်ပြန်ရောက်တော့ ည၇နာရီ။ လူလည်း ပြိုင်းနေကော
"ကိုဇက် ညစာ စားမယ်မလား"
"အင်း စားမယ်လေ။ ဘာမှတော့မကျန်တော့ဘူး ။ ညီ ရ"
" အချိုပွဲက မုန့်တွေတော့ ကျန်သေးတယ်။ ကော်ဖီနဲ့သောက်ပြီး..."
" မနက်ကလည်း ညီဘာမှစားတာလည်းမဟုတ်ဘူး။ ထမင်းပဲစား ညီ။ ဆေးတွေလည်းသောက်ရဦးမှာ
မှန်း လာဦး ကိုယ်တွေနွေးနေသလိုပဲ"
နှဖူးပေါ်လက်တင်ထားကာ စိုးရိမ်တကြီးနဲ့ဖြစ်နေသူကို ခိုးကာမော့ငေးနေရင်း ရင်ထဲလည်းတလှပ်လှပ်နဲ့။
ကိုဇက် နဲ့ ကျွန်တော်က ခုဆို တရားဝင်ဖြစ်သွားပြီ ဟူသောအတွေးကတင်။
"ကိုယ်မပူပါဘူး ကိုဇက်ရာ...ဒါဆို ညစာချက်လိုက်ရမလား။ Freezer ထဲမှာ အသီးအရွက်တွေတော့ရှိတယ်"
"နေ၊ နေ မချက်နဲ့။ ဆိုင်ကဝယ်စားမယ်။ ဒီထိပ်မှာ တရုတ်စားသောက်ဆိုင်ရှိတယ်"
တရုတ်စားသောက်ဆိုင်ဆိုတာနဲ့ မျက်လုံးတွေ လဲ့ကနဲဖြစ်သွားပြီး
"အခေါက်ကင်မစားရတာတောင် တော်တော်ကြာပြီ" ဟူ၍ပြောပုံက ရည်းစားဟောင်းကိုတမ်းတနေပုံမျိုး။
သိတယ်။ ကျွန်တော်နဲ့နေရင် သူကြိုက်တာတွေပူဆာတော့မယ်ဆိုတာ။ ညီ့ကို အကင်စာတွေကျွေးလို့မရသေး။
သူတကယ်စားချင်နေရှာတာ သိပေမယ့် အလိုတော့မလိုက်ချင်။ ဒါဘယ်လိုပြန်ကယ်ထားရတဲ့ အသက်လဲ
ဆိုတာ သူရောကျွန်တော်ရော သိနေတာ
"နောက်မှ စားရအောင်။ အခု ချိုချဉ်ကြော်နဲ့ငါးခေါင်းဟင်းချို ဝယ်ခဲ့မယ်လေနော်"
"လာလေ။ ဒါဆို သွားရအောင်"
"အဲ ညီမလိုက်နဲ့။ အိမ်မှာပဲနေခဲ့။ ဟိုမှာ သောက်စားနေကြတဲ့ လူတွေနဲ့"
ပိုတယ်ဟူ၍စောဒက မတက်စေချင်။ အခုခေတ်က ယောကျာ်းလေးမို့ စိတ်ချထားလို့ရတာမျိုးမဟုတ်။
"အင်း အင်း သွားရင်းနဲ့ Mini Mart ကyogurtတစ်ဗူးပါဝယ်လာပေး။ အဲ ထမင်းဝယ်မလာနဲ့
ကျွန်တော်တည်ထားလိုက်မယ်နော်ကိုဇက်"
"အိုကေ"
"ဟင်ရေချိုးလိုက်တယ်။ ရေနွေးနဲ့ချိုးတာလား"
မြန်လိုက်တာ။ သွားဝယ်နေတဲ့ ခဏလေးမှာ ချိုးလိုက်တာ။ ရာသီဥတုက အအေးနည်းနည်းပါလာ၍
ဖျားမှာဆိုးတယ်။ နှစ်ရက်လုံးလည်းပင်ပန်းထားထားတာကို။
"နေရတာကြီးနုန်းနေလို့ ။ ကိုဇက်လည်း သွားချိုး သွား ။ တစ်နေကုန်ဟိုပြေးဒီပြေးနဲ့ ချွေးတွေထွက်ထားတာ"
အေးပါကွာ။ အိမ်နေရင်း ဘောင်းဘီတိုနဲ့ ဆပ်ပြာနံ့ မွှေးနေသူနားကခပ်မြန်မြန်ပဲထွက်လာလိုက်ရသည်။
မဟုတ်ရင် " ပန်းသီးစိမ်းနံ့ရောနေတဲ့ကိုဇက် ရဲ့ကိုယ်သင်းနံ့က ဘယ်လိုဘယ်ဝါ" ဆိုပြီး စချင်စနေဦးမှာ။
"ညီ ကမအိပ်သေးဘူးလား"
ထမင်းစားပြီး TVရှေ့အခွေထည့်နေရင်းမှ နောက်ပြန်လှည့်ကြည့်ရင်း
"ခဏလောက်ပါပဲ" ဟု ပြန်ဖြေပေးသည်။
ဆိုဖာ ပေါ်ထိုင်နေသော ကျွန်တော့်အောက်ကမွှေးပွကော်ဇောပေါ် အကျအနထိုင်ကာ နဂါးမောက်သီးနီ
ရောထည့်ထားသော yogurtတွေကို ဇွန်းနဲ့တဂွတ်ဂွတ်ကောက်နေ၏။ အစားအသောက်ပျက်မှာတော့ မပူရ။
အစကအရင်လို ပြန်မဖြစ်မှာ စိုးရိမ်နေကြရတာ။ ခုတော့ဖြင့် အားပါးတရရယ်လိုက်ရင်ကို ပါးစုံလေးတွေ
မို့တက်လာတာ။ အိမ်နေရင်းဘောင်းဘီက တိုနေရတဲ့အထဲ တပလင်ခွေချိတ်ထိုင်၍ ဖွေးဖွေးဥနေသော
အတွင်းသားတွေ။
အင်း...နောက်ဆိုအိမ်နေရင်းပုဆိုးဝတ်တတ်အောင်သင်ပေးထားရမယ် ဟု တွေးရပြန်ပါသေးသည်။
yogurtစားရင်းကြည့်နေတဲ့ကားက Conjuring2။ ပြောမယ်ဆိုမင်္ဂလာဦးညမှာကြည့်နေတဲ့ ကားက...
မျက်လုံးအပြူးသားနဲ့ yogurtတွေခပ်စားလိုက် ကြည့်လိုက်နဲ့ ကျွန်တော့်ကိုအဖတ်ကိုမလုပ်တာ
"ညီ နည်းနည်းကျွေး"
ဒီလိုပဲ ဇာတ်လမ်းစရတာပေါ့။ စကားမရှိစကားရှာကြည့်တော့မှ လှည့်ကြည့်ကာ "ဟ" ဆိုသည့်
တစ်လုံးတည်းသော အမိန့်က ချိုမြိန်၏။ တောင်းသာစားရတာခွက် လက်ထဲထည့်ပေးမယ်ထင်နေတာ။
ခွံ့ကျွေးလာတယ်ဆိုတာက။ ဒါကြောင့်ရှေ့ကလူတွေလက်ထပ်ကြတာနေမှာ။
ဆိုဖာပေါ်ဘေးတစောင်းလှဲရင်း နည်းနည်းလေးရောင့်တက်ကြည့်မိသည်။
"ညီ ဒီမှာလာလှဲကြည့်ပါလား"
ကျွန်တော့်ဘေးနေရာကျဉ်းကျဉ်းကို လက်ပုတ်ပြတော့ ဘုကြည့်ပြန်ကြည့်မှာလန့်နေသော ကျွန်တော့်အနား
စွေ့ခနဲဝင်လှဲ၍ ကျွန်တော်ပင် ကြောင်အသွားရသည်။ တစ်ကိုယ်လုံး ကျွန်တော့်ရင်ခွင်ထဲရောက်နေချိန်
ဆံပင်ထူအုပ်အုပ်တွေကို ခိုးနမ်းနေတာကိုလည်း ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးသာ ရုပ်ရှင်ကြည့်နေသောညီ။
လူတွေရှေ့ဆို ခပ်တည်တည်နေတတ်သော ညီသည် အခုကဲ့သို့ ကျွန်တော်ပြောသမျှ လိုက်လျောပေးနေတာ။
ညီ ကျွန်တော့်ကို အားနာနေတာလည်း ပါလိမ့်မည်။
မမချိုတို့ ပြောပြချက်အရ ညီက ကျွန်တော့်ကို မိသားစုတစ်ခုမဖန်တီးပေးနိုင်ခြင်းအပေါ် အားငယ်နေတာတဲ့။
သူ့ကိုယ်သူလည်း ထင်နေပါလိမ့်မယ်။ သူဟာ ယောကျာ်းတစ်ယောက်ဖြစ်နေ၍ ကျွန်တော့်ကို ရင်မခုန်စေဘူး
လို့လေ။ ကျွန်တော့်အိပ်မက်တွေသာ ပြောပြလိုက်ရ။ ဒီကောင်လေး အနားတောင်ကပ်ရဲတော့မယ်မထင်ဘူး။
"ညီရာ အဲ့ကားကြီး မကြည့်ပါနဲ့"
"Why not?"
"မင်္ဂလာဦးညမှာ သရဲကားကြည့်နေတာက တစ်မျိုးဖြစ်မနေဘူးလား"
"သရဲကြောက်နေမှ ကိုဇက်နဲ့ အတူတူအိပ်ရဲမှာ"
အင်...ညီ့ကိုလိုက် ကိုမမှီတော့တာ။
"ဟား ညီရာ..."
သရဲကြောက်မှ ကျွန်တော်နဲ့အိပ်ရဲမယ်ဆိုတဲ့ လူက အဲ့သရဲကပဲ သူ့ချော့သိပ်လိုက်လားမသိ။
ကျွန်တော့်ဘေး အိပ်မောကျသွား၏။
"ပင်ပန်းနေလို့ အိပ်ခိုင်းနေတာကို သူ့ ဘာလုပ်မှာဆိုးနေလဲ မသိ"
ပွစိပွစိပြောနေတာတောင် မနိုးဘူး။ တော်တော်ပင်ပန်းသွားရှာတာ။ တစ်နေကုန်မထိုင်တောင်မထိုင်နိုင်။
နောက်ပြီး စိတ်လှုပ်ရှားနေလို့လားမသိ။ ဘာမှလည်းကျွေးလို့မရ
"ညီ လာ အခန်းထဲသွားအိပ်ရအောင်"
"အင်း"
"လာ ထ"
မျက်လုံးကြီးမှိတ်လျက်ပင် လိုက်လာသူ။ ခုတင်ပေါ်ရောက်တော့ မျက်လုံးကြီးမှိတ်လိုက်လျက်နဲ့ပင် ဦးတွေ
ချကာ ကန်တော့နေသေး၏။
"ကိုဇက်ကိုရှိခိုးပါတယ်"
လုပ်ပြန်ပြီ အထူးအဆန်းတွေ။ ဒီလိုကြီး နေ့တိုင်းအိပ်ခါနီးတိုင်းရှိခိုးနေရင်တော့...ကျွန်တော်တော့ခက်ရချည်ရဲ့။
ဥပုလ်နေ့လောက်ပဲ ကန်တော့လို့ပြောထားရရင်ကောင်းမလား။
"အင်း အင်း ကျန်းမာပါစေ ညီ။ ပိုက်ဆံတွေလည်းအများကြီးရှာနိုင်ပါစေ"
"အင်း...ကျွန်တော် အိပ်ပြီနော်"
"အင်းအင်း အိပ် အိပ်"
နောက်ကနေသိုင်းဖက်ထားတော့ ကျွန်တော့်လက်တွေကို ပြန်ဖက်တွယ်ထား၏။
ဒါသည် အိပ်မက်မဖြစ်ပါစေနဲ့ ။ ကျွန်တော်နိုးထလာတဲ့မနက်ခင်းမှာ ညီကျွန်တော့်နားရှိနေပါစေ။
ကျွန်တော့်ရင်ခွင်ထဲ ငြိမ်းချမ်းစွာအိပ်မောကျနေသော ညီ သည် တိတ်ဆိတ်တယ်။ ငြိမ်းချမ်းတယ်။
အပြစ်ကင်းတယ်။ လောကဓံတရားတွေအား ကျွန်တော်နဲ့တူတူရင်ဆိုင်နိုင်သူ။ သေမင်းနဲ့ရင်ဆိုင်ပြီး
ကျွန်တော့်ကို မထားခဲ့သူ။ ရှုတ်ချဝေဖန်ခြင်းတို့ကိုလည်း မျက်နှာလွှဲကာ ကျွန်တော့်ကိုသာကြည့်ပြီး
အတောက်ပဆုံးပြုံးပြတတ်သော ညီသည် ကျွန်တော့်အတွက်တော့ နတ်သားလေးပင်။
ညီ့ ချစ်ခြင်းတောင်ပံများအောက်ခိုဝင်နေသူ ကျွန်တော့်ကို ဘဝဆက်တိုင်း ညီချစ်ပါစေ။

လိုက်ကာဖွင့်လိုက်သည်နှင့်တပျော်တပါးအလည်ရောက်လာသောနေရောင်ထက် အနွေးဓာတ်ပေးနိုင်သော
ကျွန်တော်ချစ်ရသူက စောင်ပုံတွေကြားလုံးထွေးနေ၏။ ဆီကင်းလွတ်နေ၍ ဆံပင်တွေက ပွယောင်းယောင်း။
ချောမောသည်။ ပြီးတော့...တစ်ခါတလေကလေးဆန်စွာချစ်ဖို့ကောင်းတဲ့ကျွန်တော့် ကလေးကြီး
"ကိုဇက် ထတော့လေ"
"အင်း"
လက်တွေဆန့်ကာ ပျင်းကြောဆွဲနေသေး၏။ သူမနက်ခင်းတိုင်း နိုးထလာတတ်တဲ့ပုံစံကဒီလိုလား။
စိမ်းနေသေးသောအိပ်ရာအထိအတွေ့နဲ့ အကြားအာရုံထဲဝင်ရောက်လာသော ညီ့အသံ။ အာ ကျွန်တော်အခု
ကျွန်တော့်အခန်းထဲမှာမှ မဟုတ်ဘဲ။
"ကိုဇက်ရေ...ထတော့ဗျ"
ညီနှိုးနေသံ။ မနေ့ညက တစ်ညလုံးမအိပ်နိုင်။ အိပ်ပျော်နေသော ညီ့ကိုငုံ့မိုးကြည့်လိုက်၊ ညီ့ပါးပြည့်ပြည့်ကို
ဖွဖွလေးနမ်းလိုက် ၊ ပြန်လည်ရှင်သန်လာသော ဆံပင်ပျော့ပျော့တွေကို ကိုင်ကြည့်လိုက်၊ ညီ နည်းနည်းလေး
လှုပ်လာရင် နှိုးသွားမည်ဆိုးတာနဲ့ပြန်ငြိမ်နေလိုက်ရနဲ့ တစ်ယောက်တည်း အလုပ်တွေရှုပ်နေရင်း
မနက်မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားရတာ။
"ကိုဇက် ထတော့လေ"
"One Kiss"
စောစောစီးစီး သမုဒယအနွယ်မဖြုတ်နိုင်သေးသော လောဘသားကောင် ကျွန်တော်။ မျက်လုံးတော့
မဖွင့်ရဲဘူး။ ပြောသာပြောတာ ရှက်လည်းရှက်သလို ညီ့ကိုလည်း ကြောက်ရသေး၏။
မျက်လုံးတွေမှိတ်ရင်း ပါးတစ်ဖက်ကိုလက်ညှိုးနဲ့ထောက်ပြနေသောကိုဇက်။ ဘာကြောင့်မှန်းမသိ
ထိုအမူအရာက ကျွန်တော့်ကို ကျရှုံးသွားစေတာ။
ပါးပြင်ပေါ်နွေးခနဲကျလာသောနှုတ်ခမ်းနုနု ။ မွှေးပျံ့ပျံ့facial formအနံ့ကိုလည်း ကျွန်တော်ခိုးရှိုက်လိုက်မိတဲ့
ဤမနက်ခင်းသည်အလှဆုံးပင်။
"ထပါတော့ဗျာ။ လုပ်စရာတွေအများကြီးရှိတယ်ဗျ"
ဆွဲထူတာတောင် မျက်လုံးကြီးမှိတ်လျက် ငေါင်းစင်းစင်းလုပ်နေသော ကျွန်တော့်ရှေ့ထိုင်ရင်း ရှုပ်ပွပွ
ကျွန်တော့်ဆံပင်တွေထဲ ဝင်ရောက်လာသော ညီ့လက်ချောင်းသွယ်သွယ်တွေသည် ဆံပင်တွေကို
သူ့နေရာနှင့် သူနေထားတကျရှိနေစေရန် ပြန်လည်နေရာချထားရေးအား စိတ်ရှည်လက်ရှည်လုပ်ပေးနေ၏။
"ငှက်သိုက်ဖြစ်အောင်ဘယ်လိုအိပ်လဲဗျာ။ ထတော့ သွား၊ ကျွန်တော် မနက်စာ ပြင်ထားမယ်"
"စောင်တွေခေါက်ရဦးမယ်"
"နေ--နေ ကျွန်တော်လုပ်လိုက်မယ်"
ရေချိုးခန်းထဲတွင်တော့ သွားတိုက်ဆေး အသင့်ထည့်ပေးထားသော သွားတိုက်တံနီနီ။ အဝတ်လှမ်းစင်တွင်
လှမ်းထားသော မနေ့က ကျွန်တော်တို့ ဝတ်ထားသော အဝတ်အစားတွေ။
မနက်အစောကြီးထပြီး တစ်ယောက်တည်း လုပ်ထားတာတွေ။ ညီဆိုတာလေ ကျွန်တော့်ကို ပီတိဆေးကို
ပုံစံမျိုးစုံနဲ့ ချော့မော့တိုက်တတ်သူ။
"ကိုဇက် ရေချိုးရင် ရေလဲပုဆိုးကတန်းပေါ်မှာ"
အိမ်ရှေ့မှညီ့ အော်သံ။ ဘာမှလည်းမဟုတ်ပါဘဲ ပြုံးမိသေး။ ဒါကိုခေါ်တာလား အိမ်ထောင်သည်ဘဝဆိုတာ။
အိမ်ရှေ့ပြန်ထွက်လာတော့ ညီ့ကိုမတွေ့။ မွှေးပျံ့လာသော အမွှေးတိုင်နံ့အချို့ကြောင့်ဘုရားခန်းကို
သွားကြည့်တော့...မြင်ကွင်းကကျွန်တော့်ကို ငေးခနဲဖြစ်သွားစေသည်။
ရေစက်တွေခိုတွဲနေသေးသောဖက်ဖူးပန်းတွေ၊ ကြည်ကြည်တောက်တောက်သောက်တော်ရည်ဖန်ခွက်တွေ
နှင့် ကြာပန်းမီးဆိုင်းတွေနဲ့ သပါ္ပယ်နေသော ဘုရားကျောင်းတော်ဆောင်ေ့ရှ့
ငွေသပိတ်ထဲမှအငွေ့ထနေသော ဆွမ်းအား လက်လေးနှစ်ဖက်နှင့်ကပ်ရင်း လက်အုပ်လေးချီကာ
ဆုတောင်းနေသော ကောင်လေးသည် ငြိမ်းချမ်းသည်။ ဘောင်းဘီတိုလေးဝတ်ထားလျက်ထိုင်ရင်းဦးချ
ကန်တော့နေပုံကပင်ပျိုမြစ်မှုနှင် ကြည်လင်လွန်းလှ၏။
"ပြီးပြီလား။ ဘာတွေဆုတောင်းနေတာလဲ"
"ဘုရားရှီခိုးပြီးပြီးချင်း မလိမ်ချင်ဘူးဗျာ"
"ဘာဆုတောင်းလဲမေးတာ လိမ်ခိုင်းနေတာမှမ ဟုတ်တာ ညီရ ပြောပြပါ။"
"အင်း ကျန်းကျန်းမာမာနဲ့ မခွဲမခွါနေရင်း ဘဝဆက်တိုင်းကိုဇက် ကိုပါရမီဖြည့်ပေးနိုင်ပါစေ။ အင်း အဲ့လိုပဲ
ဆုတောင်းလိုက်တာ"
"ညီ ရာ..."
ဘယ်လောက်ထိကြည်နူးသွားလဲဆိုတာ ညီသိအောင်ပြောပြဖို့ ညီ့လောက်စကားမကြွယ်တာ ခက်တယ်။
"လာလေ သီးစုံထမင်းကြော်ထားတယ်"
"ဘာလို့ အစောကြီးထပြီး ဒါတွေလုပ်ထားတာလဲ။ အဝတ်တွေလည်းလျှော်ထားသေးတယ်"
"ယောကျာ်းလေးနှစ်ယောက်တည်း နေလို့အိမ်က ရှုပ်ပွနေတယ် ဆိုတာမျိုးမဖြစ်ချင်ဘူး"
"ဒါဆိုလည်း ကိုယ်လုပ်ပေးပါ့မယ်ညီရာ။ တစ်ယောက်တည်းမလုပ်ပါနဲ့"
"ရပါတယ်။ ပုံမှန်ယောကျာ်းတစ်ယောက်လုပ်နိုင်တဲ့ ကိစ္စမှန်သမျှ ကျွန်တော်လုပ်နိုင်နေပြီ။ မယုံဘူးလား"
"ဟွတ်!"
အသက်ရှုတောင်မှားတယ်ဆိုတာဒါမျိုး။ စားလက်စထမင်းပါသီးတယ်။
"ရေသောက် ရေသောက်"
ကျောကိုပါ ခပ်ဖွဖွပွတ်သပ်ချပေးနေသေး၏။ ရောင်စုံအသီးအရွက်တွေနှင့် တရုတ်မဆလာနံ့သင်းနေသော
ထမင်းကြော်သည် စား၍ပင်မဝ။
ဒီပုံစံအတိုင်း ညီချက်ကျွေးတာတွေသာ အားပါးတရစားသောက်နေပါက မကြာခင်ဝိတ်တက်လာလိမ့်မည်။
နည်းနည်းပါးပါးဆင်ခြင်စားမှ ကျွန်တော်ဗိုက်ပူကြီးဖြစ်နေလို့ မဖြစ်သေးဘူးရယ်။
"ဒီလိုအရသာရှိတဲ့ ဟင်းမျိုးချက်ကျွေးပါဦး"
ပန်းကန်ဆေးနေသော ညီ့နား နားကပ်ကာ ခနော်ကြက်သားမှုန့်ကြော်ငြာထဲက ကလေးလေးပုံစံ
လုပ်ပြောတော့ ညီသွားတန်းများပေါ်သည်အထိ အော်ရယ်၍ ကျွန်တော်တမော့တမောငေးရသေး၏။
"ဟား ဟား ကိုဇက်ကွာ တကယ်ပေါတယ်"
"ဘာ ညီ! လာခဲ့"
ပြောပြီးထွက်ပြေးသော ညီ့နောက်ချက်ချင်းလိုက်ကာဖမ်းရင်းသိုင်းဖက်ညှပ်ထားတာတောင် တခွိခွိနဲ့
ရယ်ကောင်းတုန်း။ အကြောတင်းလေး။
"ဘာလဲ။ မကြောက်တာလား။ ဟုတ်လား ။ ပြောလေ"
"ဟား ကြောက်ပါတယ်ဗျာ။ ကိုဇက်လို မပေါရဲပါဘူး ခွိခွိ"
"ရယ်ချင်နေတာပေါ့။ ရတယ်လေ"
မွှေးပွကောဇောပေါ်ပစ်လှဲချကာ ခါးနံရိုးတွေကြား ကလိထိုးတော့ ထွန့်ထွန့်လူးနေရော။ ယောကျာ်းလေးဖြစ်ပြီး
ယား တတ်တာနှစ်ယောက်မရှိဘူး။
"ဟား တော်တော့ ကိုဇက်။ Someone here ! ကျူးမီးငါး..."
သနားလာလို့ရပ်လိုက်တော့ ရယ်ရလွန်း၍မောနေသူ။ ကျွန်တော်လည်းမောတာပဲ။ ညီ့ဘေးပစ်လှဲတော့
ညီနဲ့အနီးဆုံးအနေအထားနဲ့ ညီရဲ့မြန်နေသော အသက်ရှုသံတွေကို လိုက်မှတ်နေရင်း ညီ့ကိုစိုက်
ကြည့်နေမိချိန် တစ်အိမ်လုံး နှစ်ယောက်တည်းရှိနေချိန်မို့ အသံတွေ အားလုံးတိတ်သွားသလိုပင်။
ညီသည်လည်း သူ့ကြည့်နေတာသိတော့ ပြန်ငဲ့ကြည့်လာစဉ်လွန်စွာနီးကပ်နေသော အနေအထားမို့
ညီ့ထွက်သက်နွေးနွေး ကျွန်တော့်မျက်နှာဆီသို့ ပွတ်တိုက်သွား၏။
"ညီ"
ပြန်ကြည့်လာသောညီ့ မျက်ဝန်းဝိုင်းဝိုင်းတွေသည်အပြစ်ကင်းစင်လွန်းနေ၏။
တစ်ယောက်နဲ့တစ်ယောက်ဘာဆိုဘာမှ မပြောဖြစ်ဘဲ ဒီအတိုင်း ငေးကြည့်နေမိတာဘယ်လောက်
ကြာသွားလဲမသိ။
"အမောပြေရင်ထတော့။ ခရီးဆောင်အိတ်ထဲ ထည့်စရာရှိတာတွေထည့်ရမယ်" ဟူ၍ ညီ ဆော်သြမှ
ဒီနေ့ည Flightအတွက်ဘာမှမပြင်ဆင်ရသေးဘူး ဟူသော
အသိကြောင့် နှစ်ယောက်သားဝိုင်းဒိုင်းကျဲပြင်ဆင်ရတော့၏။
ဟာဝါရီသုံးရက်ခရီးအား လက်ဖွဲ့အဖြစ်ပေးသော HCတွေ။ သူတို့ကသာ ပေးတာ။ ကျွန်တော်တို့က
ဘာမှမပြင်မဆင်ရသေး။
ဒီနေ့ညFlight။ ဒီနေ့ညလည်း လေယာဉ်ပေါ်မှာပဲ အချိန်ကုန်ရဦးမှာ။ ညီ့ကို ပင်ပန်းမည်ဆိုး၍
ပြည်ပ ခရီးမထွက်စေချင်သေးသော်လည်း ညီကိုယ်တိုင်ဟာဝါရီ မရောက်ဖူးသဖြင့် လိုက်ပို့ပေးချင်လာ
ပြန်ရော။ ပြီးတော့ ဟန်းနီးမွန်းသဘောနဲ့ ကျွန်တော်တို့နှစ်ယောက်ကို အထူးတလည်သတိထားနေမှာမဟုတ်တဲ့
နေရာမျိုးမှာညီ နဲ့ အေးအေးဆေးဆေးနေချင်မိတာရောကြောင့်သာ လက်ခံလိုက်တာ။
ကျောင်းရော အလုပ်ကပါနားလည်ပေးကာ အေးအေးဆေးဆေးနားဖို့ ခွင့်ပေးကြသေး၏။
လူသားနှစ်ယောက်ကြားထဲက ချစ်ခြင်းမေတ္တာကို မှားယွင်းသည်မူမမှန်ဘူးဟူ၍ ပြစ်တင်မရှုတ်ချတတ်သော
အသိုင်းအဝိုင်းတစ်ခုထဲ အလုပ်လုပ်ရခြင်းသည်လည်း ကျွန်တော့်အတွက်မင်္ဂလာတစ်ပါးပင်။
လေယာဉ်နှစ်ဆင့်စီးရသော ဤခရီးတွင်လမ်းတစ်လျှောက်အိပ်လိုက်လာသူက ကျွန်တော့် Sleeping
Beautyလေးပင်။ နောက်ထပ်နားပေါက်ထပ် ဖောက်ပြမှာ ကြောက်ရ၍ ထုတ်တော့မပြောဖြစ်ပါဘူး။
ဒါပေမယ့် အိပ်မောကျနေသော ညီ့ကို ငေးကြည့်မဝရင်း အိပ်ပျက်ရတာ ကျွန်တော်။
ဘာကျွေးကျွေး ထမစား။ ချန်ဂီလေဆိပ်မှာ အသိကောင်မလေးတွေနဲ့တွေ့တော့လည်း ငိုက်နေရင်း
မျက်လုံးကြီးမှိတ်လျက်ပင် နှုတ်ဆက်တော့
"ကိုဇက် က အိပ်တောင်မအိပ်ခိုင်းဘူူးလား" ဆိုပြီး နောက်သွားကြသေးတယ်။
မထိရက်မကိုင်ရက်ဖြစ်နေတာသူတို့မသိပါဘူးဗျာ။ တစ်ချိန်ကုန်အိပ်နေလို့ဘာလုပ်ပေးလို့လုပ်ပေးရမှန်း
မသိတဲ့ကြားထဲ သူတို့ကSocial Mediaပေါ်တင်ကာ ပုံနှင့်တကွ စွပ်စွဲကြသေး၍ ကျွန်တော်
ဖုန်းပါပိတ်ထားရတဲ့ဘဝရောက်သွားရသည်။ တစ်ဖက်မှာလည်း တစ်လမ်းလုံးအိပ်လာရုံသာမက
ဟိုတယ်သို့ ရောက်တော့လည်း ခုတင်ကို ခုမှ ငယ်ချစ်ဟောင်းအားပြန်တွေ့သလို ရောက်တည်းက
လုံးဝမခွဲတော့သော ညီ။ ပင်ပန်းနေတာကြည့်ပြီးသနားတယ်။ ဆေးရုံဆင်းတည်းက ညီက ဘယ်ခရီးမှ
မထွက်တော့တာ။ ခုမှ နေကောင်းပြီးမှ ပထမဆုံး ထွက်ဖြစ်တဲ့ခရီးမို့ ခရီးပန်းတဲ့ဒဏ်မခံနိုင်ရှာ။
ဘာကျွေးကျွေးလည်း မစား။ ရောက်ကတည်းက အိပ်နေတာ မိုးချုပ်တဲ့ထိ။
"ညီ ထပြီး တစ်ခုခုစားပါလား။ လာလေ အောက်မှာဘူဖေးရှိတယ်"
"အိပ်...ချင်...တယ်"
"တစ်နေကုန်အိပ်နေတာ။ ဘာမှလည်းမစားဘူး။ နေလို့မကောင်းဘူးလား။တစ်ခုခုစားပြီးဆေးသောက် အွန့်"
ငုံ့ပြောနေသော ကျွန်တော့်ကို သူ့ဘေးသို့ဆွဲချပြီး အွန်း အဲ ဖြစ်နေသော ကျွန်တော့်ကို ခွဖက်လာသော ညီ။
"ကိုဇက်လည်း လာအိပ်တော့"
"အင်း ပါကွာ"
လူဆိုးကောင်ပေါက်စလေးသည် ကျွန်တော့်ကို မလွှတ်တမ်း ဖက်ထားရုံသာမက သူ့အတွက်ဖက်လုံး
ကောင်းကောင်းတစ်ခုရထားသလို ခွထားသေး၏။ တော်တော်လေးကြာတော့မှ မျက်လုံးမှိတ်လျက်ပင်
ရယ်နေ၍
"ဘာလဲညီရ။ ဘာတွေသဘောကျနေတာလဲ။ ယောင်နေတာလား အိပ်နေရင်း"
သွားတန်းတွေပေါ်အောင်ရယ်နေရင်းမှ...
"ရုတ်တရက် ဆရာကြီးဇဝနရဲ့ဝတ္ထုကိုသတိရသွားလို့"
"ဘာစာအုပ်လဲညီရဲ့"
"ကျွန်တော့်လင် တဲ့ ခွိခွိ"
"ပေါက်ပေါက်ရှာရှာညီရာ။ ရှိရောရှိလို့လား။"
"ရှိတာပေါ့"
"ဘာအကြောင်းလဲ။ သူတို့ခေတ်တုန်းက ကို တို့လိုကမရှိလောက်သေးပါဘူး"
"သိချင်ဖတ်ကြည့်ပေါ့။ မမေးနဲ့တော့ ကျွန်တော်အိပ်တော့မယ်"
"မနေ့ညတည်းက အိပ်နေတာ။ ဒီနေ့လည်းတစ်နေကုန်အိပ်နေတာ။ ဘာမှလည်းမစားဘူး"
"အားမွေးနေတာ"
အင်! စိတ်ပူလို့ပြောနေသူတောင် ဘာဆက်ပြောရမှန်းမသိတော့။ ဆက်မေးရင် ကျွန်တော်ပဲရူးတော့မှာ။
ဟိုက အိပ်ချင်မူးတူးနဲ့ပြောချင်တာတွေပြောနေတာ။
အားမွေးတယ်ဆိုတာ တကယ်ပါ။ ဒုတိယမြောက်နေ့တွင် မနက်ခင်းအနမ်းနုတစ်ခုနဲ့ လာနှိုးတာ မနေ့က
တစ်နေကုန်အိပ်နေတာ သူလို့ပြောရင် ဘယ်သူမှယုံမှာတောင်မဟုတ်လောက်အောင်ကို တက်ကြွနေတာ
တီရှပ် အဖြူလွင်လွင် ဘောင်းဘီတို အနက်ရောင်၊ ဦးထုပ်ဝိုင်း၊ sunglassနဲ့ အဘက်ဘက်မှ
Fashion နဲ့ကိုက်ညီနေ သူ သည် ကမ်းခြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မလိုကိုသောင်းကျန်းတာ။
တွေ့သမျှတွေဝယ်စား။ တွေ့သမျှကမ်းခြေ sportတွေ လုပ်မယ်တကဲကဲလုပ်နေ၍ နောက်က
လိုက်ဆွဲရသေးသည်။ မရဘူးလေ အဲ့လိုကြမ်းကြမ်းတမ်းတမ်းတွေလုပ်လို့။ ကျွန်တော့်မှာ ဟန်းနီးမွန်း
ထွက်လာတာလား။ ကလေးလာထိန်းတာလား မသဲကွဲတော့ဘူး။
တစ်နေကုန် ရေထဲဆင်းလိုက် ပြန်တက်လာရင်စားလိုက် ကျွန်တော့်ကို စနောက်လိုက်နဲ့ပျော်နေ
သူသည် ညခင်းလရောင်အောက်က ငွေရောင်သဲပြင်ပေါ်ထိုင်ရင်း ပင်လယ်ကိုတိတ်တိတ်လေးထိုင်ကြည့်နေ၏။
"ဒီနေ့ပျော်လား ညီ "
"ကိုဇက်နဲ့ထွက်ခဲ့သမျှ ခရီးတွေထဲမှာ ဒီတစ်ခေါက်အပျော်ဆုံးပဲ။ ကျွန်တော်တော်တော် သောင်းကျန်း
မိသွားလား"
"ဟား ဟား ညီရာ ဒါလား သောင်းကျန်းတာ"
"မလိမ်ပါနဲ့ဗျာ။ ဒီနေ့ကျွန်တော့်လိုက်ထိန်းနေရတာနဲ့ ကိုဇက်တော်တော်စိတ်ညစ်နေပြီမလား"
"နောက်တစ်ခါထပ်ပြော"
"ကျွန်တော့်ကြောင့် ကိုဇက် စိတ်ညစ်..."
နှဖူးပြင်ပေါ်ကျလာသော အနမ်းနွေးနွေး။ ခဏတစ်ဖြုတ်မဟုတ် တရှိုက်မတ်မတ်နဲ့မို့ ကျွန်တော်
ဆက်ပြောမည့် စကားလုံးတို့ ပျောက်ရှသွားကာ ငြိမ်ကျသွားရ၏။
ဒီလူသည် တကယ်တော့ ကျွန်တော့်ကိုစိုးမိုးနိုင်စွမ်းကြီးသည်။
"ညီ့ အနားနေရရင် ညီ့ကို ကြည့်နေရင်ကိုကို့လောကပြည့်စုံနေတာ"
"ကိုဇက်မရှိရင် ကျွန်တော်ဆိုတာ ရှိနေမှာ မဟုတ်တော့ဘူး"
ကျွန်တော့်ကိုယ်ပေါ်မှ ချုပ်ရိုးကြောင်းကို လက်ချောင်းများဖြင့် ခပ်ဖွဖွစမ်းရင်း ပြောလာသော ညီ့၏
လက်ကိုဆုပ်ကိုင်ကာ လက်ချောင်းထိပ်တွေကို ခပ်ဖွဖွနမ်းတော့ တိုးလျလျရယ်၏။
လရောင်ရေးရေးအောက် ဤသက်ရှိပန်းချီကားအား တခြားအရောင်တွေထပ်ဖြည့်ကာဆိုးချင်စိတ်တွေသည်
တဝုန်းဝုန်းရိုက်ခတ်နေသော လှိုင်းသံတွေနဲ့အပြိုင် နရီစည်းချက်ချလျက်...
ဤနေရာတွင် ညီ့ဆီကကြားနေရသော ရင်ခုန်သံတထိတ်ထိတ်ရယ် ကျွန်တော့်နှလုံးခုန်သံ တဒုတ်ဒုတ်ရယ်
အားပေးအားမြှောက်ပြုနေဟန်ရှိသော လှိုင်းခတ်သံတွေရယ်ကြား ကျွန်တော့်အသံ သိပ်များတိုးနေမလားလေ။
"အခန်းပြန်ရအောင်ညီ..."
ကမ်းခြေကနေ ဟိုတယ်ဆီသို့တိုင်အောင် ကုန်းပိုးသွားသော ကောင်လေးရယ်...
ထိုကောင်လေး ကျောပြင်ထက် တွဲခိုစီးရင်းငြိမ်ငြိမ်လေး လိုက်ပါသွားသော နောက်ထပ်ကောင်လေး
တစ်ယောက်...
ဒီလောကကြီးကတော့ အထွေအထူး ဆန်းကြယ်တာတော့ မဟုတ်ပါဘူး။

ကြိုးစားလျက်...
ဆုခြည်ကို

Bạn đang đọc truyện trên: ZingTruyen.Xyz