ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)

အပိုင်း(၅၁၂)

jellyflower1

အပိုင်း(၅၁၂)

ထျန်းနင်က ထျန်းရွှမ်ကို အဆုံးအစွန်းအထိ တွန်းပို့ထား၍ သသူမပိုင်ဆိုင်ရမည့် ရှယ်ရာများ နှင့် ကလေးကိုသာ အားကိုးအားထား ပြုရမည်။

...

ညဉ့်အချိန် ထျန်အိမ်တော်နှင့် မကမ်းမလှမ်း ထောင့်တစ်နေရာတွင် ရပ်ထားသော အမည်းရောင်ကားပေါ်သို့ ထျန်းရွှမ် တက်သွားသည်။
"နေရာတိုင်းမှာ ကင်မရာတွေချည်းပဲ။ ငါတို့ကို ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ"

"ထျန်းအကြီးအကဲ ဘာပြောလဲ"
လင်းရှောင်ယွမ် မေးမြန်းသည်။

"အပေါ်ယံကြည့်လိုက်ရင် သူက ငါ့ကိုကောင်းကောင်း ဆက်ဆံတယ် ထင်ရပေမဲ့ တကယ်တမ်း သူက ထျန်းနင်ကိုပဲ အလေးထားတယ်"

"မင်းက ဒီအခြေအနေအထိ ရောက်နေပြီပဲ။  အခုလို ငိုယိုနေလို့ ဘာအကျိုးထူးမလဲ"

"ငါ ဘာလုပ်နိုင်လဲတောင် ကြံမရတော့ပါဘူး"

"မင်း ဘာမှ တွေးကြံမရရင်တောင် မင်းလက်ထဲမှာ မင်းပိုင်တဲ့ရှယ်ရာတွေနဲ့ မင်းရဲ့ကလေး ရှိတယ်။ ကလေးနဲ့ ပတ်သက်လာရင်တော့ အဘိုးကြီးက သည်းသည်းလှုပ်တယ်"

"အဲတော့ ဘာဖြစ်လဲ။ ထျန်းနင်က ငါ့ကို ဒီအခြေအနေ ရောက်အောင် တွန်းပို့ခဲ့လို့ ငါ့မှာ သွားစရာ နေရာ မရှိတော့ဘူး"

လင်းရှောင်ယွမ်က ရုတ်တရက် လှည့်လာပြီး ထျန်းရွှမ်ကို ကြည့်သည်။ ပါးလွှားသော မျက်မှန်အောက်မှ အေးစက်သော သူ့အကြည့်ကို ခံစားနိုင်သည်။

"မင်းနဲ့ ထျန်းနင်ရဲ့ အကြီးမားဆုံး ကွာခြားချက်က ဘာလဲ မင်းသိချင်လား။ ငါ ပြောပြပေးမယ်။ ထျန်းနင်က သူ့အရည်အချင်း အစစ်အမှန်ကို ဖုံးကွယ်ထားပြီး အားနည်းချင်ယောင်ဆောင်တယ်။ အောင်မြင်မှုကို မဖမ်းဆုပ်ခင် ပတ်ဝန်းကျင် အခြေအနေကို သေချာ စူးစမ်းပြီး အချိန်တန်မှ တိုက်ခိုက်တတ်တယ်"

"တစ်ဖက်မှာတော့ မင်းက မင်းရဲ့ ခံစားချက် အစစ်အမှန်ကိုတောင် မဖုံးကွယ်ထားနိုင်ဘူး"

ဤအချက်ကို ထျန်းရွှမ် သိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူမက ဝန်မခံချင်ပေ။ သူမက ထျန်းနင်ထက် ပိုထူးချွန်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ဖူးချေ။

"ဒါဆိုရင် အခုတော့ မင်းမှာ တခြားစိတ်ကူး မရှိသေးဘူးမလား"

"မင်း ကလေးကို သေချာစောင့်ရှောက်ပြီး မှန်ကန်တဲ့ အချိန်ကို စိတ်ရှည်ရှည်စောင့်ပါ။ အဲဒီအချိန်ရောက်မှပဲ မင်းကို သင်ပေးသင့်တာ သင်ပေးမယ်"

"ထျန်းနင်က အမြဲပြောင်းလဲနေတာ။ မင်းက နဂိုအတိုင်း ရှိနေဖို့ လိုအပ်လို့လား"

"မင်းလည်း ထျန်းအုပ်စုရဲ့ ကုန်ပစ္စည်းပြပွဲ တက်ရမယ် ဟုတ်တယ်မလား။ ထျန်းနင်က မင်းကို နောက်ထပ် အထင်မြင်သေးအောင် မလုပ်နဲ့"

...

ထျန်းနင်က လူအများစုနှင့် ထိတွေ့ဆက်ဆံရမည်ကို လျှော့ချချင်၍ တကယ်တမ်း ကုန်ပစ္စည်းပြပွဲသို့ တက်ရောက်မည့် အတွေး မရှိခဲ့ပေ။

သို့သော်လည်း ပြဿနာအိုးထျန်းရွှမ် အကြောင်း တွေးမိ၍ မည်သူမှ မသိအောင် ပရိသတ်များကြား ထိုင်နေရန် ဆုံးဖြတ်ခဲ့သည်။

ဤတစ်ကြိမ်တွင် ထျန်းရွှမ်က သူ့ကလေးကို အသုံးချကာ ခြိမ်းခြောက်ခြင်း မလုပ်ဆောင်ခဲ့ပေ။

သို့သော်လည်း မို့ထင် ပြောခဲ့ဖူးသော ကိစ္စကို ရုတ်တရက် ပြန်တွေးမိသည်။

ထျန်းရွှမ်တို့သားအမိကို ခွဲလျှင် ထျန်းရွှမ်၏ ပြိုလဲနေသော မျက်နှာအမူအရာကို မို့ထင် မြင်ချင်ကြောင်း ပြောဖူးသည်။

ထို့ကြောင့် သူမလည်း ထျန်းရွှမ်၏မူပျက်နေသော မျက်နှာအမူအရာကို မြင်ချင်သည်။

"နင်နဲ့ ဖုန်းအဆက်အသွယ် မရတာ ကြာတော့ အခြေအနေကို မသိရဘူး။ နင် ဘာအစီအစဉ် ဆွဲထားလဲ လူတိုင်းက သိချင်နေတာနော်"

လုံကျဲက ထျန်းနင်နှင့် တွေ့ဆုံရန်  Hyatt Regencyသို့ လာရောက်ခြင်းက ရှားရှားပါးပါး ဖြစ်ရပ်ပင်။

ထျန်းနင် ပြုံးသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

"ထျန်းအုပ်စုကို တကယ်လက်လွှဲယူပြီး သရုပ်ဆောင် မလုပ်တော့ဘူးလား"

"အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ"
ထျန်းနင်က ဟန်ပါပါ ပြောဆိုသည်။

လုံကျဲက ပြုံးရွှင်ကာ စကားမပြောခင် ခဏတုံ့ဆိုင်းသည်။
"နင်က ထျန်းရွှမ်ကို ထျန်းအုပ်စုကနေ မောင်းထုတ်လိုက်တယ် ကြားတယ်"

"ဒါပေါ့။ ဒီလိုလုပ်ချင်လို့လဲ ငါက ကုမ္ပဏီ အလုပ်လုပ်တာလေ"

"ဝိုး မိုက်တယ် တကယ် မိုက်တယ်။ ဒါနဲ့ နင်လည်း မိခင် ဖြစ်တော့မယ်လေ။ ပိုကြင်
နာတဲ့ နည်းလမ်းကို သုံးလို့မရဘူးလား"

မိခင်ဖြစ်လာမည့်အကြောင်း ပြောလာ၍ ထျန်းနင်က မသိစိတ်၏လှုံ့ဆော်မှုအရ လုံကျဲ၏ ဝမ်းဗိုက်ကို ကြည့်မိသည်။ သူမကို မြင်တွေ့တိုင်း လုံကျဲ၏စိတ်နှလုံးသားထဲ နာကျင်နေရကြောင်း ထျန်းနင် သိနေသည်။

"ငါ အဆင်ပြေပါတယ်။ နင် စိုးရိမ်ဖို့ မလိုအပ်ဘူး"
လုံကျဲက ထျန်းနင်၏ အတွေးကို နားလည်မိ၍ ပခုံးဆက်ခနဲ တွန့်သည်။
"လုချယ် အနားရှိနေရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားရှိတယ်"

"နင်တို့နှစ်ယောက်စလုံးက ငယ်ပါသေးတယ်"

"ထျန်းနင်၊ နင် နားမလည်နိုင်ပါဘူး"
လုံကျဲက ရုတ်တရက် သက်ပြင်းချသည်။

"လုချယ်ရဲ့မိဘတွေက ကောင်းကောင်း မဆက်ဆံလို့ မဟုတ်ဘူး။ တကယ်တမ်း သူတို့ သမီးအရင်းလိုပဲ ဆက်ဆံပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် အမြင်တွေကြောင့် ဖိအားဖြစ်ရတယ်"

"လုချယ်ရော ဆေးစစ်ကြည့်ပြီးပြီလား"
ထျန်းနင်က ရုတ်တရက် မေးမြန်းသည်။

"အင်း သူလုပ်ပြီးပြီ။ သူလည်း အဆင်ပြေတယ်လို့ ဆရာဝန်က ပြောတယ်"

"ဒါဆိုရင်တော့ ကလေးရဖို့ အချိန်မတန်သေးလို့ ဖြစ်မှာပါ"

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"
လုံကျဲ ခေါင်းညိတ်ပြသည်။
လုချယ်ကို သုန်မှုန်နေသော မျက်နှာအမူအရာ မပြမိအောင် သူမကိုယ်သူမ အသိပေးရသည်။
"ဒါဆိုရင် ထျန်းအုပ်စုရဲ့ နှစ်စဉ်ကျင်းပတဲ့ ကုန်ပစ္စည်းပြပွဲကို နင် တက်ရောက်မလား"

ထျန်းနင် ခေါင်းခါပြသည်။
"အဲလို ပွဲတက်ဖို့ မလိုအပ်ဘူးလေ"

"ပွဲတစ်ပွဲလုံးကို ထျန်းရွှမ် ထိန်းချုပ်သွားမှာ မြင်ရက်လို့လား"

တကယ်တမ်း ပွဲတွင် ပြဿနာရှာမည့်သူက ထျန်းရွှမ် မဟုတ်ဘဲ တခြားသူ ဖြစ်နေမည့်အကြောင်း ထျန်းနင် သိနေခဲ့သည်။

ထျန်းနင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ လုံကျဲက နားလည် သဘောပေါက်မိ၍ နှုတ်ဆိတ်နေခဲ့သည်။

...

ထျန်းအုပ်စု၏ နှစ်စဉ်ကျင်းပလေ့ ရှိသော ကုန်ပစ္စည်းပြပွဲကို ပေကျင်းမြို့မှာ သိပ်မကြာခင် ကျင်းပလိမ့်မည်။ ထျန်းမိသားစု၏ နာမည်ကျော် မျိုးဆက်သစ် နှစ်ဦးကြောင့် ပွဲကို စိတ်ဝင်စားသူများ ပို၍ များပြားလာသည်။

သူတို့မိသားစု၏ ကုန်ပစ္စည်းသစ်ပြပွဲတွင် ရေမွှေးအသစ်ကို မိတ်ဆက်ပေးမည် ဖြစ်၍ သူတို့လည်း ပွဲတက်ရောက်လိမ့်မည်။

ရှားကျင်းရီနှင့် ကိစ္စ ပြီးပြတ်တည်းက ထျန်းကျင်းရွှမ် အလုပ်ကြိုးစားနေသည်။ အလုပ်ချိန်များလွန်း၍ အိပ်စက်ချိန်ပင် နည်းပါးလာ၍ တစ်စုံတစ်ယောက်ကို တဖြည်းဖြည်းချင်း သတိပြုမိလာသည်။

သူ့မန်နေဂျာ စုန့်ယန်ရှု ဖြစ်သည်။

စုန့်ယန်ရှုက သူ့ကို တစ်ဖက်သတ် ချစ်မြတ်နိုးခဲ့သူ ဖြစ်သည်။ သူမချစ်နေသည့် အကြောင်းကို လူတိုင်းရှေ့မှာ ကြေညာထားသည်။သို့သော်လည်း သူမ၏နေ့စဉ်ဘဝတွင် သူမက အလုပ်ကို လေးလေးစားစား လုပ်ကိုင်တတ်သည့် အရည်အချင်း ရှိသော မန်နေဂျာ ဖြစ်သည်။ သူမက သူ့ကို ဂရုစိုက်သော်လည်း သူငယ်ချင်း စည်းကို ကျော်လွန်းသူ မဟုတ်ပေ။

"ကုန်ပစ္စည်းပွဲမှာ ဝတ်မယ် ဝတ်စုံ ပြင်ဆင်ပေးထားတယ်။ ဗီဒိုထဲမှာ ချိတ်ပေးထားတယ်။ ရှူးဖိနပ်ကတော့ နင် ကြိုက်တာ ရွေးစီးလိုက်တော့"

ထျန်းကျင်းရွှမ်က စုန့်ယန်ရှုကို ငေးစိုက်ကြည့် နေမိသည်။
"အစ်မ၃ရော ပွဲတက်မှာလား"

"အစ်မထျန်းနင်က စဉ်းစား စရာတွေ အများကြီးပဲ။ သူ တက်လား မတက်လား သေချာမသိသေးဘူး"
စုန့်ယန်ရှု ပြန်ဖြေသည်။

"ယန်ရှု၊ တချိန်ချိန်မှာ နင်ရော လက်ထပ်ပြီး ကလေးယူမှာလား"

"ဒါပေါ့"
စုန့်ယန်ရှုက သဘာဝဆန်ဆန် ပြန်ဖြေသည်။

ထျန်းကျင်းရွှမ်က ဟန်မပျက် ပြုံးနေသည်။
"မင်း ငါ့အနားမှာ မရှိဘဲ နေတတ်မယ် မထင်ဘူး"

"နင် နိုင်ငံတကာတန်းဝင် စူပါစတား ဖြစ်တဲ့အထိ နင့်အနားမှာ ငါ ရှိနေမှာပါ။ အဲခါကျရင် ငါ့လို မထင်မရှား မန်နေဂျာကို မှတ်မိပါဦးမလား"
စုန့်ယန်ရှု ပြုံးသည်။
"အဲလို အချိန်ရောက်လာရင်တော့ ငါ နင့်အနားက ထွက်သွားမယ်"

"ဘာလို့ ငါနဲ့အတူတူ မလင်းလက်တာလဲ"

"နင့်ကိုစောင့်ကြည့်နေရုံနဲ့ ကျေနပ်ပါတယ်"
စုန့်ယန်ရှုက ဆိုဖာပေါ်မှ လက်ကိုင်အိတ်ကို ကောက်ယူလိုက်ပြီး ထျန်းကျင်းရွှမ် ဝယ်ထားသည်မှာ မကြာသေးသည့် တိုက်ခန်းမှ ထွက်လာခဲ့သည်။

သို့သော်လည်း သူမထွက်သွားပြီးနောက် ထျန်းကျင်းရွှမ်၏နားထဲ သူမပြောခဲ့သည့် စကားလုံးများက ပဲ့တင်ထပ်နေသည်။

စူပါစတားဖြစ်သွားလျှင် စုန့်ယန်ရှု ထားခဲ့မည် ဖြစ်၍ မည်သည့်အတွက်ကြောင့် စူပါစတား ဖြစ်အောင် ကြိုးစားမည်နည်း။

ဤအတွေးကြောင့် ထျန်းကျင်းရွှမ် ကိုယ်တိုင်ပင် အံ့သြနေရသည်။

အပိုင်း(၅၁၂)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz