ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နှင်းဆီဝါတို့ နီစွေးစေ)completed

Extra

eainsi23

တံငါကုန်းရွာ လမ်းမကြီးတွင် ထုံးစံအတိုင်း
ဆိုင်ကယ်နှင့် လှည်းတို့သွားလာမပြတ်ရှိနေချေသည်။
ရွာထွက်ရှိ သရက်တောသည် အရွယ်ရောက် အပင်တို့ဖြစ်သည့်အလျောက် အရိပ်ရကာ သွားလာသူတို့ကို အေးမြမူ့ပေးချေသည်။ နွေဦးမို့
သရက်ဖူးတို့ဝေဆာလျှက်ရှိကာ ဒီနှစ်လေပြင်း မကျလျှင် ပါးပါး၏ စိန်တစ်လုံးခြံက ငွေပေါပေါဝင်ပေအုန်းမည်ပင်။

" ဝေ့ ဦးချီ သရက်တော လာကြည့်တာလားဟ"

ပုံညာဦးချီသည် သရက်ခြံရှေ့ ဆိုင်ကယ်ထိုးရပ်ကာ လှည်းပေါ်က နှုတ်ဆက်နေသည့်
ဦးထောင် ကိုလက်ပြလိုက်သည်။ နွားလှည်းပေါ်တွင် ကုန်ပစ္စည်းအပြည့်တင်လာတာမို့ ဦးထောင်တို့ အိမ်ဆိုင်လေးသည် ရောင်းအားမဆိုးပုံပင်။

"ဟုတ်တယ် ဦးထောင် ။ မနေ့က လေပြင်းတိုက်သွားတာ သရက်ကင်းတွေ ရှိများရှိသေးသလားလို့ အပြေးလာကြည့်ရတာဗျ။ လှည်းပေါ်မှာလည်း ကုန်အပြည့်နဲ့ စီးပွါးရေးကောင်းနေပုံပဲ"

"ကောင်းမှရမယ်ကွာ ။မင်းညီ အလတ်ကောင် ကျော်ဇင်က လာမဲ့နှစ်မှာ တက္ကသိုလ်တက်ရတော့မယ်လေ"

"ဒီကောင် တောင် လူပျိုပေါက်ဖြစ်နေပြီ ။ ဦးထောင်တော့ ပိုက်ဆံပိုရှာရတော့မယ်။ ဟိုတလောက ခါးနာလို့ဆို ..ဦးထောင် သော့်စကားမှနားမထောင်တာ။ အလေးအပင်တွေမ မနဲ့ ဂရုစိုက်ဦး"

"အတတ်နိုင်ဆုံးတော့ သတိထားတာပဲကွာ။ တစ်ခါတလေ စိတ်က မြန်နေတော့ မလုပ်ပဲမနေနိုင်ဘူး။ ခုလည်း ဆေးခန်းဝင်ပြခဲ့သေးတယ်။ လိမ်းဆေးနဲ့ ခါးကပ်တဲ့ဟာ ဆရာလေးက ပေးလိုက်သေးတယ်။ ဆေးဖိုးလည်း သိပ်မယူရှာတော့ ပြရမှာ အားတောင်နာတယ် ။ ကဲ စကားကကောင်းတယ် နေက ပူနေပြီ သွားတော့မယ် ငါ့တူရာ ။ နောက်ရက်မှ အေးဆေးပြောတာပေါ့"

ကြိမ်အသာတို့ကာရှိသေး နွားလှည်းက တရှိန်ထိုးမောင်းသွားတော့သည်။ လှည်းမောင်းသွားတဲ့ဖုန်လုံးတချို့ကို ငေးမနေတော့ပဲ ခြံတခါးကို အသာတွန်းဖွင့်လိုက်သည်။ သာယာတိုးတက်လာတဲ့တံငါကုန်းရွာကြောင့် အိမ်ထောင်စုအငယ်လေးတွေ အခြေချနေထိုင်သူတွေများလာ၏။ ရွာလယ်
လမ်းကလည်းကတ္တရာလမ်း မို့မိုးရာသီတွင် ရွံ့နွံမပေတော့ပဲ လူနေမူ့ကလည်းသပ်ရပ်လာသည်။ အရင်က ရွာပြင်ဆိုပေမဲ့ ခုဆို တံငါကုန်းရွာစ က သရက်ခြံဆိုတာ အသွားအလာမပြတ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပြီပင်။ ပါးပါးတို့စိုက်ခဲ့တုန်းက သရက်ခြံက အထင်ကရ မဟုတ်သေးပေ။ ဦးချီလက်ထက်မှာတော့ စိန်တစ်လုံး စျေးကောင်းတာကြောင့် ထပ်မံတိုးပွါးထားတဲ့စိုက်ခင်းတွေမှအများသား။ ဇောတိက ဆိုင်ကလည်း တကယ်ဆိုင်ကြီးကြီးဖြစ်နေတဲ့အပြင် ပွဲရုံကလည်း စီးပွါးဖြစ်ထွန်း၏။

အိမ်ပြန်ရောက်တော့ ကြွေကျလို့ ကောက်လာတဲ့ သရက်ကင်း အထုပ်ကို ဆိုင်ကယ်ပေါ်ကနေဆွဲချပြီး မီးဖိုချောင်ဖက် ကို သွားပို့လိုက်သည်။ ဇော်တိက ဆိုင်က အရင်လို ပန်းရောင် ဆေးလေး လှလှပပသုတ်ထားသော်ငြား ချဲ့ထွင်ထားတဲ့ ဆိုင်အပြင်အဆင်ကြောင့် သူတို့အိမ်ကလေးရဲ့လှပမူ့ကို သိပ်ကြွားကြွားဝါးဝါးမမြင်ရ တော့ပေ။

"သရက်ကင်းတွေများလှချည်လားဦးချီ "

"ဟုတ်တယ်ဖေဖေ။ မနေညက လေအတော်ပြင်းတာ...ဒီလောက်ပဲ ကြွေလို့ တော်သေးတာပေါ့ ၊လေဦးမိုးဦးသတိထားနေရတာ။ မနှစ်က အထွက်နည်းထားလို့ဒီနှစ် သား ဂရုစိုက်နေရတာ ဖေဖေဘာခိုင်းစရာရှိလို့လဲ"

"သားမြင်လို့ ဆိုင်ထဲကထွက်လာတာ ။ မနက်ဖန် ပွဲရုံက မြေပဲတွေဆီကြိတ်မှာ သားပါးပါးက
ကြိတ်ခုံကို သူသွားလိုက်မယ်ပဲပြောနေတာ သားသတိပေးလိုက်ဦး"

"ခါးနာတာ သက်သာတာမကြာသေးဘူး။ ပါးပါးကလေ ပြောရတာ တကယ်လက်ပေါက်ကပ်တယ် ။ ဆီကြိတ်ခုံကို မသွားလည်းဘာမှမဖြစ်ဘူး။ နေပါ သားပြီးမှပြောလိုက်မယ်။ ဒီနေ့
အရီးကို သရက်သီးထောင်းနဲ့ ပဲဟင်းလေးစားချင်လို့ ချက်ခိုင်းလိုက်မယ်နော်"

အိမ်ကို မနှစ်ကသေချာပြန်ပြင်ထားတာမို့ မီးဖိုချောင်ကို ဘေးဖက်သပ်သပ်ခွဲထုတ်လိုက်သည်။ အလုပ်သမားတွေက ပွဲရုံမှာရော အိမ်ဖက်က ဆိုင်မှာရော များလှတာကြောင့် ထမင်းချက်ရင် အိုးကြီးချက်ရသည်။ တစ်နှစ်တစ်နှစ် မြေပဲရသလောက်သိမ်းကာ ပါးပါးက ပဲဆီကြိတ်သည်။
ရတဲ့ဆီကို အိမ်မှာ တစ်နှစ်ပတ်လုံးသုံးသလို
မန်းလေးက အမျိုးတွေကိုလည်း သင့်တဲ့စျေးနဲ့ရောင်းပေးတတ်သည်။

"အရီးကို ဖေဖေ ပြောလိုက်မယ်လေ ။ သော်သော် သိပ်နေမကောင်းဘူး ။ မနက်က ဆေးခန်းဖွင့်ထားတာတောင်မှ ကြာကြာမထိုင်နိုင်ဘူး အပေါ်ပြန်တက်သွားတယ်။ "

ဦးချီ သက်ပုံကို ပြုံးပြကာ

"နေပါစေ သားပဲပြောလိုက်မယ် ။ လောလောဆယ် ခေါက်ဆွဲလေးပြုတ်ပေးမလို့ ။ ပါးပါးမေးရင် ဖေဖေပြောပေးအုန်း"

သက်ပုံက အရင်လို နုနုနယ်နယ်သာ ရှိနေဆဲပင်။
ဒီနှစ်တွေထဲ သက်ပုံကို အရင်လိုနာမည်မခေါ်ဖြစ်တော့ပဲ ဖေဖေဟုသာခေါ်ဖြစ်သည်။
အိမ်က စိးပွါးရေးကတော့ ဦးချီက အဓိက ဦးဆောင်ပေမဲ့ ပါးပါးရော ဖေဖေရောက ထိုင်မနေတက်သူပီပီ စျေးဆိုင်ဖက်မှာရော ပွဲရုံဖက်မှာရော
ကောင်တာထိုင်ပေးတတ်သည်။
သက်ပုံထွက်သွားတော့ မီးဖိုးချောင်ထဲလုံးတုံးတုံးနဲ့ ချက်ပြုတ်နေတဲ့ အရီးကို ဘေးဖယ်ခိုင်းကာ သော့်အတွက် ခေါက်ဆွဲလေးပြုတ်ပေးဖြစ်သည်။

"အရီး ပဲဟင်းလေးချက်ပေးနော်။ သားကြိုက်တဲ့ အုန်းသီးလေးက မပါမဖြစ် ။ သရက်သီးထောင်းထဲ ငရုတ်သီးမထည့်ဘူး ။ သော်ဗိုက်အောင့်အောင့်နေလို့ ငရုတ်သီး ရှောင်ခိုင်းထားတာ ။ ဪ ကျန်သေးတယ်... ငါးခြောက်က ငါးရံခြောက်မဟုတ်ဘူး သော်ကြိုက်တဲ့ ငါးဇင်ရိုင်းခြောက်လေးနော်"

"အမလေး သိပါ့ သိပါ့။ မနေ့ညက လေပြင်းတိုက်ကတည်းက သား ပဲဟင်းချက်ခိုင်းတော့မယ်မှန်းသိလို့ ပန်းနု ကို အုန်းသီးခြစ်ခိုင်းထားတာတော်ရေ။ ပဲပြုတ်ထားတာ မနပ်သေးလို့ဆီမသတ်ရသေးတာ ။ ကဲပြီးရင်ဖယ်..တော့် အသည်းကြော်ပဲလှော်က မနက်စာခုထိဘာမှမစားရသေးဘူး။ ကောက်ရင် တော်တော်နဲ့ဖြောင့်ရတာမဟုတ်ဘူး သွားတော့ သွား"

အရီးနှင်လွှတ်တော့ သူ့မှာ ရှက်ရသေးသည်။ ခေါက်ဆွဲပြုတ်ကို ပန်းကန်ထဲ အသာထည့်ကာ နောက်ဖေးတံခါးကနေ အိမ်ပေါ်တက်သွားမိသည်။

အခန်းထဲမှာ သော်က အိပ်နေတာမို့ စားပွဲပေါ် ပန်ကန်ချကာ

"သော် မသက်သာဘူးလား"

သူ့အသံကြားသော်ငြား သော်က ပြန်မဖြေပဲ ခန္ဓာကိုယ်ကိုတစ်ဖက်လှည့်ပြီး သူ့ကိုကျောခိုင်းသွားသည်။

"သော်ကလည်းကွာ မဟုတ်တာနဲ့ စိတ်ပင်ပန်းခံနေတာ"

"ဘာမဟုတ်တာလဲ ။ ငါ့စကားကို မင်းနားမထောင်တာက မထောင်တာပဲ"

"ဟာ..တမင် နားမထောင်တာမှမဟုတ်တာ။ သော်ပြောတာ သော်ပဲ စဉ်းစားကြည့်လေ ။ ခရီးကတစ်ရက်ထဲမှမဟုတ်တာ။ ဆယ်ရက်လောက်ကြာမှာ ကိုကို အဲ့လောက်အကြာကြီးမခွဲနနိုင်တာ သော်လည်းသိတာပဲ"

"အပိုတွေ မင်း ပိုက်ဆံကုန်မှာဆိုးလို့မို့လား"

"လျှောက်ပြောပြန်ပြီ ။ တစ်လကုန်လို့ တစ်လစရင်သော်ကြိုက်တာ သုံးရအောင် ကိုကို သတိတရပေးနေတာပဲ။ ဘာဝယ်ဝယ် ဘာသုံးသုံး ဘာပြောလို့လဲ"

အမှန်လည်း ပုံညာဦးချီက သူရသမျှ သော့်ကိုအပ်သည်။ မန်းလေးက သူ့ရေခဲဆိုင်ကလည်း နွေမရောက်ခင်ကတည်းက လက်မလည်အောင်ရောင်းနေရတာမို့ ရေခဲသေတ္တာကအစ ဒီနှစ်အသစ်ထပ်ဝယ်ပေးထားတာ အလုံးပေါင်းမနည်း။ရွာကကလေးတွေအပြင် ရွာနီးချုပ်စပ်က ကလေးတွေကိုပါမချန် တက္ကသိုလ်တက်ရင်း သူရေခဲစက်မှာ အပိုဝင်ငွေရအောင်အချိန်ပိုင်းအလုပ်တွေပေးတတ်သလို ကလေးတွေအဆောင်ခ မကုန်အောင်ပါ သော်တို့ရပ်ကွက်ထဲမှာ နေစရာ အိမ်နှစ်လုံးထပ်ဝယ်ပေးထားသေးသည်။

အဝေးသင်သမားတွေကတော့ ကျောင်းမတက်ရတဲ့ လတွေကို ဆိုင်မှာ အတည်တကျ အလုပ်လုပ်ကြသလို ဒေးသမားတွေကတော့
အားတဲ့အချိန် ဖြစ်အောင်လာကူကြသည်။
ရွာက မိဘတွေမှာ သက်ပုံတို့ကောင်းချီတို့ကို
ဝေဖန်ဖို့နေနေသာသာ သူတို့ကလေးတွေကိုမြို့မှာ စိတ်ချလက်ချ ထားနေရတော့ ကျေးဇူးရှင်များသဖွယ်တစ်ရွာလုံး ဆက်ဆံကြသည်။

ပါးပါးတို့ဆီ လက်ဖြန့်တောင်းစရာမလိုပေမဲ့ ရှိတာမှဒီသားတစ်ယောက်ထဲဆိုတော့ ဖုန်းဆိုဖုန်း ဆိုင်ကယ်ဆိုဆိုင်ကယ် ပြောစရာမလိုအောင် ဝယ်ပေးသည်။ သော့်ယောက်ခမ နှစ်ယောက်လုံးက စိတ်ရင်း အတော်လေး ကောင်းကြတာမို့
ငွေဆိုတာသော့်ဘဝမှာ လိုအပ်ချက်ဟုတ်မနေခဲ့ပေ။

"ဒါဆို ဘန်ကောက်သွားမှာ ဘာလိူ့မထည့်တာလဲ ပြော"

"ဟာ သော်ကကွာ ။ ကိုကို မပါပဲ မသွားရဘူး။ သော်ရော ဆယ်ရက်လောက်ကြီးခွဲနိုင်လားပြော"

ဦးချီစကားကြောင့် သော်ပါးစပ်ပိတ်ရပြန်သည်။ အမှန်တိုင်းပြောရင် သော်မှာလည်းအကြောင်းရှိသည်။ သော် ကလေးလေးရချင်နေတာ ခုတလော အရူးလိုပင်။ ဖြစ်နိုင်ရင်အမွှာလေးရချင်ပေမဲ့ ဘာရရ ဂျေးမများဖို့ဆုံးဖြတ်ထားသည်။

သော်က ဆရာဝန်တစ်ယောက်မို့ဆေးလောက ကိုကျွမ်းကျင်သည်။ ပါးပါးရော သက်ပုံရော အသက်ကြီးနေပြီဖြစ်တဲ့အပြင် သော်ကိုယ်တိုင်လည်း တီတီတာတာလေးတွေ ကြားချင် စိတ်ဖြစ်လာတာ သော့်သူငယ်ချင်းတွေကလေးရကြတာကို မြင်ပြီးကတည်းကပင်။

သော်တို့အိမ်မှာ လိုအပ်နေတာ ငွေကြေးမဟုတ်ပေ။ မျိုးဆက် တစ်ခုမို့ ပါးပါးတို့မပြောလည်း သူဖြည့်ဆည်းပေးချင်သည်။ ဦးချီက ကြင်နာတက်သူမို့ အဖေကောင်းတစ်ယောက်ဖြစ်မှာ မလွှဲ
ဧကံပေ။

ပြီးတော့ ဦးချီလို ဉာဏ်ပညာကြီးသူ ၊ ရုပ်ရည်ချောမောသူ၊ ခန္ဓာကို အချိုးအဆစ်လှသူ စိတ်နှလုံးဖြူစင်သူ ကျန်းမာရေးကောင်း သူ ကနေ ဆင့်ပွါးလာတဲ့ မျိုးရိုးမြင့် တဲ့ကလေးလေး တစ်ယောက်ကို ရချင်မိပြီး ဘန်ကောက်ကို အငှါးကိုယ်ဝန်ကိစ္စ ပြုလုပ်ရန် သူသွားမှဖြစ်လိမ့်မည်။

ကိုကို့ကို တိုင်ပင်ချင်ပေမဲ့ လက်မခံမှာ စိုးလှတာမို့ အမှန်အတိုင်းပင် သူ့မှာ မပြောရဲပေ။

"ထ ဆေးမသောက်ခင် ခေါက်ဆွဲလေးစားရအောင်"

"မစားဘူးသွား။ ကိုကို မင်းငါ့ကို မချစ်တော့ဘူးမို့လား"

"ချစ်လို့ပြောနေတာပါ သော်ရာ ။ အဲ့လောက်ဝမ်းနည်းစရာလား"

သော်ငိုတော့ ဦးချီမနေတက်ပါ။ အိပ်ယာပေါ်ကနေအတင်းဆွဲထူ ကာ ပွေ့ဖက်မိတော့ သော်က အဖက်မခံပဲ သူ့ကိုတွန်းလွှတ်သည်။

"ကဲ သွားကွာ သွား ။ ကြိုက်သလောက်လည် ကြိုက်သလောက်သုံးခဲ့"

ဦးချီခွင့်ပြုတော့ သော့်မှာ လှိုက်ခနဲ ပျော်သွားတာကြောင့် မျက်လုံးလေးတွေပါ သိသိ သာသာ လဲ့ခနဲဖြစ်သွားလေသည်။
သော်ပျော်သွားတာမြင်ပြီး ဦးချီလည်း ကျေနပ်သွားတာမို့သော့်ဆံပင်အိအိလေးတွေအား ဖိပွတ်ပေးမိသည်။ သော်ခုတလော ဘာတွေကြံနေတာ သူမသိတာမဟုတ် အကုန်သိထားပြီးဖြစ်သည်။ သော်က သူတားမှာ စိုးလို့မပြောတာမှန်ပေမဲ့
သူ့မျိုးဆက်ကိုပဲ သော်ယူမှာ သိတာကြောင့် အားနာစိတ်လည်း ရှိနေသည်။

————

"သော် ရေ သော်"

ဆေးခန်းတံခါးပိတ်နေတုန်း ကိုကို အသံကြောင့်
သော် ဆိုင်ရှေ့ကိုလှမ်းကြည့်လိုက်တော့ ကိုကိုက ပုဇွန်ထုပ်ကြီးကြီးတစ်ကောင်ကိုကိုင်ကာ လက်ယက်ခေါ်သည်။ တံငါကုန်းကတော့ နာမည်နဲ့လိုက်အောင် ငါးပုဇွန်ပေါလေသည်။

" ကိုကိုနော် မနေ့ညက မင်းသွေးတိုးသေးတယ်။
ဒီနေ့ပုဇွန် မစားရဘူး"

"ကိုကို စားမလို့မဟုတ်ဘူး သော်စားရအောင်ဝယ်မလို့ သက်ပုံနဲ့ပါးပါးကတော်ပြီတဲ့။ အရီးစားဖို့ပါ ပိုဝယ်လိုက်"

ဇလုံကြီးကြီးထဲမှာ ရေနဲ့အတူထည့်ထားတဲ့ပုဇွန်တွေက မသေသေးပဲရေနဲ့တဖျတ်ဖျတ်ခုန်နေသည်။

" အရှင်တွေမယူနဲ့ ။ သေတာလေးရွေးပေးအမ ။ ကြီးတာထည့်ပေးနော်"

"ဟုတ် ဟုတ်ဆရာလေး"

တံငါကုန်းရွာရဲ့ ဆရာဝန် တစ်ယောက်မို့ သော်ကို အကုန်လေးစားကြပြီးသားပင်။

"အစိတ်သားထဲ တော်ပြီလားဆရာလေး"

"ဟုတ် စားမဲ့သူမရှိဘူး။ မနေ့က ငါးခြောက်ကြော်စားလိုက်တာလေ ၊ ကိုကိုဆို ခေါင်းတွေကိုက်လို့ဆေးမနည်းတိုက်ထားရတာ"

" ဦးချီ က သွေးတိုးသမားထင်တယ် ။ ဒါတောင်
အရီးက ငါးခြောက်လှမ်းရင် သူကိုယ်တိုင် လှမ်းရမှ"

" ဟုတ်တယ်အမရေ အဲ့ဒါကြောင့် နည်းနည်းပဲယူလိုက်တာ ။ နောက်တစ်ခေါက်များများဝယ်မယ်နော်"

"ရတယ်ဆရာလေး ရတယ်။ ဒါလေးက အပိုထည့်ပေးတာနော်ဆရာလေး"

အိတ်ထဲ ကောက်ထည့်လိုက်တဲ့ ပုဇွန်ထုတ်ကြီးကြောင့် သူ့မှာ လှမ်းတားလိုက်တာကို မမှီလိုက်တော့ပေ။ တစ်ရွာလုံး သူ့အားဆရာဝန်တစ်ယောက်ဖြစ်တာမို့ အသက်ငယ်သည့်တိုင် လေးလေးစားစား ပြောဆိုကြသည်။ ဘာလေးလေးရရ ရှားရှားပါးပါးဆို သူ့ဆီ အရင်ရောက်သည်။

"ဘယ်နေ့သွားမှာလဲ သော်သော်"
"သုံးလေးရက်လောက်လိုပါသေးတယ် ။ ဘာမှာဦးမှာလဲ ။ သက်ပုံအတွက်ဟိုတစ်ခါ သားပြောတဲ့ အနှိပ်စက်ကလေးဝယ်ခဲ့မလို့ ။ ညဆို ပါးပါးနဲ့ အတူတူ အနှိပ်ခံလို့ရတာပဲ"

အိပ်ခန်းထဲ တံခါးခေါက်ပြီး သက်ပုံဝင်လာတာမို့
အဝတ်အစားခေါက်နေတဲ့ သော်တစ်ယောက်
ထိုင်လို့ရအောင် အိပ်ယာပေါ်က အဝတ်တချို့ကို ဘေးကပ်ပေးလိုက်သည်။

"ပါးပါးက ကြိုက်တယ် ၊ ဖေဖေကတော့ အရည်ပြား ပါးလို့လားမသိဘူး အသားတွေနာတယ်"

"ဒါဆို ဘာရချင်လဲ သားသွားတုန်းဝယ်ခဲ့ပေးမယ် ။ သက်ပုံကဗျာ လိုက်ခဲ့ပါဆိုတာကို ခေါ်မရဘူး"

"သားပါသား သွားပါ ။ ဖေဖေက အားမှာမဟုတ်ဘူး။ သားသွားရင် ဦးချီက မန်းလေးဆိုင် ပြန်ပြင်မလို့တဲ့"

သော်နှာခေါင်းရှုံ့ကာ ခေါက်ထဲတဲ့အဝတ်တွေကို ညီနေအောင် စီလိုက်သည်။ဦးချီက တော်ရုံဆိုမန်းလေးဆိုင် သိပ်မသွားပေ။ သူကလည်း တစ်နှစ်ပတ်လုံး အားလပ်မနေတာကြောင့် အတူတူ အပြင်ထွက်ရတယ်ဆိုတာ ခပ်ရှားရှားရယ်။

"သက်ပုံရဲ့ သားက ခေါ်မရဘူး။ သားပြောရင် သားပဲ စိတ်မကောင်းဖြစ်ရတာ ။ အလုပ်တွေပဲ လုပ်နေတာ တစ်ခါတစ်လေ နားနားနေနေ နေပါ့လားပြောတာကို ပြောမှမရတာ ။ သူ့ကြည့်ရတာ ကြာလေကြာလေ အဖိုးကြီးနဲ့တူလေ"

"အဟွန်း..ဟုတ်ပါ့ ။ ဒါနဲ့ ဖေဖေက သော့်အတွက်မုန့်ဖိုးလာပေးတာ"

လက်ထဲထိုးထည့်ပေးလာတဲ့ ကတ်ကလေးအား
ထောင်ကြည့်ပြီး သက်ပုံအား သော် အနမ်းတချက်ပေးလိုက်သည်။ သက်ပုံက သူ့အားသားတစ်ယောက်လို သဘောထားတာကြောင့် အားနာပြီး ငြင်းမနေတာပင်။ မဟုတ်လည်း လစဉ် သူရောဦးချီရော ဆိုင်က ပိုက်ဆံကြိုက်သလောက်ယူသုံးနေတာတောင်တစ်ခွန်းမှပြောတာမဟုတ်ပေ။ သူဆေးကုလို့ရတဲ့ အခငွေကြေးကလည်း အနည်းအကျဉ်းသာ ရတာမို့ ဆေးခန်းမှာ ဆေးပြန်ဝယ်ထည့်ရတာနဲ့လောက်ငှမနေချေ။

"အဲ့ဒါကြောင့် သက်ပုံကိုချစ်တာ ။ သားအများကြီးသုံးမှာနော်"

"သားကြိုက်သလောက်သုံး ။ မန်းလေးရောက်ရင် ဖေဖေ့အသိဆီတန်းသွားလိုက် ။ သားမသွားခင် တစ်ခါထဲငွေလဲသွားလိုက်နော်။"

"ဟုတ်ကဲ့ သက်ပုံ"

ဦးချီ အခန်းထဲရောက်တော့ သော်က အဝတ်ခေါက်လို့ပင် ပြီးနေပြီဖြစ်သည်။

"ဖေဖေဘာလာလုပ်တာလဲ"
"မုန့်ဖိုးလာပေးတာ ။ ကိုကို ရေတွေသေချာသုတ်စမ်း ။ ညနေစောင်းနေတာကို မြစ်ထဲရေသွားကူးနေတာ ငါမကြိုက်ပါဘူးဆိုနေ"

သော်ကုတင်ပေါ်ကနေဆင်းကာ ဘီဒိုထဲ ပုဆိုးရှာနေတဲ့ဦးချီကျောကို အသာရိုက်ပြီး ဘေးတွန်းလိုက်သည်။

"အဝတ်တွေခုမှသေချာခေါက်ထားတာကို ကိုကိုတအားပြောရခက်တယ်"

ပွစိပွစိပြောနေရင်းဦးချီ ညဝတ်ဝတ်လို့ရတဲ့ပုဆိုးအဟောင်းလေးကိုထုတ်ပေးလိုက်သည်။

ခုထိဦးချီက ပုဆိုးကလွဲရင် သိပ်ဆင်မရသေးပေ။
ကြယ်သီးတပ်ဝတ်ရတဲ့ရှပ်လက်တိုတစ်ထည်ကိုပေးတော့ ယူဝတ်နေရင်း သော်ပါးကို အသာအယာ ငုံးနမ်းလိုက်တာမို့ မျက်စောင်းရွယ်ကာ ဦးချီရဲ့အင်္ကျီကြယ်သီးတချို့ကို ကူတပ်ပေးလိုက်သည်။

"ကိုကို ဘန်ကောက်မှာ ငါလုပ်ချင်ရာ လုပ်ခဲ့ရင် မင်းစိတ်ဆိုးမှာလား"

ဦးချီ ခဏကြာမျှငြိမ်သွားတာကြောင့်
သော် မျက်လုံးချင်းဆုံအောင် မော့ကြည့်လိုက်သည်။ ကိုကို့မျက်ဝန်းတွေကမှန်းဆလို့မရအောင် စင်ကြယ်နေတာမို့ သူ့လုပ်ရပ်အပေါ်အားနာစိတ်ဝင်လာလေသည်။
သော် ခေါင်းပြန်ငုံ့မယ်ကြံတော့သော် ပါးပြင်အား
လက်နှစ်ဖက် ဖိကိုင်လာ၏။

"သော် .."

ကိုကိုလေသံနုနုအောက်မှာ သော်နှလုံးသားတွေ ကြွေကျသွားမတတ်ပင်။

"ကိုကိုကလေ သော်ကို သိပ်ချစ်တာ ။ သော် မှားတာပဲလုပ်လုပ် မှန်တာပဲလုပ်လုပ် သော် စိတ်ချမ်းသာမယ်ဆိုရင် ကိုကိုက ကျေနပ်ပြီးသား။ ငယ်ငယ်ကတည်းက သော့်မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်လာတဲ့သူဆိုတော့ သော် မပြောတောင်မှ သော်ဘာတွေးနေလဲ ဘာလုပ်မလဲဆိုတာ ကိုကိုက သိနေပြီးပြီ။ ခုလည်းအတူတူပဲ သော် ဘာလိုချင်တယ်ဆိုတ ကိုကိုမသိစရာလား "

"ဒါဆို..."

"သော့်သဘော"

သော်မျက်ရည်ဝိုင်းသည်အထိ ဝမ်းသာသွားတာမို့ ဦးချီ၏ ကိုယ်လုံးကို သိုင်းဖက်ကာ ရင်ဘတ်မှာမျက်နှပ်အပ်လိုက်မိသည်။

"ငါ မင်းနဲ့တူတဲ့ကလေးလေးရချင်ရုံပါ"
"သော့်သဘောပါ ။ သော်နဲ့တူတော့ ပိုချော မှာသေချာတယ်"

"ဟင့်အင် ကိုကိုလိုအေးချမ်းပြီး တည်တည်ငြိမ်ငြိမ်ချောတဲ့သူမျိုးပဲရချင်တယ်။ ငါ့ကိုကိုကလေ ငါ လက်လှမ်းမမှီလောက်အောင်ထိ စိတ်ဓာတ် ရုပ်ရည် အမူအယာ အကုန်လုံး အပစ်ပြောစရာကိုမရှိတာ။ မင်းကိုယ်ပွါးဆိုရင်တောင်မှ မင်းလောက်
ဖြူစင်ပါ့မလား ငါမမှန်းဆရဲဘူး။ ကိုကို ငါလုပ်ရပ်ကို စိတ်မဆိုးလို့ ငါကျေးဇူးတင်တယ် ပြီးတော့ မင်းကို ချစ်တယ်"

သော် အပြောကြောင့် ပုံညာဦးချီတစ်ယောက် ပြုံးမိသွားသည်။

"ငါနဲ့ ဘန်ကောက်လိုက်ခဲ့နော် ကိုကို ငါတောင်းဆိုပါတယ်"

"အင်းပါ ငါလိုက်ခဲ့မယ်။"

သော် ကိုကို့မေးဖျားလေးကိုမော့နမ်းလိုက်သည်။ ပြီးနောက် အသားမာတတ်နေတဲ့ကိုကို့လက်ဖဝါးတွေကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ဘဝမှာ ပုံညာဦးချီလို ယောက်ျားမျိုးကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ ကိုယ့်ကိုကိုယ် တအား ကျေးဇူးတင်တာပဲ။"

"သော်က လိပ်ကလေး"
"ကိုကို့ကို တအားချစ်တာဆိုတော့ ဘာနေနေကွာ"

သော်ချွဲရင် ဦးချီ မနေနိုင်ပေ။ ပါးမို့မို့ထပ်က သွေးကြောပြာပြာလေးတွေကို လက်မနဲ့ဖိညှစ်ရင်း

"လူဆိုးလေးကကွာ ကိုကိုအသည်းယားအောင်"

"ငါ့ကိုအသည်းယားအောင် လုပ်တာမင်းပါကွာ။ ငါ့ကို ခုလိုကြီး ဖျစ်ညှစ်ချင်နေတဲ့ရုပ်ကြီးကိုကြည့်ပြီး ကိုကို့ကို ဆွဲစားချင်စိတ်တွေတဖွားဖွားပေါ်လာတာကွ "

"ဟားဟား ကိုကို့သော်ရာ မင်းတအားကို တက်ကြွနေတာပဲ။ ခုထိ သောကြာနေ့မရောက်သေးဘူးနော်"

"ဟာ ကိုကို "

သော့်အော်သံနောက် ဦးချီ၏ တဟားဟားရယ်သံကြီးထွက်လာ၏။

ချစ်တဲ့အိမ်စည်

Bạn đang đọc truyện trên: ZingTruyen.Xyz