ZingTruyen.Xyz

ညီ

Ending (Unicode)

HsuChiKo365

ဇာတ်သိမ်းပိုင်း
လက်သေးသေးထဲမှာ ပိုက်တန်းပေါင်းများစွာ ရှုပ်ယှက်ခတ်နေလျက်ထိုးသွင်းနေသော ဆေးရည်တွေရဲ့
စွမ်းပကားနဲ့မျော့မျော့လေးပဲ ကျန်တော့သော ကိုယ်ခန္ဓာ။
ဖြူလျောလျောနဲ့နွမ်းလျနေသော ညီသည်မျက်ခွံများကိုပင် ဖွင့်ရန်ခဲယဉ်းနေဟန် ။ ဆရာဝန်ကြီးက ညီ၏
သတိအား စမ်းသပ်လို၍ "ခု ဘယ်လိုနေလဲ" ဟု မေးချိန်တိုင်း လက်ချောင်းကလေးတွေ လှုပ်ပြဖို့ညီမမေ့။
ညီ့နား လူတွေဝိုင်းနေရသည်။ ဒါပေမဲ့ ကျွန်တော်မပါ။ အခန်းအပြင်မှာ တိတ်တိတ်ရပ်ကာ ဖန်လွှာ
အကြည်အကူအညီနဲ့ ညီကို တွေတွေရပ်ငေးနေမိချိန် ဝမ်းနည်းမှုတွေလှိုက်တက်လာ၍လျှံကျလာ
သော အရည်ပူတွေကို ခဏခဏ သုတ်ဖယ်နေရခြင်းအပေါ် စိတ်မရှည်တော့၍ ဒီအတိုင်းသာ
လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပြုလိုက်တော့သည်။
"Z"
အသံသေးသေးလေးနဲ့ ကျွန်တော့်လက်ကိုလာရောက်ဆုပ်ကိုင်ပေးသော ကလေးမလေး။ ၁၁နှစ်ရှိနေပြီ
ဖြစ်သော်လည်း အရွယ်နှင့်မမျှသော ရောဂါတစ်ခုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသောထိုကလေးမလေး၏
အနာဂတ်သတို့သားလောင်းပုံစံက ညီတဲ့လေ။ ဒူးထောက်ထိုင်ချလိုက်သော ကျွန်တော့်ကို
လက်သေးသေးလေးတွေနဲ့ မျက်ရည်တွေသုတ်ပေး၏။
အဖေ အမေရိကန်သားမို့ မျက်ဝန်းပြာလဲ့လဲ့လေးတွေရှိသော ထိုကလေးမလေးသည် သူ့ဖခင်၏ဘာသာစကား
ကိုသာ ပြောတတ်၏။
"အဆင်ပြေသွားမှာပါ။ ကောင်းက သတ္တိရှိတဲ့လူပါ"
"နာတယ်မလား။ အဲ့လိုTreatment ကနာတယ်မလား"
ခေါင်းညိတ်ပြခြင်းသည်ပင်လျှင် ကျွန်တော့်နှလုံးသားကို ဆွဲဖြုတ်လိုက်ခြင်းနှင့် အလားသဏ္ဌာန်ဆင်တူသည်။
"ဒါပေမဲ့ ကောင်း ကပြောဖူးတယ်။ Z မျက်ရည်တွေက ပိုနာကျင်စေတယ်တဲ့"
"ဟာ..."
"ဘုရားသခင်က ကောင်း ကို ဒီထက်ပိုပြီးမချစ်ပါစေနဲ့လို့ နေ့တိုင်း ဆုတောင်းဖြစ်တယ်။
ကောင်းအမှန်တကယ် အိပ်စက်ချင်တာ Zရင်ခွင်မှာပါတဲ့။ ဘုရားသခင် ရင်ခွင်ထဲမှာ အိပ်စက်ဖို့အချိန်
မတန်သေးပါဘူး"
ခရစ်ယာန်ဘာသာဝင်လေးသည်ပင် ညီ့အား အဖဘုရားသခင်နိုင်ငံတော်ထဲ မခိုဝင်စေချင်သေးရင်
ကျွန်တော်က သာ၍ပင် ပိုနှမြောသေး၏။ ဆေးသွင်းပြီးတာမှ မကြာသေး။
ဟိုအပတ်ကအတိုင်း သွေးပေါင်ချိန်တွေထိုးကျကုန်၍ ဆရာဝန်တွေပြာကုန်ကြသည်။
"ညီ!"
အခန်းတွင်း ပြေးဝင်သော်လည်း ညီ့နားကပ်ခွင့်မရ။ ညာလက်က ဆေးသွင်းပိုက်တွေပင် မဖြုတ်ရသေး။
ညီ့ ဘယ်ဘက်လက်ထဲသို့ အပ်ထိုးသွင်းနေပြီ။ လက်နှစ်ဖက်လုံး အပ်ပေါက်ရာတွေအန့ှံနဲ့ လက်မဖိုးနုနုတို့
သွေးစို့နေခဲ့၏။ ကျွန်တော့်ကို အားကိုးတကြီးလာဖက်သော မေမေပြုံးကို ပြန်လည်ထွေးပွေ့ထားရင်းနှင့်သာ
"လူနာရှင်တွေအပြင်ထွက်ပေးပါ"
Nurse တစ်ယောက်က ခေါ်ထုတ်စဉ် ညီ့နားက လူတစ်သိုက်သည်လည်း Vital ပြဇယားတွေကိုတစ်လှည့်
ညီ့ကို တစ်လှည့်ကြည့်နေလျက် ရှုပ်ယှက်ခတ်နေကြ၏။
"သားက ကုထုံးဒဏ်ကိုမခံနိုင်တော့ဘူးထင်တယ်။ မေမေဘယ်လို လုပ်ရမလဲသားငယ်ရယ်။ မေမေ့သားကို
မေမေမကြည့်ရက်တော့ဘူး"
"မေပြုံးစိတ်ချပါ။ ညီက ထင်ထားတာထက် ခံနိုင်ရည်ရှိပါတယ်။ ညီ့ကိုဘယ်တော့မှ လက်မလွှတ်ရပါဘူး"
ဆေးရုံခန်းတွင်း တစ်စိမ်းတစ်ရံတွေလက်ထဲ ခန္ဓာကိုယ်ကို ပုံအပ်ထားရင်း ပိုက်တန်းပေါင်းများစွာကြား
သေမင်းကိုရှောင်ပုန်းနေရရှာသော ကျွန်တော်ချစ်ရသူ။ သေမင်းတကယ်ရှိမရှိတော့ ကျွန်တော်မသိဘူး။
ဒါပေမဲ့ ဘယ်သူ့မှ ဆွဲခေါ်လို့မရအောင် တို့တွေ ဝိညာဉ်တွဲဆက်ထားကြမယ်ညီ။

ညနေတည်းက Treatment ယူနေရသော ညီသည် ည၉နာရီကျော်မှ သွေးပေါင်ချိန်ပုံမှန်အနေ
အထားသို့ပြန်ရောက်တော့၏။ ညီ့ကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ စကားပြောဖို့လိုအပ်လာခဲ့ပြီ။
"ဆရာတို့ကဘေးထွက်ဆိုးကျိုးအနည်းဆုံးကုထုံးဖြစ်တဲ့ RCTကို ရွေးခဲ့ကြပေမယ့် ခုဖြစ်ခဲလှတဲ့
ဖြစ်စဉ်တစ်ခု လူနာမှာဖြစ်နေတယ်"
အကြပ်ရိုက်နေဟန်ရှိသော ဆရာဝန်၏ပုံစံသည်ကျွန်တော့်ကို အသက်ရှုကြပ်စေသည်။
"ခု ဆေး Side effectတစ်ခုဖြစ်တဲ့ ရိုးတွင်းခြင်ဆီထဲကသွေးဆဲလ်ထုတ်လုပ်မှုကို နှောင့်နှေးနေတာ
လူနာအတွက် တော်တော်စိတ်ပူနေကြတယ်။ အောက်သွေးအရမ်းကျသွားချိန် ဆရာတို့စိုးရိမ်တာက
လူနာကိုယ်တစ်ခြမ်း လေဖြတ်သွားမှာကို စိုးရိမ်နေတာ"
ဆေးပညာအသုံးအနှုန်းတွေကို တတ်နိုင်သလောက်ရှောင်ကာ သာမန်လူတွေနားလည်စေရန်ဖြည်းဖြည်းချင်း
ရှင်းပြနေသော ဒေါက်တာ၏မျက်နှာတွင် အားနာနေဟန်တွေက အပြည့်။
"ရိုးတွင်းခြင်ဆီကနေ blood cell အလုံအလောက်မထုတ်နိုင်တာက သွေးသွင်းလို့ရပေမယ့် ကင်ဆာဆဲလ်တွေက ကုထုံးကို ထင်သလောက်တုံ့ပြန်မှု မရှိဘူးဖြစ်နေတယ်"
"ဆရာ အခုပြောနေတာ သားရဲ့ ကင်ဆာဆဲလ်တွေ ပြန့်နေတာ မရပ်သွားသေးဘူးလို့ ပြောချင်တာလား"
ဒေါက်တာဘာကိုပြောချင်တာလည်း ကျွန်တော်လိုက်မစဉ်းနိုင်သေးခင် အတွေ့အကြုံရှိနေပြီးဖြစ်သော မေပြုံးက ရှုံးပွဲချငိုတော့၏။
"မေပြုံးမငိုပါနဲ့တော့ဗျာ...ဒီနည်းနဲ့ညီ့ကို နောက်ထပ်မနာစေချင်တော့ဘူး။ ကျွန်တော်လှူမယ်ညီ့အတွက်။
ကျွန်တော့်အသည်းတစ်ခြမ်းပေးမယ်"
"သားငယ်"
စိုးရိမ်တကြီးနဲ့ ကျွန်တော့်ကို လှမ်းတားနေသော မေပြုံးအား
"ရတယ်မေပြုံး။ ကျွန်တော်တို့Tissueအမျိုးအစား တူနေတာပဲ။ အစတည်းက ကျွန်တော်က ညီ့ အတွက်
လိုအပ်လာရင်ပေးမယ်လို့ ဆုံးဖြတ်ပြီးသားပါ"
"သားရယ်...သားငယ်မိဘတွေ"
"ရတယ်။ ကျွန်တော်က အဓိကပါ။ ညီ့ မရှိရင်ကျွန်တော်မရှိနိုင်ဘူးဆိုတာ ကျွန်တော့်မိဘတွေသိတယ်"
"မ...မဟုတ်သေးဘူးနော် သားငယ်။ သားငယ်တို့ဖက်က လက်မခံတာထက် မေပြုံးလက်မခံနိုင်တာ"
ဖေဖေ့သဘောထားကို သိနေသော မေပြုံးသည် အသက်လုနေရသော သားအရင်းထက် ကျွန်တော့်အား
တွေးပူပေးနေသေး၏။ ကျွန်တော့်တို့အခြေအနေကို အကဲခတ်နေသော ဆရာဝန်သည်
"အမှန်တော့ အစားထိုးခွဲစိတ်မှုလုပ်တယ်ဆိုတာ တကယ်ရှုပ်ထွေးတဲ့ ဖြစ်စဉ်ပဲသား။
Transplant(အစားထိုးကုသခြင်း)မှာ Dead bodyကနေယူတာထက် အခုလို အကောင်းအတိုင်းရှိနေတဲ့
လူဆီကနေယူရတာ နှစ်ယောက်လုံးအတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်။ ခွဲစိတ်တာလည်း
ပုံမှန်ခွဲစိတ်မှုတွေလို နာရီပိုင်းအတွင်း ပြီးတဲ့ခွဲစိတ်မှုမျိုးမဟုတ်ဘူး။ ဒါက ခွဲစိတ်နေတုန်း စိုးရိမ်ရတာ။
အခုသားတို့က Tissueက ထူးထူးခြားခြားတူနေပေမယ့်လို့ ဆဲလ်တွေထဲမှာပါတဲ့ မျိုးရိုးဗီဇတွေကို လူနာက
လက်ခံနိုင်လက်မခံနိုင်ဆိုတာလည်း ရှိသေးတယ်။ သားရဲ့အသည်းကို လူနာက လက်မခံနိုင်ခဲ့ရင်..."
"ဟုတ်တယ် သားငယ်။ သားက မေမေ့သားအရင်းမဟုတ်ပေမယ့် မေမေကိုယ်တိုင်မွေးထားတဲ့ သားအရင်း
လိုပဲ မေမေသဘောထားခဲ့တာ။ မေမေ သားကိုခုလိုမစွန့်စားစေချင်ဘူး။ သားကိုဆုံးရှုံးသွားရမှာကို
မေမေကြောက်တယ်"
မျက်ရည်တွေကြားမှ တောင်းပန်နေသော ညီ့မေမေ။ ညီ့ ကိုမွေးဖွားပေးခဲ့ရုံနဲ့တင် ကျေးဇူးတင်မဆုံး
ဖြစ်နေရပါသော ညီ့မေမေသည် ခု သားတစ်ယောက်လုံးနဲ့ရင်းကာ ကျွန်တော့်ကိုစိုးရိမ် ပေးနေသေး၏။
"မေပြုံးမှတ်မိသေးလား။ ကျွန်တော်တို့၆နှစ်လောက်တုန်းက ရေကူးကန်ကိုသွားကြတော့
ကျွန်တော်ရေနစ်နေတုန်း ညီ ရေမကူးတတ်ပါဘဲနဲ့ ကျွန်တော့်ကိုဆင်းကယ်ပေးခဲ့တာလေ။ သူပါ
နစ်သွားနိုင်တယ်ဆိုတာ သိသိရဲ့နဲ့ ကျွန်တော့်ကိုကယ်ပေးဖို့ ကြိုးစားခဲ့ဖူးတယ်လေ"
"အဲ့တုန်းကသာ လူတွေလာ အချိန်မီ မကယ်ရင် မေမေတို့နှစ်အိမ်လုံး သားတွေဆုံးရှုံးလိုက်ရမှာလေ
အဲ့လို စွန့်စားမှုမျိုး နောက်ထပ်..."
"ဟုတ်တယ်သား။ အစားထိုးခွဲစိတ်ခြင်းကအလှူရှင်ရော လူနာအတွက်ရော အရမ်းအန္တရာယ်များတဲ့
နည်းမို့ လူနာရဲ့ တုံ့ပြန်မှုအပေါ် ခဏလောက်စောင့်ကြည့်ဖို့ အကြံပေးပါရစေ"
"ဒါဆို ညီ အခုနာကျင်နေတာကို ကျွန်တော်က ဒီအတိုင်း ကြည့်နေရတော့မှာလား"
"စောင့်ကြည့်ပါဦး။ ကုထုံးကို လူနာလက်မခံနိုင်တော့တဲ့အချိန်..."
"ဒါညီ့ကို တဖြည်းဖြည်း ညှင်းသတ်နေတာနဲ့ မတူဘူးလားမေပြုံးရယ်"
မိခင်တစ်ယောက် အစားထိုးမရနိုင်သော သားတစ်ယောက်။ ကျွန်တော့်အတွက်၂ယောက်မရှိနိုင်တော့သော
ချစ်သူအတွက် ကျွန်တော့်အသက်ခန္ဓာစတေးထပ်ရဲ၏။
ကိုယ့်ကိုလက်ခံပြီး ချစ်ပေးနေတဲ့ညီက ကိုယ့်အစိတ်အပိုင်းကိုယ်တွင်းအင်္ဂါတစ်ခုကို လက်မခံနိုင်ဘူးဆိုတာ
ဖြစ်နိုင်ပါ့မလား။ တစ်ခါတလေ လူတွေ ကို တို့ကိုနားမလည်ဘူး ညီရယ်...

"ညီ..."
နွမ်းကာ မှိန်းနေသောညီ။ မျက်လုံးများ ဖွင့်မကြည့်နိုင်သေးသော ညီ့ ခေါင်းလေးကိုငုံ့နမ်းတော့ နှုတ်ခမ်းတို့က
ပြုံးယဲ့ယဲ့။
"မကြည့်ရဲလောက်အောင် ရှက်နေတယ်ပေါ့။ ဟုတ်လား ညီ"
သွားတန်းလေးတွေ ပေါ်လာသည်အထိ ရယ်၏။ ချောမောခြင်း၊ချစ်စဖွယ်ကောင်းခြင်းနှင့် ယောကျာ်းပီသခြင်း
ဤသို့သော မတူကွဲပြားမှုများသည် ညီ့ ထံပါးတွင်တော့ စည်းလုံးခြင်းနဲ့သစ္စာရှိစွာ ယှဉ်တွဲနေထိုင်ကြသည်။
ပိုက်တန်းတွေကြားမှ အပ်များစွာထိုးသွင်းထားခံရသောကြောင့် ယောင်နေသောလက်ဖမိုးတွေ မျက်ရည်ကျရင်
ပိုနာကျင်မှာ ဆိုး၍ ကျွန်တော်မငိုမိအောင် ထိန်းထားရသည်။
လက်ဖမိုးပေါ် ခပ်ဖွဖွအုပ်ကိုင်သော ကျွန်တော့်လက်အား ပြန်လည်ဆုပ်ကိုင်ထားလေရဲ့။ ပုလင်းချိတ်ပြီး
သည်နှင့် Male nurse က အလိုက်တသိနှင့် ထွက်သွားပေး၏။ မှေးစင်းနေသော မျက်လုံးများဖြင့်
မော့ကြည့်နေသော ညီ။ ညီ့လက်ကိုဆုပ်ကိုင်ကာ ဘေးနားခုံတွင်ဝင်ထိုင်တော့
"ရတယ်...ခုတင်ပေါ်မှာ သွားအိပ်လေ" ဟု တိုးသဲ့သဲ့ပြောသည်။
"ညီ့ နားနေချင်လို့"
"ခါးညောင်းလိမ့်မယ်"
"ဒါဆို ညီ့ဘေးလာအိပ်မယ်"
ပြောပြောဆိုဆိုနဲ့ ညီ့ဘေး အတင်းဝင်လှဲဖြစ်သည်။ ခုတင်က ကျယ်နေတာလည်း မဟုတ်ပေမယ့်
ယောကျာ်းလေးနှစ်ယောက် ပူးပူးကပ်ကပ်အိပ်ရင်ရသည့်အခြေအနေ။ ပါးပြင်နား မျက်နှာအပ်တော့
"မွှေးတယ်" ဟု ခပ်တိုးတိုးဆိုလာ၏။
"အင်း ရေချိုးလာတာလေ"
ကိုယ်ပါးပါးလေးပေါ် လက်တင်ကာ ကလေးချော့သိပ်သလို ခပ်ဖွဖွလေးပုတ်နေပေးတော့...
"ဆရာဝန်တွေ လှည့်လာလို့တွေ့သွားရင်မကောင်းဘူးနော်"
"ဘာမှမဖြစ်ပါဘူးညီရယ်...အိပ်တော့။ ညီပင်ပန်းနေပြီ"
နှဖူးထက် အနမ်းယာဉ်သက်ဆင်းနားခိုချိန် ကျွန်တော့်လည်ပင်းဆီ အလည်ရောက်လာသော ညီ့
ထွက်သက်နွေးနွေး။
"Luv u, ညီ"
"me too"
"good night,have a sound sleep"
"ကိုဇက်လက်တွေ ကျဉ်လိမ့်မယ်"
ညီ့အသံတိုးတိုးထဲတွင် စိုးရိမ်နေသံက ပမာဏများစွာ
"ရော် အိပ်ပါဆိုညီရယ်...ကိုဖက်ပေးထားချင်လို့ပါ"
ဒီအခိုက်အတန့်အားလုံး ဒီထက်ပိုလှအောင် ကို ဖန်တီးချင်တယ်။

💝ညီ💝
ပုံမှန်ထက်စောစီးစွာနိုးထလာသော ထိုမနက်ခင်းတွင် ကျွန်တော့်လက်မောင်းတစ်ဖက်ပေါ်တွင်
ခေါင်းတင်မှေးစက်နေသော ညီ။ မျက်တောင်စိပ်စိပ်တွေအား အနမ်းပေးသည့်တိုင်ညီ မနိုးသေး။
"ညီ"
အအိပ်ဆက်လှသော ညီသည် အခုခါတွင်တော့ ငြိမ်သက်လွန်းမက ငြိမ်သက်စွာ...
"ညီ !ညီ !"
ပါးပြင်နှစ်ဖက်ကို လှုပ်နှိုးကြည့်သည်။ တုံ့ပြန်မှုနထ္တိ။သွေးရူးတန်းရူးနဲ့ကောက်ပွေ့သည့်တိုင် ကျွန်တော့်လက်
တွေထဲ ပျော့ခွေစွာ ပါလာသည်။
"case in Room02!"
Male Nurse ၏အလန့်တကြားအော်သံနောက် ခြေသံပေါင်းများစွာ ပြိုဆင်းလာသည်။
ညီ့ကို ထွေးပွေ့ထားသော ကျွန်တော့်လက်တွေကို ဆွဲဖြုတ်ချသည်။ ညီခုတင်ပေါ်မှ ကျွန်တော့်ကို
ဆွဲချကြ၏။ Nurseကြီးက ဖြောင်းဖြပြောဆိုကာ အခန်းအပြင်ကို တွန်းထုတ်သည်။
ညီ့ဘေးနား လူတွေ၊စက်တွေ၊သွေးအိတ်တွေ။ လက်ဖမိုးထဲ အသစ်ထိုးထည့်နေသော ပိုက်တန်းတွေ။
ကြယ်သီးတွေပင်ဖြုတ်မနေဘဲ ဆေးရုံဝတ်စုံအား ဆွဲဖြဲခံလိုက်ရ၍ အပေါ်ပိုင်းဗလာ ဖြစ်နေသော
ညီ့ကိုယ်ပေါ်တွင်ကြိုးတန်းပေါင်းများစွာ။ ရင်တွေနာသည်။ ညီ့ ကို အဆုံးရှုံးမခံနိုင်ဘူး။ ဆုံးရှုံးလိုက်ရရင်ဟူ
သော အတွေးနဲ့တင် ကျွန်တော့်စိတ်တွေ ဂယောင်ဂယက် ။ ခြေထောက်တွေဆိုတာ မတ်မတ်မရပ်နိုင်တော့
မေပြုံးကို ဘယ်သူဆက်သွယ်လိုက်လည်းမသိ။ ပြေးပြေးလွှားလွှားရောက်လာပေမယ့် အမေသည်ပင်
အဝင်ခံမရတော့
သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တင်းတင်းဖက်ရင်း ညီ့အတွက် ဆုတောင်းပေးရုံမှအပ
ဘာမှမတတ်နိုင်။
"သားငယ်ရယ် မေမေကြောက်တယ်။ မေမေ့အတွက် အစားထိုးမရနိုင်တဲ့လူတွေ အကုန်လုံး
ဒီရောဂါကြီးနဲ့ပဲ စွန့်ခွာသွားကြတာ"
"မဟုတ်ဘူး။ ညီ မေပြုံးကို မထားခဲ့ဘူး"
ငါ့ ဝိညာဉ်ဖက်ငါ့နားက မထွက်ခွါခင် ငါ့အသည်းတစ်ခြမ်းမြန်မြန်သာ ထုတ်ယူကြပါတော့။
ညီ ရဲ့အခြေအနေ ပြန်လည်စိတ်ချရသည်နှင့် အသည်းအထူးကုဆရာဝန်ကြီးများ အစည်းအဝေး
အားချင်းလုပ်ရတော့၏။ ၃နာရီကြာ စည်းဝေးပြီးသည့်နောက်
"ဆရာတို့ နောက်ဆုံး အစားထိုးခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ကြပြီ။ လူနာက Treatmentဒဏ်တွေမခံနိုင်တော့
လောက်အောင် အားနည်းနေပြီ။ ဒီခွဲစိတ်မှုက နှစ်ယောက်စလုံးရဲ့ အသက်အန္တရာယ်စိုးရိမ်ရလို့ သား
ဖက်က နောက်တစ်ခါပြန်စဉ်းစား..."
"မလိုဘူး။ မြန်နိုင်သမျှ မြန်မြန်သာလုပ်ပါ။ ဒီမနက်ညီ ဘာဖြစ်သွားလဲ ဆရာတို့အသိပဲလေ"
"ဒီကိစ္စအတွက် သားမိသားစုဝင် တစ်ယောက်ယောက်ကို ခေါ်ပါ။ ဒီ လှူဒါန်းမှုမှာ မည်သူတစ်ဦး
တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုမပါရှိဘဲလှူတဲ့အကြောင်း သားရဲ့ မိဘဖြစ်စေ၊ ညီအစ်ကိုဖြစ်စေ
သွေးသားရင်းချာထဲက အသိသက်သေလုပ်ပေးနိုင်မှ ဆရာတို့က ခွဲစိတ်မှုလုပ်ပေးနိုင်မယ်"
"ဟုတ် ဒီရက်ပိုင်းတွင်း ရောက်လာအောင်ကျွန်တော်ခေါ်ပေးပါ့မယ်"
"နောက်တစ်ခုက သားစစ်ဆေးမှုတွေထပ်လုပ်ရမယ်။ အသည်းက ဆဲလ်ကွဲပွါးတတ်တဲ့ အင်္ဂါတစ်ခုမို့
အချိန်တန် မူလအနေအထားပြန်ရလာမှာ ဖြစ်ပေမယ့် သားခန္ဓာကိုယ်ထဲမှာ အသည်းတစ်ခြမ်းပဲ
ရှိတော့မယ်ဆိုတဲ့ အကြောင်းကို သားလက်ခံ နိုင်ဖို့ ကိုလည်း စိတ်နဲ့ ပတ်သတ်ပြီး စစ်ဆေးခံရမယ်။ အခု
ဆရာ ပြောတဲ့ကိစ္စတွေအတွက် သားယုံကြည်မှုရှိလား"
"ညီသာ ဘေးနားရှိနေရင် အသည်းတစ်ခြမ်း မရှိဘူးဆိုတာတောင် မေ့ချင်မေ့နေမှာ"
ကျွန်တော့်အဖြေအား သဘောကျနေသော ဆရာဝန်ကြီးသည်
"ပြီးတော့ အစားထိုးခွဲစိတ်ဖို့ အတည်ပြုလိုက်ပြီဆိုတာနဲ့ ဆရာတို့က လူနာကိုပေးနေတဲ့Treatmentတွေ
အကုန်လုံးကို ရပ်လိုက်မှာပါ။ မခွဲစိတ်ခင် ကာလအပိုင်းအခြားမှာ နာကျင်လာခဲ့မယ်ဆိုရင်တောင်
ဆရာတို့ကဆေးတွေကို အပြည့်ပေးတော့မှာ မဟုတ်ဘူး။ သူ့ကိုခွဲစိတ်မှုကို ခံနိုင်ရည်ရှိနေဖို့ပဲ ဆရာတို့က
ကြိုးစားပေးတော့မှာ"
"ညီ က သည်းခံစိတ်ကြီးတယ်ဆရာ။ ငယ်ငယ်လေးတည်းက နေမကောင်းဖြစ်နေရင်တောင် အိမ်ကလူတွေ
စိတ်ပူမှာဆိုးလို့ သူခံစားနေရတာတွေကို ထုတ်ပြောလေ့မရှိဘူး။ ဒါကြောင့် သူမနာဘူးဆိုတိုင်း..."
"ဆရာသဘောပေါက်ပါတယ်။ သားတို့နှစ်ယောက်လုံး ခုအအခြေအနေကနေ ဖြတ်ကျော်နိုင်စေဖို့
ဆရာတို့ဖက်က အကောင်းဆုံးကြိုးစားပေးမှာပါ။ သားတို့လည်း ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ်ဆရာ"

ကျွန်တော်တို့ခွဲစိတ်မှုအတွက် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးဖို့ ရောက်လာခဲ့သူကဖေဖေကိုယ်တိုင်
ဖြစ်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ"
"သားကောင်းကို ရအောင်ကယ်ပေးပါဒေါက်တာ"
ကျွန်တော့်ကို အရေးစိုက်မနေဘဲ ရှေ့မှဒေါက်တာကိုသာ အနူးအညွတ်တောင်းဆိုနေသော ဖေဖေ။
ဘေးမှမေမေကတော့ မျက်နှာမကောင်းရှာပါ။
"ပြီးရင် သွားမယ်"
မေမေ့ကို ခေါ်ကာပြန်ရန် ပြင်နေသော ဖေဖေ။ ကျွန်တော့်လို သားမျိုးကိုပိုင်ဆိုင်ထားရသည့်အတွက်
ဖေဖေအရှက်ကြီးရှက်နေမယ်ဆိုတာ ကျွန်တော်နားလည်သလို အားလည်းနာတယ်။
"ကျေးဇူးတင်ပါတယ်ဖေဖေ"
ကြမ်းခင်းပေါ်တွင်သာ ထိုင်လျက် ရှိခိုးဦးချတော့ ဖေဖေ့ခြေလှမ်းတို့ ရှေ့ဆက်မတိုးနိုင်။ ကျွန်တော့်ကို
ကား မျက်နှာလွှဲထား၏။
"အကယ်၍ ညီနဲ့ ကျွန်တော် နှစ်ယောက်လုံး ဘာမှမဖြစ်ဘဲ ဖေဖေတို့ဆီပြန်လာနိုင်ရင် ကျွန်တော်တို့ကို
ခွင့်ပြုပေးပါ"
"အဲ့ဒါ မင်းကိစ္စ ဇိုင်းဇက်။ မင်း ဇာတ်ထဲငါ့ဆွဲမသွင်းနဲ့"
"ကျွန်တော့်ကို သားတော်ထားရလို့ ဖေဖေရှက်နေမယ်ဆိုတာကျွန်တော်သိတယ်။ ကျွန်တော့်
တစ်ယောက်တည်းအတွက်သာဆိုရင် ကျွန်တော့်ကို အမွေပြတ်စွန့်လွှတ်ခိုင်းမှာ။ ဒါပေမဲ့ ညီ့ကို သူ့ကြောင့်
ကျွန်တော်က မိဘတွေရဲ့ စွန့်ပစ်ခံဘဝရောက်နေရတာ ဆိုတဲ့ အပြစ်ကြီးကို မခံစားစေချင်ဘူး။
ခုတောင် ညီတော်တော်ပင်ပန်းနေပြီလေ"
"သားငယ်ရယ်...ထပါ။ မေမေတို့သဘောတူပါတယ် သားရယ်။ ကို ပြောလေ။ ကိုပဲ အိမ်မှာပြောတော့
ကလေးတွေကို နားလည်လာပြီဆို"
မေမေ့ မျက်ရည်တွေသည် လူမှန်ကြီးဖေဖေ့အား အမြဲတစေ အနိုင်ယူ၏။
"မင်းတို့သာ အရင်ကျန်းမာအောင်လုပ်ပါဦးကွာ...လာ သွားမယ် ခင်။ ငါမျက်နှာတွေ ပူတယ်"
ကျွန်တော့်ဖက်မှ အတည်ပြုသက်သေလက်မှတ်ရပြီဆိုသည်နှင့်ညီ့ကို ပိုးသတ်ခန်းကို ရွှေ့ပြောင်းထားတော့၏။
ကျွန်တော်လည်း ဆေးရုံတက်ရ၍ အစားထိုးဖို့လိုအပ်တာတွေ လုပ်ဆောင်ရုံသာမက အစားထိုး
အလှူရှင်နှင့် လူနာတို့မတွေ့ရ ဟူသော ဆေးရုံ၏ထူးထူးဆန်းဆန်း ဥပဒေအရ ညီ နဲ့ မတွေ့ရတာ
၄ရက်ကျော်နေပြီ။
ညီ့ကိုလွမ်းလှ၏။ မနက်ဖြန်ဆို ခွဲစိတ်ရမည့်နေ့ပင်။ ညီ့ကို တွေ့ခွင့်ရစေရန် ညီ့နား အနီးကပ်
စောင့်ရှောက်နေရသော အဆောင်မှူးနာစ်ကြီးအား ကပ်ချွဲရတော့၏။
"ဟူး...ငါနော်။ နောက်ဆို နာမည်ကြီး စုံတွဲတွေကြား လုံးဝမနေတော့ဘူး။ မနက်ဖြန်ခွဲခန်းထဲဝင်ရမယ့်
ငါ့ ကလေးကို အသားမယူနဲ့နော်"
"ဟာ...ညီ့ကို တွေ့ချင်ရုံပါ ။ လုံးဝ ကျေးဇူးမမေ့ပါဘူး။ ကျွန်တော်ညီနဲ့တစ်ရက်တောင်ခွဲဖူးတာ မဟုတ်ဘူး။ ညီရော ကျွန်တော့်ကို လွမ်းတယ်လို့ပြောလားဟင်"
"မပြောပါဘူး။ ဆေးရုံကဆင်းရင် ငါ့တူမလေးနဲ့ မိတ်ဆက်ပေးဖို့ပဲပြောနေတယ်"
"မဖြစ်နိုင်တာ..."
ကျွန်တော်မကျေမနပ်နှင့် ပြောတော့ မယုံလည်းနေဟူသော ပုံစံနှင့်ပုခုံးတွန့်ပြပြီးမှ...
"မနက် ဆရာဝန်တွေ မလာခင်ကိုယ့်အခန်းထဲကိုယ် ပြန်နေနော်"
ဟူ၍ အခန်းသော့ကတ်လက်ထဲ ထည့်ပေးသွားတော့၏။
"ညီ!"
အခန်းထဲဝင်လာသော ကျွန်တော့်ကိုမြင်တော့ အံ့သြသွားဟန်။ ဆေးရုံဝတ်စုံနှင့်ဖြစ်နေ၍လည်း ပါသည်။
ဆေးတွေမသွင်းတော့ဘဲ အားပြန်ဖြည့်ထား၍လားမသိ ပါးလေးတွေပင် အရင်လောက်ချောင်ကျမနေ။
"ကိုဇက် ကဘယ်လို...ပြန်သွားပြီထင်နေ...အွန့်"
စကားဆုံးခွင့်မခံ။ သူ့ကို လူးလှိမ့်နေအောင် လွမ်းနေသူကို သူက ပြန်သွားပြီထင်နေတာတော့
တကယ်စိတ်မကောင်း။ ခန္ဓာကိုယ်ပါးလျလျကို ကျွန်တော့်ရင်ခွင်ထဲမြှုပ်နေအောင် မလွှတ်တမ်းဖက်ထား
လိုက်တော့၏။ အစကတော့ လက်တွေနဲ့တွန်းနေသေးပေမယ့် နောက်တော့ငြိမ်ကျသွားကာ...
"ကျွန်တော့်ကို ထားသွားပြီထင်နေတာ" ဟု တုန်ယင်စွာ ခပ်တိုးတိုးလေး ုရင်ဖွင့်လာသည်။
"ညီ့ကို ထားပြီးဘယ်မှာ သွားနေရမှာလဲကွာ"
တဆက်ဆက်တုန်ယင်နေသော ညီ့ပုခုံးသားတွေ။ ဒီရက်ပိုင်းတွင်း လွမ်းနေရတာကျွန်တော်တစ်ယောက်တည်း
မဟုတ်ဘူးဘဲ။ ကျွန်တော်ကမှတွေ့တဲ့ လူတိုင်းကို ညီ့အကြောင်းမေးကာ အလွမ်းဖြေနိုင်ခဲ့သေး၏။
ညီ့မှာ သူ့ကိုထားသွားပြီလား ဟူသောကြောက်စိတ်တွေနဲ့ တစ်ယောက်တည်း မြိုသိပ်သည်းခံပြီး
ထုံးစံအတိုင်း သူ့ဘေးရှိသူတွေ စိတ်မညစ်အောင် ပြုံးနေ နေခဲ့ရဦးမှာ။ အခုလည်းမျက်ရည်တွေကို
မမြင်စေချင်တဲ့ သူ့စတိုင်အတိုင်း ကျွန်တော့်ရင်ခွင်ထဲ ခေါင်းထည့်ကာ ငိုနေခဲ့၏။
"ညီ မောနေမယ်။ လာ ခဏလှဲနေ"
ညီ့ကို ငိုအောင်လုပ်တယ်ဟူသည့် သတင်းသာပေါက်ကြားကြည့် ၊ မြန်မာပြည်ပြန်မရောက်ခင်ယခုထိုင်းမှာပင်
ကျွန်တော့်အား အမှုန့်ကြိတ်ပစ်ကြလိမ့်မည်။ မဆီမဆိုင် ဝေယံဆိုတာကလည်း ညီ့ကို ကျွန်တော်
မဆွဲထားနိုင်ပါက သူလာလုမယ်ဆိုတာနဲ့ကို ခြိမ်းခြောက်သမှု နေ့စဉ်ပြုလေ၏။
"ကိုဇက်က ဘာလို့ ဒီဆေးရုံဝတ်စုံဝတ်..."
ရင်ခွင်ထဲမှနေ၍ ကျွန်တော့်ကို အံ့သြတကြီးပြန်မော့ကြည့်လျက်
"မဟုတ်မှ အလှူရှင်က ကိုဇက်လား"
ညီ့ရဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းကို ကင်ဆာဆေးပြင်းတွေက မတွန်းလှန်နိုင်သေးပါ။
"ဟုတ်တယ်မလား"
"အင်း"
"ကိုဇက် ရာ..."
မချိတင်ခဲ ရေရွတ်လျက် တင်းကျပ်စွာ ထပ်မံပွေ့ဖက်လာပြန်ပါသည်။
"ကို နဲ့ ညီ မတူလို့ ဘယ်သူတွေတူမှာတဲ့လဲ"
"ဘာလို့ ဒီလို...ဒီလောက်ထိဗျာ..."
စကားရှေ့မဆက်နိုင်လောက်အောင်ဆို့နင့်နေသော ကောင်လေးကို ကျွန်တော့်အသက်နဲ့ထပ်တူ
ချစ်ကြောင်း နှုတ်စကားများဖြင့် သက်သေမထူချင်တော့။ မနက်ဖြန်မှစ၍ ရာသက်ပန်ထိ အတူနေပြီးပဲ
ချစ်ပြချင်တယ်။
"ကိုဇက် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာ မသိဘူးလား"
"ညီ မရှိဘဲနဲ့ အသက်ဆက်မရှင်ချင်တော့တာကိုကော ညီ မသိဘူးလား။ ကို ညီနဲ့ပဲတစ်သက်လုံးနေမှာ။
ညီရော ကို့ ကိုထားခဲ့နိုင်လို့လား။ ဖြေလေ ညီ"
"ကျွန်တော်က ဘာမှမပေးနိုင်ဘဲ အယူကြီးသက်သက်ဖြစ်နေပြီ"
"ကို့နား ညီ ရှိနေရင်ကို အရာရာပေးထားပြီးသားဖြစ်နေပါပြီကွာ"
"ကျွန်တော်ဘာပြောရမှန်း မသိတော့ဘူးဗျာ"
"ရပါတယ်။ ကို ညီ့ကို နားလည်တယ်"
အပ်ပေါက်ရာတွေ ကြွင်းကျန်ရစ်နေသေးသော လက်ဖမိုးတွင် အနမ်းပျိုးတော့ ပန်းရောင်ဖျော့
ဖျော့နှုတ်ခမ်းပါးတွင် အပြုံးနုနုတို့ဝေဆာလာ၏။
"တခြားလူတွေကို ပိုမချစ်ရဲလောက်အောင်ချစ်ပေးခဲ့လို့ ကိုဇက်ကို ကျေးဇူးတင်တယ်"
ဟုပြောလာသောစကားတွင် ချစ်တယ်ဟူသော ဖွင့်ဟချက်အား သီးသန့်ညွှန်းဆိုချက်ထပ်ဖွဲ့စရာ
မလိုလောက်အောင် ပြီးပြည့်စုံနေပြီ။ ကျွန်တော့်ဆီမှာအပ်နှံထားသော သူ့မေတ္တာတရားများအား
တခြား လူမမြင်စေရန်ညီ့ကို ကျွန်တော့်ဘဝထဲ ဖွက်ထားချင်မိ၏။
"အားလုံးထက် ပိုချစ်ပေးခဲ့လို့ ကို လည်း ညီ့ကိုကျေးဇူးတင်တယ်။ အိပ်တော့လေ မနက်ဖြန်
ခွဲစိတ်ခန်းထဲ ဝင်ရတော့မှာ"
"ကိုဇက်ရောပဲ။ အမှန်တော့...ကျွန်တော်ကြောက်နေတယ်"
"ကိုတို့ ဖြတ်ကျော်နိုင်မှာပါ။ ညီ့နားမှာ ကိုလည်းရှိနေမှာပဲလေ။ အခုစိတ်သက်သာသွားအောင် ကို သီချင်းဆိုသိပ်ရမလား"
"အာ..."
ခေါင်းလေးငုံ့ကာ မျက်နှာကို ဖွတ်လိုက်သည်အထိ ရှက်ကိုးရှက်ကန်းနှင့်် ဖြစ်သွားပြီး တကယ်လည်း
အံ့သြသွားရှာတာပါ။ ဘာပဲဖြစ်ဖြစ်လေ ညီ စိတ်သက်သာရသွားဖို့က အဓိကပါ။ အမှန်တော့
ယုံကြည်နေပေမယ့် ကျွန်တော်လည်း ကြောက်နေခဲ့တာပဲလေ။
Baby life was good to me but you made it better~~~
l love the way you stand by me~~~~Though any kind of weather
I don't wanna run away ~~just wanna make u day
When you feel the world is on your shoulders
Don't wanna make it worse~~just wanna make us work
Baby tell me I'll do whatever
I feel like nobody ever knew me until you knew me
Feel like nobody ever loved me until u loved me
Feel like nobody ever touched me until you touched me
Baby Nobody,nobody,~~until u
အလှူရှင်ပျောက်နေ၍ နိုက်ဂျူတီကျနေသော ဆရာဝန်လေးတွေကို ဆူရင်းပူရင်း အလှူရှင်ကို
ပြန်တွေ့ပါက အပြတ် ကော မယ်ဟူသော စိတ်နဲ့ မောင်းတင်လာသော အသည်းအထူးကုခွဲစိတ်
ပါရဂူကြီးသည် လူနာခန်းလေးထဲက ကောင်လေးနှစ်ယောက်နှင့် ဆိုပြနေသော သီချင်းသံတိုးတိုးထဲ
မျောပါသွားပြီး သကာလ
"မနက်ဖြန်ပါမယ့် ဆရာဝန်တွေ အကုန်လုံးကိုခုဖုန်းဆက်လိုက်။ ဒီOperationအောင်ကို အောင်မြင်ရမယ်လို့"
လှပတဲ့အချစ်တွေဆိုတာ လောကနိယာမနဲ့တိုက်ရိုက်အချိုးကျမနေတတ်ပါဘူး။
"ညီ့မျက်လုံးတွေ မှိတ်သွားမှ ကျွန်တော့်ကို မေ့ဆေးပေးပါ"
သိပ်မကွာသော အကွာအဝေးတွင် ကျွန်တော့်၏ညီရှိနေသည်။
များမကြာခင် ကျွန်တော့် ခန္ဓာကိုယ်ထဲက ဖြတ်ယူသွားတော့မည့် အစိတ်အပိုင်းသည် ညီ့ကိုယ်ထဲတွင်ရှိ
နေမည်ဆိုသော အတွေးကပင်ကျွန်တော့်ကိုယ်ပေါ်ကျရောက်လာမည့် ခွဲစိတ်ဓားပုံစံမျိုးစုံကို ကျေကျေနပ်နပ်
လက်ခံနိုင်စေည်။
အခုချိန် ညီနဲ့ ခွဲစိတ်ခန်းထဲ အတူတူရှိနေရသည့်အတွက်လည်း ကျွန်တော်ဂုဏ်ယူသည်။
မွေးကင်းစလေးတည်းက ကျွန်တော်တွေ့ခွင့်ရခဲ့သော ကလေးပါက်စလေးသည် အခုလိုချိန်ထိ ကျွန်တော်နဲ့
မခွဲမခွါရှိနေခဲ့သည့် အကြောင်းတွေးမိရုံနဲ့ ပင် ကျွန်တော်ပီတိဆိုတာကို ပြည့်ပြည့်ဝဝ ခံစားနေရသည်။
ကျွန်တော့်အမြင်တွေဝေဝါးလာသည်။
ဆရာဝန်၏ "စိတ်လျော့လိုက်တော့သား" ဟူသော စကားနောက်ကျွန်တော်ခန္ဓာ ပေါ့ပါးသွားသည်။
ညီ့ ဝိညာဉ်အား လိုက်ရှာရဦးမည်။

တစ်နှစ်ခန့်ကြာသော်...
"အခုလို နေ့လည်စာလိုက်ကျွေးလို့ ကျေးဇူးတင်ပါတယ် ဆရာ"
တက်သစ်စမော်ဒယ်လ်ပီသစွာ ခေတ်နဲ့ညီသော အဝတ်အစား။ ရောင်ပြန်တွေနဲ့ လင်းနေသောခြယ်သမှု နဲ့
အနံ့ခံအာရုံထဲထိ ဝင်ရောက်လာသော ချိုအီအီရေမွှေးနံ့ကြောင့် ကျွန်တော်အနေခက်လာ၏။
ကျွန်တော်ရတတ်တဲ့ ပန်းသီးစိမ်းအနံ့မှမဟုတ်ဘဲ
"ဆရာ တို့ ကျောင်းမှာ ကြော်ငြာလာရိုက်တည်းက ဘရဏီ က ဆရာ့ကိုသတိထားမိတာ။ အခုလိုဆရာ့
လုပ်ငန်းအတွက် ကြော်ငြာရိုက်ဖို့ကမ်းလှမ်းတော့ ဏီ အရမ်းအံ့သြသွားတာသိလား။ ပြီးတော့...အရမ်းလည်း
ပျော်သွားတာ"
ဆရာလို့သာ ခေါ်နေတာပါ။ သူမ ကျွန်တော့်ကို ဆရာတစ်ယောက်အနေနဲ့ မမြင်မှန်းကျွန်တော်
သဘောပေါက်လာ၍
"ဆရာလို့မခေါ်ပါနဲ့ရပါတယ်။ ကျွန်တော့်နာမည် ပဲခေါ်လို့ရပါတယ်"
"ဒါဆို ကိုဇိုင်း လို့်ခေါ်မယ်နော်။ ရတယ်မလား"
"ဟုတ်ကဲ့ရပါတယ်။ ဟို စားချင်တာမှာလေ ညီမ"
"ဟုတ်"
မီနူးစာအုပ်ကို သွားမယ်စားမယ်ထဲက တင်ဆက်သူလို ဟန်အပြည့်နဲ့ကြည့်နေသော သူမကိုကြည့်ရင်း
ကျွန်တော်ရင်တွေပူ၏။ တက်သစ်စမော်ဒယ်နဲ့ အင်တာနေရှင်နယ်ဆန်ဆန်ကြော်ငြာတစ်ခု ရိုက်ချင်သည်ဟု
ဆိုလာသူကိုသာ မျှော်နေမိသည်။ ကျွန်တော်မလာခင်တည်းက မမချိုသည် အနှီကလေးမကို
သတိထားလေ ဟူ၍ ကြိုတင်သတိပေးထားပြီးသား။
HC တွေသည်ကျွန်တော့်တို့နှစ်ယောက်နား ကပ်လာပြီဆိုတာနဲ့ နောက်ကြောင်းကလိုက်ပြီးသားရယ်။
"ကိုဇိုင်းရော မှာလေ"
"ဟုတ်ကဲ့။ ညီလေး ကန်စွန်းပလိန်းနဲ့ ထမင်းတစ်ပွဲ။ နောက်တော့... မုန်လာဥနီဖျော်ရည် အဲ အဲ့မှာ
ရေခဲမထည့်ဘူးနော်။ နောက်ပြီး ပင်လယ်စာထမင်းကြော် အဲ့မှာ ကင်းမွန်လက်တွေမထည့်ပေးနဲ့နော်
နောက်ပြီး ငရုတ်ကောင်း နည်းနည်းပဲ ထည့်ပေးပါ။ အခုမှာတာတွေကို နောက်ဆယ်မိနစ်လောက်နေမှ
လာပို့ပေးပါလို့ရမလား"
သူချည်း အသေးစိတ် ဆက်တိုက်ပြောချသွားတာ ကောင်လေးခင်ဗျာ တသောသောနဲ့လိုက်မှတ်နေရရှာ၏။
"ကျေးဇူးပါ"
"ကိုဇိုင်းက Computer Geekလို့ မပြောရဘူး။ တိကျတယ်နော်"
"အင်း ညီ့ကို အစားအသောက် ဂရုတစိုက်ကျွေးမှ ဖြစ်မှာမို့။ စားနော်ဘရဏီ "
ဘရဏီမှာထားသော အစားအသောက်ကို မစားချင်တော့လောက်အောင်နင်သွားရတော့၏။ ဆရာပေါက်စ
ကတော့ သူ့ဖုန်းသူခေါ်ကာ အလုပ်ရှုပ်နေလေရဲ့။
"ညီ ခု ဘယ်ရောက်နေပြီလဲ"
"အင်း ရောက်တော့မယ်။ အဆင်ပြေလား ကိုဇက်"
"ညီ သာ မြန်မြန်လာပါကွာ..."
"ဟာ ဒရိုက်ဘာမောင်းတဲ့နှုန်းနဲ့ပဲလာလို့ရမှာပေါ့"
ကျေးဇူးရှင်လေး၏ သဘောတကျရယ်သံသြရှရှက ကေဗယ်ကြိုးများစွာဖြတ်သန်းလာတာတောင်
နားထောင်ကောင်းနေတုန်း။
"ကိုနေကောင်း ပါ လာမှာလားဟင်"
"အင်းလေ ခု ညီ့ကွတ်ကီးကို ဒီကညီမနဲ့ကြော်ငြာရိုက်ဖို့ ညီ မအားသေးတာနဲ့ ကျွန်တော်အရင်လာတွေ့တာ။
ဟော...ဟိုမှာရောက်နေပြီ"
တစ်ယောက်က ထိုင်ခုံတောင် မထိုင်ရသေး။ သူကရေအဆင်သင့်ငှဲ့ပေးပြီးသား။ ဓာတ်ပုံတွေထဲမှာပဲ
မြင်ဖူးသော နေကောင်းမြတ်သူသည် အပြင်တွင်ပို၍ သန့်ပြန့်နေသည်မှာ သူများတွေပြောနေကြသလို
ထိရက်စရာမရှိဆိုတာ အပိုမဟုတ်။ ဒါသည်အသည်းကင်ဆာကိုအလူးအလဲ ခံစားခဲ့ရသူဟုပင် မယုံချင်။
"ညီ ဒါ ဘရဏီ "
"ဟုတ်ကဲ့။ ညီမက အပြင်မှာ အများကြီးပိုလှတယ်"
သံတမန်ဆန်သော သူ့အပြောနောက် အပြုံးသည်လည်းဖြတ်ခနဲလင်းသွား၏။ အောင်မြင်သော ဆုတ်ခွာခြင်း
ဖြစ်ဖို့ သူမအလျင်အမြန်ဗျူဟာဆွဲရတော့၏။
ကားတံခါးအား ဝုန်းခနဲဆွဲပိတ်ကာ ဝင်ထိုင်သော သူငယ်ချင်းမကို မဲ့ပြုံးတစ်ခုနှင့်ကြိုဆိုတာသည်
ငယ်သူငယ်ချင်းဆိုသည့် ဝိသေဿရှိနေသေးလို့သာပေါ့။
"နင့် စနိုက်ကျော် ဇာတ်လမ်း ဒီမှာတင်ရပ်တော့နော် ဘရဏီ"
"ဂါး...စိတ်တိုတယ်။ စိတ်တိုတယ်။ ငါ့မှာဖြင့် နေ့လည်စာထမင်းစားဖိတ်လို့ ပျော်နေတာ။ သူ့ဟာလေးက
ပြင်ဦးလွင်မှာ နေတာဆို အခုဘယ်လိုပြန်ရောက်လာတာလဲ"
"ကော ပြန်ရောက်တာ သုံးရက်လောက်ရှိပြီလေ။ ကော ပြန်မလာလို့လည်း မရဘူး။ ဆရာဝန်က
လေကောင်းလေသန့်ရတဲ့ နေရာမှာနေလို့ ပြောထားလို့ ဟိုမှာ သွားနေတာ။ ဒါပေမဲ့ ကိုဇက် က အားနေ
ရန်ကုန်နဲ့ ပြင်ဦးလွင်ကို ခေါက်တုံ့ခေါက်ပြန်သွားနေတာနဲ့ နောက်ဆုံး ကော ကပဲစိတ်လျော့ပြီး ရန်ကုန်
ပြန်လာ ပေးရတာလေ"
"ဘာလဲဟာ...အဲ့ဟာလေးက ချောတာတော့ တော်တော်ချောပေမယ့် ကိုဇက်က တကယ်ပဲမိန်းမတွေကို
မကြိုက်တာလား။ သူက ယောကျာ်းပဲကြိုက်တာလား။ နှမြောတယ်ကွာ"
"ဟဲ့!"
"ဟ ဖြည်းဖြည်းအော်ပါဟ"
"အေး ယောကျာ်းကြိုက်လား မကြိုက်လားတော့ ငါသေချာမသိဘူး။ သူ့အနား ကပ်လို့ရတဲ့ ယောကျာ်းက ကော တစ်ယောက်ပဲ။ သူ ကောကိုပဲချစ်တာ။ ဟိုတစ်ခါ ကော မရှိတုန်း နင့်လိုပဲစနိုက်ကျော် အထီးတစ်ကောင် သူ့သွားကပ်လို့ ဟိုက တရားစွဲမယ်တောင်လုပ်တာ။ နင်နော် နာမည်ကြီးချင်ရင် တခြားနည်းလုပ်။ စနိုက်တော့
မကျော်နဲ့"

"ငါ ကနင့်သူငယ်ချင်းအရင်းလေ။ လူကောင်းသူကောင်းတွေ့မယ့် အရေးကို အားပေးသင့်တာမဟုတ်ဘူးလား"
"အေး သူငယ်ချင်းအရင်းမို့ ခုလောက်ထိစိတ်ရှည်လက်ရှည်ရှင်းပြနေတာ။ မဟုတ်ရင်ကားပေါ်ကကန်ချပြီးပြီ"
"ဘာပြောတယ်။ ဘာလဲ နင်က သူငယ်ချင်းအရင်းထက်အခြောက်အားပေးလုပ်နေတာလား"
"သွား ဆင်းတော့ ငါ့ကားပေါ်က။ ဒီမှာ မဆင်းခင်ငါပြောတာနားထောင်သွား သူ့တို့ဘာသာ တစ်ယောက်နဲ့
တစ်ယောက်ချစ်တာကို အခြောက် ၊ ကျိတ်ပုံးတွေ ဘာညာနဲ့ နင်ပဲတဆပြောပြီးနှိမ့်ချနေတာ မြန်မာနိုင်ငံက
နင်တို့လို အာပေတူးတွေပဲ ရှိတယ်။ အခု ကမ္ဘာမှာတောင် ဒါလူသားချင်းချင်းပဲလေဆိုတဲ့ အမြင်နဲ့ နားလည်
လက်ခံပေးနေရပြီ ။ နင်တို့လို ဘယ်သူ့မှ ဘာမှ မပြောဘူး။ ငါပြောမယ်ကိုယ့်အရည်ချင်းနဲ့ကိုယ်ကြိုးစား။
ကိုဇက်ကို စနိုက်ကျော်ဖို့မစဉ်းစားနဲ့။ HCတွေ ထဝုန်းလိုက်လို့ အခုရနေတဲ့ နာမည်လေးတောင်ပျောက်သွား
မယ်ဘာမှတ်။ ခုတော့ ကြွ။ လမ်းလျှောက်ရင်း သေချာစဉ်းစား မြင်အောင်ကြည့်။ အမြင်မှာရမှ ငါ့ဆီဖုန်းဆက်"
ဝေါခနဲမောင်းထွက်သွားသော ပြိုင်ကားနီနီ။ ပလက်ဖောင်းတခြားတစ်ဖက်ရှိ မှန်တွေကာထားသော
စားသောက်ဆိုင်ထဲတွင် မျက်နှာချင်းဆိုင်ထိုင်လျက် စကားစမြည်ပြောရင်း နေ့လည်စာစားနေကြသော
ကောင်လေးနှစ်ယောက်ကို လည်ပြန်ပြန်ကြည့်မိသည်။
တစ်ယောက်ကတစ်ယောက်ကို ရေခွက်ကမ်းပေးလိုက်၊ ဒါကောင်းတယ်ဟု ပြောဟန်ဖြင့်တစ်ယောက်
ပန်းကန်ထဲမှ ဟင်းတွေကို တစ်ယောက်တစ်လှည့်စီထည့်ပေးလိုက်နှင့်...ဘရဏီ့မျက်လုံးထဲ အမြင်မတင့်ဆို
သည်မျိုး ဝင်မလာနိုင်အောင် သူတို့နှစ်ယောက်လုံးက အေးချမ်းသည်။ အားကျဖွယ်ကောင်းသည်။

နောက်ပြီး ချစ်ဖို့ကောင်း၏။

"ငါ ဟိုမိန်းမကိုဖုန်းခေါ်လိုက်ပါဦးမယ်လေ"

Bạn đang đọc truyện trên: ZingTruyen.Xyz