ZingTruyen.Xyz

အဝါရောင်ဆူးပန်းပွင့်လေးနှယ်

အခန်း၃

eainsi23


အေးသည် ။ အသည်းထဲထိ အေးသည်။
နှလုံးသား အနက်ရှိုင်းဆုံးနေရာကနေတဆင့်
တစ်ကိုယ်လုံးဖြန့်ကျက်လာတဲ့ အေးစိမ့်မူ့ ၊ ပြီးတော့ မလုံလောက်တဲ့ အောက်စီဂျင် ။
သူ မရုန်းပဲ ရေအောက်အနက်ရှိုင်းဆုံးနေရာထိ နစ်မြုပ်ပစ်လိုက်သည်။ မှိန်ဖျော့လာတဲ့ အလင်းရောင်အား နောက်ဆုံးမြင်နိုင်တဲ့ အချိန်
ရောက်တဲ့အချိန်ရောက်မှ သူ့မျက်လုံးကို မှိတ်လိုက်တော့၏။

လွတ်မြောက်သွားပြီဟု စိတ်ချယုံကြည်မိတဲ့ အခိုက်အတန့်ရောက်မှ ဗွမ်း ဆိုတဲ့ အသံနှင့်အတူ
သူ့ကိုယ်ခန္ဓာအား တစ်စုံတစ်ယောက်က ဆွဲငင်ယူသွားတာကိုသာ သိလိုက်ရတာနောက်ဆုံးပင် ။

Ambulance ကားသံတွေ တီးတိုးပြောနေတဲ့ တိုးတမျိုး ကျယ်တစ်မျိုးအသံတွေ ၊
အေးစက်နာကျင်နေတဲ့ သူ့ကိုယ်သူ ကွေး၍ ထွေးပွေ့လိုက်ပေမဲ့ ပြေလျော့မသွားပဲ ကြောက်ရွံ့မူ့ကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေခဲ့သည်။ အမှောင်ထဲက တိုးထွက်လာတဲ့ လက်တစ်စုံက နှစ်သိမ့်ပေးနေဟန်ရှိပေမဲ့ သူကြောက်သည်။

သူရှင်သန်ရမှာ ကြောက်သည်။

"ဘာမှမဖြစ်ဘူးနော် အဆင်ပြေသွားမှာပါ "
ဆိုတဲ့
လူတစ်ယောက်ရဲ့ စကားသံကနားထဲ တဖွဖွ
ကြားနေရသည်။သူ့ကျောပေါ်မှာ လက်တစ်ဖက် ဖွဖွပုတ်ပေးနေတာကြောင့် သူ့ရင်ထဲက အေးစက်မူ့ အနည်းငယ် လျော့ရဲသွား၏ သို့သော်ငြား သူ ကြောက်ရွံ့စွာ ခိုက်ခိုက်တုန်နေဆဲပါ။

အရေးပေါ်ကယ်ဆယ်ရေးအတွက် သူ့ခန္ဓာကိုယ်အား ထိကိုင်လာတဲ့လက်တွေကြောင့် အသက်ရူမဝပြန်ဖြစ်လာတဲ့အခိုက်အတန့် သူ့လက်ဖဝါးအား တင်းတင်းဆုပ်ကိုင်လာတဲ့ နွေးထွေးတဲ့ ခံစားချက်။

"ဘာမှမဖြစ်ဘူး ငါရှိတယ် "

စကားလေးတစ်ခွန်းကြောင့်ပဲ ရုန်းကန်နေတဲ့ သူသည် ငြိမ်သက်သွားသည်။

အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးပြီးနောက်မှာလည်း ထိုလက်တစ်ဖက်က ဖွဖွပုတ်ပေးနေဆဲ ။
ထို နှစ်သိမ့်ပေးနေတဲ့ အသံကြောင့်ပဲ သူပြန်လည်အိပ်မောကျသွားခဲ့သည်။

စူးရှတဲ့ အလင်းကြောင့် သူ့မျက်နှာကို တစ်ဖက်စောင်းလိုက််မိသည်။ ပြီးပြည့်စုံတဲ့ ညတစ်ညမဟုတ်ခဲ့ပေမဲ့ နာရီအနည်းငယ်ကြာအောင်တော့ အိပ်ပျော်ခဲ့သည်ကို သတိထားမိ၏။ သူမက်ခဲ့တဲ့အိပ်မက်ကို ပြန်မစဉ်းစားတော့ပဲ လေးပင့်စွာ အိပ်ယာကနေ ထလိုက်သည်။
ဖုန်းကိုကောက်ကြည့်တော့ မနေ့ညက စကားပြောထားတာကိုတွေ့ရသည်။

" ညက အိပ်ပျော်သွားတယ် ၊ တောင်းပန်ပါတယ် ဦးလေး"

လိုင်းပေါ်ရှိနေတာတွေ့တော့ အရင်ဆုံး တောင်းပန်လိုက်မိသည်။ ညတိုင်းနီးပါး စကားပြောဖြစ်နေတာမို့ အရင်လောက် စိမ်းသက်နေတယ်ဟု မခံစားရတော့ပေ။ လွန်ခဲ့တဲ့နှစ်တွေအကြာကြီး သူငေးကြည့်ရတဲ့ အကောင့်ပိုင်ရှင်လေးကို ခုလိုအနေအထားလေး ဖြစ်လာဖိူ့အထိ ကြိုးစားဖို့ သူလိုလူအတွက် ဘယ်လောက်ထိ တွန်းအားလိုအပ်ခဲ့လဲဆိုတာ သူမှလွဲပြီး ဘယ်သူသိနိုင်မှာလဲ

"ရပါတယ် ။ ခုရက်ပိုင်း နေရထိုင်ရသက်သာရဲ့လား။ ပုံမှန်ရော အိပ်ပျော်ရဲ့လား"

ပုံစခရင်ကိုငေးရင်း ပထမဦးဆုံးအကြိမ်ဖွဖွပြုံးမိသည်။

"အရင်ကထက်စာရင်တော့ အိပ်ပျော်လာပါပြီ။
ကျေးဇူးတင်ပါတယ် ဦးလေး "

"ငါဘာမှလည်း လုပ်မပေးရပဲ ကျေးဇူးလာနေတယ်။ ဒါနဲ့ မင်း ဒီနေ့အားလား ။ မင်းကို လက်ဆောင်ပေးစရာရှိလို့ လေ၊ တစ်နေ့ကအသိ ဘကြီးဆီ ဆေးဖော်ခိုင်း ထားတာရပြီတဲ့ ။ တစ်ခါတစ်လေ တိုင်းရင်းဆေးကလည်းထိရောက်တယ် အဲ့ဒါလေး မင်းကိုပေးချင်လို့လေ ၊ တကယ်လို့ မင်းမအားရင်လည်း ...."

"ကျွန်တော် အားပါတယ် "

သူနှုတ်ခမ်းကို ကိုက်ကာ ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ့လက်ဖဝါးတွေချွေးပြန်နေပေမဲ့ မသုတ်အားပါ ။ လက်နှစ်ဖက်ဖြင့် တယုတယ ကိုင်ထားတဲ့ ဖုန်းလေးကိုသာ စိတ်လှုပ်ရှားမူ့ဖြင့် စာအမြန်ရိုက်လိုက်သည်။

"ဒါ ကျွန်တော်ဖုန်းနံပါတ်ပါ ဦးလေးအပြင်သွားမယ်ဆိုဆက်လိုက်နော်"

စာပို့ခလုတ်ကိုနှိပ်ပြီးမှ ရင်ထဲအလုံးကြီး ပြိုကျသွားသလိုခံစားလိုက်သည်။

"ဟုတ်ပါပြီကွာ ဒါဆို ၁၁နာရီကျော်လောက်တွေ့ရမယ်လေ ။ ဖုန်းဆက်လိုက်မယ်နော် တာ့တာ"

မီးစိမ်းနေတာလေးပျောက်သွားမှ မယုံကြည်နိုင်တဲ့ မျက်နှာထားဖြင့် မတ်တပ်ထရပ်ကာ ဘာလုပ်ရမလဲ ခက်ခဲသွား၏။

သူအမြန် သူ့အဝတ်ခန်းဆီပြေးသွားမိသည်။

ဘာဝတ်ရမလဲ ၊

"အနက်လား ၊ မဟုတ်သေးဘူး ပထမဦးဆုံးအကြိမ်ဆိုတော့ တခြားအရောင်တောက်တာလေးဝတ်ရမယ် "

အညိုရောင်ဂျက်ကက်ကို ရင်ဘတ်မှာ ကပ်ကြည့်တော့ သိပ်မလှသလိုဖြစ်နေတာကြောင့် ဘေးပစ်ချကာ ထပ်မွှေရပြန်သည်။

အစိမ်းရောင်ရော ၊ ရုပ်ရင့်သလိုများဖြစ်သွားမလားမသိဘူး ၊ တစ်ထည်ပြီး တစ်ထည် ကပ်ကြည့်ရင်း စိတ်တိုင်းမကျစွာ ပစ်ချလိုက်မိသည်။

ဘီဒိုထဲက အဝတ်တွေအကုန်ကုန်တဲ့အထိ သူ့မှာ စိတ်တိုင်းကျမဖြစ်သေး ။ နောက်ဆုံး သက်ပြင်းချ ၍ အဝတ်ပုံထဲ မျက်စိမှိတ်ကာ တစ်ထည်ဆွဲယူလိုက်ရသည်။

နေစူးရှကျော်သည် ဒီနေ့မဖြစ်မနေ အပြင်ထွက်ရမှာမို့ မမေ့မလျော့ ဘကြီဆီက ပို့လိုက်တဲ့ဆေးပုလင်းလေးကိုအိတ်ထဲသေချာထည့်လိုက်သည်။
သူ့ဘကြီးသည် မြန်မာဆေးနည်းများဖော်စပ်ခြင်းကိုဝါသနာထုံသူမို့ အိပ်မပျော်ခြင်းကို သက်သာပျောက်ကင်းအောင် အထူးဖော်စပ်ခိုင်းခဲ့ခြင်းဖြစ်သည်။

"မေမေ သားအပြင်သွားမလို့"

မလတ်နှင့် အတူ ဇာတ်ကားကြည့်နေတဲ့ မိခင်ဖြစ်သူကိုခွင့်တောင်းလိုက်တော့ နှစ်ယောက်လုံး၏ ခေါင်းက သူ့ဖက်လှည့်လာ၏။

"ဆံပင်ဘုတ်သိုက်ကြီး ညှပ်ခဲ့စမ်းအငယ်ကောင် ၊ မျက်လုံးအုပ်တော့မယ် ရုပ်ဆိုးလိုက်တာ ညှင်းသိုးသိုးနဲ့ "

"မလတ်နော် ၊ ရန်မစနဲ့ ။ ဆံပင် တစ်ခါညှပ် ဘယ်လောက် ကုန်တယ် မှတ်လဲ ။ သူကျ အငယ်ကောင် သုံးစရာရှိသေးလား တစ်ခါမမေးပဲ ပေးမုန့်ဖိုး "

"ကြည့်မေမေ့သားက ၊ ပြီးခဲ့တဲ့ ပတ်ကပဲ အင်္ကျီဟောင်းလို့ပြောမိပါတယ် မလတ်ပဲ ပေးလိုက်ရတယ်၊  သူ့ပိုက်ဆံတွေကျ တစ်ကျပ်မှမသုံးဘူး
ကြိတ်စုထားတာ ။ သူ့စာအုပ်ထုတ်ထားတာ မလတ်သိတယ် ၊ စာမူခရတဲ့ပိုက်ဆံဘယ်မှာလဲ သေချာမေးအုန်း ၊ ကပ်စီးအိုးကောင်"

လက်ဖြန့်တောင်းတော့ စူစူအောင့်အောင့် လက်ထဲ ပိုက်ဆံတစ်ထပ်ထည့်ပေးလာတာမို့ မျက်လုံး တစ်ဖက်မှိတ်ပြကာ လွယ်ထားတဲ့အိတ်ထဲ ထိုးထည့်ကာ

"ချစ်သူရလာရင် ချစ်သူလိုချင်တာလေးတွေ ဝယ်ပေးဖို့ စုထားတာ ၊ မလတ်မသိပါဘူးဒါတွေကို ၊ သားသွားတော့မယ် ချိန်းထားတာ ရှိလို့ "

"ရယ်ရတယ် နင်လားရည်းစားရမှာ ဆုတောင်း ဆယ်ဘဝ "

"ဆုတောင်းစရာမလိုပဲ ပြည့်တယ် ဒါပဲဗျာ သွားတော့မယ် ၊ အိမ်ခေါ်လာတဲ့နေ့မှ သဘောမတူပါဘူး ဘာညာတော့မပြောကြေး"

မလတ်ကိုအနိုင်ပိုင်းကာ အိမ်ပြင်ရောက်မှ ဖုန်းခေါ်လိုက်ရသည်။

"ဟလို "

ရို့ အသံက

ပူထူသွားတဲ့နားဖျားကို ကိုင်ကာ ဖုန်းကို ပြန်ငုံ့ကြည့်လိုက်တော့ ပေးထားတဲ့ဖုန်းနံပါတ်က အမှန်။

"နိုင်းလား ငါ နေစူးရှကျော်"

"....."

"ကြားလား ဟလို "

"ဟုတ် ကြားပါတယ် "

ကြည်လင်နေတဲ့ အသံကြောင့် နေနေတစ်ယောက်
အတော်ကောင်းတဲ့အသံဟု မှတ်ချက်ပြုမိသည်။

"ငါအခု အပြင်သွားတော့မှာ ဘယ်မှာ တွေ့မလဲ၊ မင်း ဟော့ပေါ့ကြိုက်လား "

"ဟုတ် ကြိုက်ပါတယ် ဘယ်လာခဲ့ရမလဲ ဦီးလေး စားချင်တဲ့ဆိုင်ကို ရွေးလိုက်လေ"

နေစူးရှကျော် သူစားနေကျဆိုင်လိပ်စာကိုပေးလိုက်ပြီးနောက် လမ်းထပ်မှာ ကားထွက်ငှါးလိုက်သည်။ သူလက်ပြကာ ကားတားနေတုန်းမှာပဲ သူရှေ့ကို ထိုးရပ်လာတဲ့ ကားကြောင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရသည်။

"Sorry ကိုနေကျော် သက်လျာ စိတ်လောသွားလို့ ၊ ဘယ်သွားမလို့လဲ လိုက်ပို့မယ်လေ လာ"

"ဘယ်သူများလဲလို့ ၊ သက်လျာပါ့လား ၊
အကို့ကိုတိုက်မိရင်တော့ လျော်ကြေးများတယ်နော် "

သက်လျာရဲ့ အားနာနေဟန်ကြောင့် သူ စစနောက်နောက်ပြန်ပြောဖြစ်လိုက်၏။ ကောင်မလေးက ချစ်စရာကောင်းနေတာမို့ သူ့အပြုံးတွေ ပိုအသက်ဝင်လာ၏။

"လောလောဆယ်တော့ မုန့်အရင်လိုက်ကျွေးမယ် ကိုနေကျော် ဘာစားချင်လဲပြော"

"အသိညီလေးနဲ့ချိန်းထားတယ် ။ စိတ်မရှိရင် အတူလိုက်ခဲ့မလား"

"ရတယ်လေ သွားရအောင် တက်တော့"

သူကားပေါ်တက်ပြီးမှ သက်လျာက စကပ်တိုတိုလေးဝတ်ထားတာကိုတွေ့လိုက်ရသည်။
အားနာသွားတာမို့ ကောင်မလေးဖက်ကို
တောင်မလှည့်ရဲတော့ပေ။ ခေတ်ကာလအရ ဝတ်စားကြတာကိုနားလည်ပေမဲ့ သူကတော့
မကြိုက်ပေ။ သူ့ကောင်မလေးသာဆိုရင် နည်းနည်းချုပ်ချယ်မိမယ်ထင်သည်။

"ကိုနေကျော်နဲ့ဟိုတစ်ခါဆုံပြီးကတည်းက မတွေ့တော့တာနော် အခန်းအောင်းပြီး စာတွေကြိတ်ရေးနေတာ ထင်တယ် စာရေးဆရာကြီး"

"ကျွန်တော်က အပြင်ထွက်တာ နည်းတယ် သက်လျာရဲ့ ၊ ပုံမှန်ဆို စာက စိတ်ပါမှရေးတာပါ စာဖတ်ဖြစ်တာများတယ် ၊ ဇာတ်ကားကြည့်တယ်
မေမေနဲ့ မုန့်လုပ်စားတယ် ၊ အိမ်မှာ အချိန်ကုန်ရတာ အနားယူတာနဲ့အတူတူပဲလို့ခံစားရတယ် "

"တခြားကိုယ်ပိုင်စီးပွါးရေးရော မလုပ်ဖြစ်ဘူးလား"

သက်လျာကိုငဲ့ကြည့်တော့ ကောင်မလေးလည်း သူ့ဖက်လှည့်တာနှင့်ဆုံသည်။ သူ ပြုံးပြကာ ကားပေါ်က အလှဆင်ထားတဲ့ ခေါင်းလှုပ်နေတဲ့အရုပ်ကလေးကို တစ်ချက်ထိကြည့်လိုက်သည်။

"အမှန်တော့ ကျွန်တော်က ဦးဆောင်လုပ်နိုင်တဲ့
အရည်အချင်းမရှိဘူး သက်လျာ"

"ကိုနေကျော်ကတော့ ဒဲ့ပဲ"

"အမှန်ပြောတာပါ ၊ အိမ်ကစီးပွါးရေးက ကျွန်တော်တို့မိသားစု လူတန်းစေ့ရုံပဲ ၊ မကြီးက အိမ်ထောင်ကျနေပြီ ၊မလတ်က ဆရာဝန်ဆိုတော့ သူ့အတွက်မပူရဘူး၊ အိမ်မှာ ကျွန်တော်က အဖြစ်မရှိဆုံးပဲ ၊ ရှင်းရှင်းပြောရရင် စီးပွါးရေးကို ကျွန်တော်တကယ် စိတ်မဝင်စားတာ "

"ဒါပေမဲ့ ယောကျ်ားလေးဆိုတာ ဦးဆောင်ဦးရွက်ပြုနိုင်တာမျိုးမှ မိန်းကလေးတွေက သဘောကျကြတာလေ ၊ sorryနော် ကိုနေကျော် ၊ သက်လျာက သက်လျာ အမြင်ကိုပြောပြတာပါ"

ပြုံးရုံပြုံးကာ ဆက်မပြောတော့ပေ။

ဆိုင်ရောက်တော့ တန်းမဝင်ပဲ သက်လျာ ဆင်းလာတာကို စောင့်ရင်း နိုင်းဆီဖုန်းခေါ်လိုက်သည် ။

"နိုင်း မင်းရောက်ပီလား ...အင်း..ငါလည်းဆိုင်ရှေ့ရောက်ပီ ၊ အသိညီမလေးတစ်ယောက်နဲ့ ကြုံလို့ သူပါ ခေါ်ခဲ့လိုက်တယ် မင်း အဆင်ပြေရဲ့လား ..အင်း ကျေးဇူးပဲကွာ ခန စောင့်နော် ခုဝင်ခဲ့ပီ"

သက်လျာ ဘေးရောက်လာတော့ အထဲဝင်ဖို့ အချက်ပြကာ သူနောက်မှ လိုက်ခဲ့လိုက်သည်။
နိုင်းပြောတဲ့ ထောင့်နားက နံပါတ် ၉လို့ ရေးထားတဲ့ စားပွဲဝိုင်းကို ဝေ့ရှာကြည့်တော့ ကောင်လေးတစ်ယောက် ခါးကုန်းကာ သူ့နေရာအား အအေးချပေးနေတာတွေ့ရ၏ ။

"လာလေ သက်လျာ ၊ ကျွန်တော့်အသိကိုတွေ့ပြီ"

သက်လျာကို ပြောကာ သူထိုနေရာကိုတန်းသွားလိုက်တော့ အနက်ရောင် ရှပ်ကို အဝါရောင် ဂျက်ကတ် ထပ်ဝတ်ထားတဲ့ ကောင်လေးက မော့ကြည့်လာတာကြောင့် လက်ပြနှုတ်ဆက်ရင်း

" နိုင်း ထင်တယ် နေပါဦး မင်းကိုတွေ့ဖူးသလိုပဲ "

လက်ညိုးထိုးကာ ဒီရုပ်ချောချောလေးကို ဘယ်နေရာမှာများ တွေ့ဖူးတာပါလိမ့်ဟု တွေးပြီးမှ ပုခုံးပေါ်အုပ်ကျနေတဲ့ ဆံပင်ပျော့ပျော့ရှည်ရှည်တွေကြောင့် သတိရသွားကာ အလန့်တကြားဖြစ်သွားသည်။

"အရင်ထိုင်ပါ့လား နောက်မှာ ဧည့်သည်ပါသေးတယ်လေ "

"အာ ညီမလေး sorryကွာ ထိုင်လေ "

သက်လျာထိုင်ဖို့ အရင်နေရာဖယ်ပေးပြီး နိုင်းအား အနီးကပ်မြင်ရတဲ့ရုပ်ကို တအံတဩဖြစ်၍မဆုံး ။
တကယ်ကြီးစောက်ရမ်းချောတာ ဟ။ သူ့စာအုပ်ထဲက မင်းသားတွေတောင် ဒင်းလောက် ချောမယ်မထင်ပေ။

" ဘာစားမလဲ ၊ တစ်ယောက်ထဲ လာမယ်ထင်တော့ အအေးက တစ်ခွက်ထဲ အရင်မှာထားတာ "

"ရတယ် ရတယ် နိုင်း ငါပဲ ထပ်မှာပေးလိုက်မယ် ၊ သက်လျာ ဘာသောက်မလဲ "

သက်လျာမျက်မှောင်ကုတ်ကာ ခေါင်းရမ်းပြသည်။

"တော်ပြီကိုနေကျော် ညီမ မသောက်ချင်သေးဘူး ပြီးမှမှာမယ်"

ကိုးမြတ်သင်္ခမောင်က ဘာလို့ကိုနေကျော်နဲ့ သိနေရတာလဲ။ သူ့အားအရေးမလုပ်ပဲ ကိုနေကျော်မျက်နှာအား စူးစိုက်ကြည့်နေတာမို့ မေးရိုးအလျောက် ဘေးတိုက်ထင်းနေအောင်မြင်ရ၏။ နှာတံတွေက အစ စင်းနေတာဖြစ်ပြီး မိန်ကလေးတွေထပ်တောင် အစက်အပျောက်ကင်းစင်တဲ့ ရုပ်ရည်မျိုးပင်။ သိူ့သော် ဒီဆိုက်ကိုကောင်ရဲ့
အကြောင်းတွေကို သိနေတော့ ရင်မခုန်တဲ့အပြင်
စကားတောင်မပြောချင်ပေ။

"သူ့နာမည်က သက်လျာတဲ့ ၊ နိုင်းနဲ့ရွယ်တူပဲထင်တယ် "

"သက်လျာ သိပါတယ် ။ သူ့နာမည်က ကိုးမြတ်သင်္ခမောင်တဲ့ အထက်တုန်းက သက်လျာတို့ တစ်တန်းထဲပဲလေ "

နိုင်းမျက်မှောင်ကြုံ့သွားပေမဲ့ သက်လျာဖက်လှည့်မလာပါ ။

နေနေ တအံ့တဩဖြစ်သွားတာကြောင့် သက်လျာတလှည့် နိုင်းကိုတလှည့် ကြည့်မိသည်။

"ဟုတ်လား ၊ နိုင်းက အပေါင်းအသင်းမရှိဘူးလို့ ပြောထားတော့..."

"သူ့ကိုမသိဘူး ၊ ပြီးတော့ အထက်တန်းတုန်း
က အတန်းထဲ လူဘယ်နှစ်ယောက်ရှိသလဲဆိုတာတောင် သတိမထားမိဘူး"

သက်လျာစူပုတ်သွားတော့ နေနေအားနာသွားကာ နိုင်းလက်ကိုတို့ကာ သတိပေးလိုက်ပေမဲ့ ခပ်တည်တည်မှုန်ကုတ်ကုတ်ကြီးပိုဖြစ်သွားတဲ့နိုင်းကြောင့် စားပွဲဝိုင်းတစ်ခုလုံးနေရခက်သွားရသည်။
ထိုအချိန်မှာပဲ စားပွဲထိုးရောက်လာကာ

"မှာတော့မလားဗျ" ဟုမေးလာတာကြောင့်

အားကိုးရာတွေ့လိုက်သလို နေနေ အမြန်ခေါင်းညိတ်ပြကာ စားချင်တာ တောက်လျောက်မှာလိုက်ရသည်။

"ကိုနေကျော် သက်လျာ မစားတော့ဘူး ၊ သင်တန်းရှိသေးတာကိုမေ့လို့"

"ဟာ ရောက်ပြီးမှတော့ စားသွားပါအုံးလား "

"တကယ်မေ့နေတာ ကိုနေကျော်ရဲ့ နောက်တစ်ခါ သက်လျာ ဝယ်ကျွေးပါ့မယ် ။ ညဖုန်းဆက်လိုက်မယ်သိလား "

"နေဦးလေ သက်လျာ.. ဟေ့ "

အမြန်ထသွားတာမို့ နေနေ တားလိုက်ပေမဲ့မမှီတော့တာမို့ စိတ်ပျက်လက်ပျက် နိုင်းအားကြည့်လိုက်လေသည်။

" နည်းနည်းပါးပါး အဆင်ပြေအောင်ပြောတော့ ဘာဖြစ်မှာမို့လဲ"

"မပြောချင်လို့လေ "

"ညီလေး ဒီအကို မှာတဲ့ ဟာပဲ ချပေးတော့ "

နိုင်း မီနူးစာအုပ်ကို ပြန်ချကာ နေစူးရှကျော်ဆိုတဲ့ ယောက်ျားကို ပြန်ကြည့်မိသည်။
ဂျင်းပန်နှင့် တီရှပ်အား အလွယ်တကူဝတ်ထားတဲ့ထိုလူကို သူသဘောကျသည်။
မေးဖျားမှာ ပေါက်နေတဲ့ နီတီတီ ဝက်ခြံဖုက အစ သူစိတ်မခုသည်မှာ မြတ်နိုးခြင်းကြောင့်ပေလား။

" ကိုးမြတ်သင်္ခမောင်တဲ့ မင်းက နာမည်ကြီးပဲ "

"ကြားစကားတွေကို ကိုယ်မမြင်ရပဲ အလွယ်ယုံတတ်တာ ဦးလေး အကျင့်လား "

နေနေ နှာခေါင်းရှုံ့မိသွားတော့ နိုင်းက ရယ်လာ၏။

"ဦးလေးလို့ ဘယ်အချိန်ထိ ခေါ်နေမှာလဲ "

"ခေါ်ချင်တဲ့ နာမည်တော့ ရှိတယ် ၊ စိတ်ထဲမထားရင် ခေါ်မယ်လေ ။ အရမ်းတော့ ငယ်ချင်မနေနဲ့ ရုပ်ကရင့်နေပြီလေ "

မချိပြုံး ပြုံးရင်းနိုင်းအား စားမတတ် ဝါးမတတ် ကြည့်နေတာကြောင့် မျက်လုံးတစ်ဖက်မှိတ်ပြကာ
စနေတာကို ရပ်လိုက်ရသည်။

" ကျွန်တော့်အတွက် ပေးမဲ့လက်ဆောင်ကရော "

"မေ့နေပြီထင်တာ ဟွင်း မသိရင် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကောင်မဟုတ်သလိုပဲ"

" တလွဲတွေ ၊ အဲ့နာမည်ကိုဖျက်တဲ့ကောင်တွေက သပ်သပ်ရှိတာ ၊ ကိုကြီး မယုံရင် သေချာစုံစမ်းကြည့်လိုက် ၊ ကိုးမြတ်သင်္ခမောင်ရဲ့ ဘဝမှာ  တစ်ယောက်သော သူကလွဲပြီး ဘယ့်သူကိုမှ စိတ်ဝင် တစား မကြည့်ခဲ့ဖူးဘူး ၊ လူတွေကပဲ ကျွန်တော့်ဘဝထဲဝင်ချည်ထွက်ချည် လာကပ်ကြတာချည်းပဲ ။ သူတို့လိုချင်တာ မပေးရင် အဲ့လူက မကောင်းတဲ့ကောင်ဖြစ်ရော "

"ဟုတ်ပါပြီ ငါပဲ မှားတာပါ ၊ ရော့ ဒါက မင်းပြောတဲ့ အဝါရောင်ပန်းပင်လေးကနေ ဆေးဖော်ထား
တာ "

"ဘာဆေးလဲ"

"အိပ်ပျော်စေတဲ့ဟာလေ ၊ နန်းလုံးကြိုင်ပန်းလေးတွေကို ကံ့ကော်ဝတ်ဆံရယ် သွေးဆေးရယ် ရောပြီး ဆေးဖော်ထားတာ ။ ငါ့ဘကြီးဆီ တကူးတက လှမ်းတောင်းထားရတာဆိုတော့ အိပ်မပျော်တဲ့အခါ သုံးပေးရမယ်နော်"

ကိုကြီးပေးတဲ့ ဆေးဘူးလေးကို လှမ်းယူပြီး
သူအမြတ်တနိုး အိတ်ထဲ ထည့်ထားလိုက်သည်။
ထို့နောက် သူယူလာတဲ့ လက်ဆောင်ဘူးလေးအား
ထုတ်၍ စားပွဲပေါ်တင်ထားတဲ့ ကိုကြီး လက်ဆီတွန်းပို့လိုက်၏။

"ဒါက "

"ဒါက ဟိုတစ်ခါ ကိုကြီးလိုချင်တယ်ပြောတဲ့ နာရီ "

ဖွင့်ကြည့်ပြီးနေနေလန့်သွားတာမို့ ပြန်တွန်းပို့လိုက်ရသည်။

"တန်ဖိုးကြီးတယ် နိုင်း ငါ မရချင်ဘူး ၊ အဲ့ဒါက ဒီတိုင်း မကြီးကို လှမ်းနောက်လိုက်တာ "

Facebook မှာ တန်ဖိုးကြီးနာရီတစ်လုံးကို share ပြီး မကြီးငုရွှေဝါကျော်အား ဝယ်ပေးဖို့ ပူဆာ လိုက်မိတာကို နိုင်းတွေ့သွားတာထင်သည်။
သူ့အနေနဲ့ ထိုမျှတန်ဖိုးကြီးတာကြီးကို သူစိမ်းတစ်ယောက်ဆီကနေ မယူရဲပေ။

" ဘာတန်ဖိုးမှမကြီးဘူး အမှတ်တရပေးတဲ့ဟာကို ၊ တကယ်ပြောတာ အဲ့မျက်လုံးကြီးနဲ့မကြည့်စမ်းပါနဲ့၊ ကျွန်တော်က သူဌေး တကယ်ကို ပိုက်ဆံရှိတဲ့သူဌေးပါဆို"

နိုင်း ခေါင်းညိမ့်ကာ သူအမှန်ပြောကြောင်း
သက်သေခံပေမဲ့ နေစူးရှကျော်က မယုံပေ။
ကလေးတစ်ယောက်ဆီကနေ ထို သိန်းရာဂဏန်း
ကို ယူလိုက်ရင် ပတ်ဝန်းကျင်မှာ တစ်မျိုးဖြစ်သွားလိမ့်မည်။

"တခြားဟာပေး ဒါတော့မရချင်ဘူး"

"ယူပါဆိူဗျာ မသိရင် သမီးရည်းစား စိတ်ကောက်နေလို့ ချော့နေရတဲ့အတိုင်းပဲ "

"ဟိတ်ကောင် "

နေစူးရှကျော် ပါးပြင်တွေပန်းရောင်သန်းကုန်တာမြင်တော့ နိုင်း ကမ္ဘာကြီး ပန်းတွေဖူးပွင့်ကုန်သလို ခံစားလိုက်ရသည်။

နိုင်းသည် ပူလောင်တဲ့ အစားအစာကို မကြိုက်ပေ။

ဟော့ပေါ့လို အစားစာတွေကို ကြိုက်နှစ်သက်တဲ့
ပူပူလောင်လောင် အကိုကြီး တစ်ယောက်တော့
ချစ်သူအဖြစ်ရချင်သေးတာ ဆန်းကြယ်လွန်းသည်။

Bạn đang đọc truyện trên: ZingTruyen.Xyz