အပိုင်း(၅၆၆)
အပိုင်း(၅၆၆)
နီလူကြီးမင်း၏စကားသံကို ကြားပြီးနောက် ယန်ရှီး၏ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားသည်။ သူမက သူ့အနားမှာ အချိန်အကြာရှည်ဆုံး နေထိုင်ဖူးသည့် အမျိုးသမီး ဖြစ်သော်လည်း သူမက သူ့အပျော်မယား သက်သက် ဖြစ်နေသည့် အချက်ကို မပြောင်းလဲနိုင်ပေ။
အရေးကြီးဆုံး အချက်အနေဖြင့် ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ပြီး သရုပ်ဆောင်မင်းသမီး လုပ်ရုံမှအပ လွတ်လမ်း မရှိပေ။
"ဒါပေမဲ့ မင်းသာ ထျန်းနင်ကို အနိုင်ယူရင် မင်းက ငါ့ကို သိက္ခာဆယ်ပေးတာပဲ။ အဲလိုဆိုရင်တော့ မင်း လိုချင်တာ ဘာမဆို တောင်းဆိုနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့တောင်းဆိုမှုက ငါ လက်ခံနိုင်တဲ့ အတိုင်းအတာ ဖြစ်ရမယ်"
နီလူကြီးမင်းက ယန်ရှီး၏ပါးမို့မို့ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် စိတ်ခံစားချက်များ ရှုပ်ထွေးနေသော ယန်ရှီးကို ချန်ထားခဲ့သည်။
ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှု အောက်မှာ တိရိစ္ဆာန်ပင် ရူးသွားနိုင်သည်။ သူမက အသွေးအသားဖြင့် တည်ဆောက်ထားသော အမျိုးသမီး ဖြစ်နေ၍ ခံစားချက် ထိခိုက်လွယ်သည်။
သူမ နှင့် ထျန်းနင်၏ဘဝက မိုးနှင့် မြေကဲ့သို့ ကွာခြားမှု ရှိသည်။ ထျန်းနင်ကို ကာကွယ်ပေးမည့် ခင်ပွန်းသည် ရှိသကဲ့သို့ ဗိုက်ထဲမှာ ကလေးလေးလည်း ရှိနေသည်။
တစ်ဖက်မှာ သူမက ဖေးထန်ဆုမှလွဲ၍ မျှော်လင့်စရာ မရှိပေ။ ယန်ရှီးက သူမ၏ဗိုက်ကို ငုံ့ကြည့်ကာ ပွတ်သပ်လိုက်သည်။ ဟိုးအတိတ်က သူမ၏ ဗိုက်ထဲ မတူညီသော သက်ရှိ သုံးယောက် ရှိခဲ့ဖူးသည်။ သို့သော်လည်း နီလူကြီးမင်းက သူ့သားကို စိတ်အနှောင့်အယှက် မဖြစ်စေချင်၍ သူမကို ကိုယ်ဝန် သုံးကြိမ် ပျက်ကျအောင် ဖိအားပေးခဲ့သည်။ သူမက မိခင်ဖြစ်ခွင့် မရှိခဲ့ပေ။
တကယ်တမ်း ဤအခြေအနေတွင် အကျိုးရှိသူက ယန်ရှီး တစ်ဦးတည်း မဟုတ်ပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး နှင့် မို့ထင်တို့ဇနီးမောင်နှံကို ပြစ်တင်ရှုတ်ချသူများ ပေါများနေ၍ ယဲ့လန်က ယန်ရှီးထက် မလျော့သော ခံစားချက်ဖြင့် ကျေနပ်နေသည်။
ထိုစဉ် ယဲ့လန်က သူမ၏ လက်တော့ကို ပေါင်ပေါ် တင်ကာ ဆိုဖာပေါ် ထိုင်နေသည်။ သူမက ပန်းသီးကို အားရပါးရ ကိုက်စားပြီး ကျေနပ်အားရစွာ အော်ရယ်နေသည်။
ရှချင်းယန်က အိမ်နေရင်း အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ကာ အောက်ထပ် ဆင်းလာသည်။ သူမက ယဲ့လန် ရယ်မောနေခြင်းကို သတိထားမိ၍ သူမ၏နှုတ်ခမ်းပါးက အပေါ်သို့ ကော့ညွှတ်သွားသည်။
"ငါ့ကို သတင်းကောင်းလေး မမျှဝေချင်ဘူးလား"
သူမ၏ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ရှချင်းယန်ကို ခပ်တန်းတန်း ကြည့်သည်။
"ထျန်းနင် ရှုံးသွားပြီလေ။ နင် မကြားမိဘူးလား"
"ထျန်းနင်က ဖေးထန်ဆုကို ရမှာပါလို့ ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တဲ့သူကို မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ ငါ သတင်း ကြားရသလောက်တော့ ထျန်းနင်ကို လျာထားစာရင်းကနေ ဖယ်ထုတ်တော့မယ်တဲ့"
"ပြီးတော့ နင့်ကို သတင်းကောင်း ထပ်ပြောဦးမယ်။ ဘိုးဘိုးက မနက်ဖြန် နေ့လည် သူ့အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီ"
ရှချင်းယန်က ဂရုမစိုက်ဟန် ပြန်ပြောသည်။
"နင်က မတုန်လှုပ်ချင်ယောင် ဟန်ဆောင်နေတာ သိပါတယ်။ နင့်ကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ နင့်အဖေကို ပြောပေးပါမယ် မစိုးရိမ်နဲ့။ နင် တစ်ခုခု ဖြစ်သွားရင် ငါတို့ အပြစ်ဖြစ်နေဦးမယ်"
ထိုစကားကို ပြောပြီးနောက် ယဲ့လန်က သူ့လက်တော့နှင့်အတူတူ မတ်တတ်ထလိုက်သည်။
ရှချင်းယန်က ခေါင်းခါရမ်းသည်။
"မနက်ဖြန် အဘိုးထွက်သွားရင် နင်တို့နှစ်ယောက်လည်း အိမ်ပေါ်က ဆင်းရမယ်"
ရှအကြီးအကဲက ဧည့်ခန်း တံခါးပေါက်နားက ထောင့်တစ်နေရာမှာ တစ်ချိန်လုံး မတ်တတ်ရပ်နေသည်။ ယဲ့လန် ထွက်သွားပြီးနောက် သူ အိမ်ထဲ ဝင်လာပြီး ချောင်းဟန့်သည်။
"ဘိုးဘိုး ပြန်လာပြီလား"
"မနက်ဖြန်တော့ လူ့တိရိစ္ဆာန်ကောင် နဲ့ စုန်းမကို ဘိုးဘိုး မျက်စိရှေ့က ပျောက်ကွယ်သွားအောင် လုပ်စမ်းပါ။ သူတို့ကို တစ်ခါတည်း ကန်ထုတ်ပစ်စမ်းပါ"
"ဟုတ်ကဲ့ပါ ဘိုးဘိုး"
ရှချင်းယန် ခေါင်းညိတ်သည်။
"မြေးလေးက နှစ်ပေါင်းများစွာ ဒုက္ခတွေကို ခါးစည်းခံခဲ့ရတာ။ မြေးဘေးနားမှာ ဘိုးဘိုးမရှိရင်တောင် သန်မာနေဖို့ လိုအပ်တယ်"
ရှအကြီးအကဲက အလွန်အမင်း အပြစ်ရှိသော ခံစားချက်ဖြင့် ပြောသည်။
"ဘိုးဘိုး မစိုးရိမ်ပါနဲ့"
ရှချင်းယန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်သည်။
ဤတစ်ကြိမ်တွင် သူမက သူမဘဝ၏ အခက်အခဲများကို ကိုယ်တိုင် ရင်ဆိုင်သွားမည်။ နာကျင်မှုများကို နှစ်ပေါင်းများစွာ ခါးစည်းခံပြီးနောက် သူမမှာ နောက်ပြန်ဆုတ်မည့် အတွေး မရှိပေ။ သူမ၏ ဘဝတက်လမ်းကို ပိတ်ပင်နေသော မကောင်းဆိုးဝါး လင်မယားကို သူမ၏ဘဝထဲမှ အပြီးတိုင် နှင်ထုတ်ရမည်။
သူမ၏အိပ်ခန်းထဲ ပြန်ရောက်လာပြီးနောက် ရှချင်းယန် အတွေးထဲ နစ်မြောနေသည်။ နောက်တစ်နေ့ ကြုံရမည့် ကံကြမ္မာကို သူမ တွေးနေမိသည်။
ထို့ကြောင့် သူမက ထျန်းကျင်းရွှမ်ကို စာပို့လိုက်သည်။
"အိပ်ပျော်နေပြီလား"
"မအိပ်သေးဘူး။ စာလေ့လာနေတယ်။ အချိန်ရှိခိုက် ကြိုးစားအားထုတ်မှ အစ်မလက်ထဲက စီးပွားရေးလုပ်ငန်းတွေကို မြန်မြန်လက်လွှဲယူနိုင်မှာလေ"
" မနက်ဖြန် လူနည်းနည်းလောက် စုထားပေးလို့ ရမလား။ ငါ့ကို ဒုက္ခပြန်ပေးမှာ စိုးရိမ်မိလို့"
ရှချင်းယန်က မနက်ဖြန်ကို စဉ်းစားကာ ပျော်ရွှင်သကဲ့သို့ ကြောက်လန့်နေမိသည်။
"မျောက်ကလေး၊ မင်းက ငါ့ကို အရမ်းကြီး ယဉ်ကျေးပြနေစရာ မလိုပါဘူး။ မနက်ဖြန် အတွက် တွေးပူမနေနဲ့။ ငါ့လက်ထဲသာ အပ်ထားလိုက်တော့"
ထျန်းကျင်းရွှမ် အာမခံသည်။
"ငါ မင်းနဲ့ စကားဆက်ပြောလို့ မရတော့ဘူး။ ဖုန်းအသိမ်းခံရတော့မယ်။ တစ်ခုတော့ သတိရပေး။ မိန်းကလေးတွေက ချောမောလှပဖို့ စောစောအိပ်ရမယ်"
ရှချင်းယန်က ထျန်းကျင်းရွှမ်၏စာတိုကို ဖတ်ရှုပြီး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။ သူ့အပြုအမူကို သဘောကျမိ၍ ဖုန်းလေးကို ဆုပ်ကိုင်ကာ အိပ်ရာပေါ် လူးလိမ့်နေမိသည်။
တကယ်တမ်း ထျန်းကျင်းရွှမ်က သူ့စာလေ့လာခြင်းကို အာရုံစိုက်ရန် အကောင်းဆုံး ကြိုးစားနေသော်လည်း သူ မသိစိတ်၏လှုံ့ဆော်မှုအရ ထျန်းနင် နှင့် ရှချင်းယန်ကို စိုးရိမ်နေမိသည်။
အကြောင်းမူကား မနက်ဖြန်သည် သူမတို့နှစ်ဦးစလုံးအတွက် အရေးပါသော နေ့ရက်ဖြစ်သည်။
သူ့စိတ်ထဲ ရှချင်းယန် နှင့် စုန့်ယန်ရှုကို နှိုင်းယှဉ်ကြည့်မိသည်။
စုန့်ယန်ရှုက နူးညံ့သိမ်မွေ့သော အပြုအမူများဖြင့် သူ့အနား ချဉ်းကပ်လာသော်လည်း သူ့စိတ်ရိုင်း နတ်ဆိုးကို ဖုံးကွယ်နိုင်စွမ်း မရှိပေ။
တခြားတစ်ဖက်တွင် ရှချင်းယန်က တခြားသူများကို ကူညီဖေးမခြင်း နှင့် ကာကွယ်မှုများကို လုပ်ဆောင်ပေးခဲ့ပြီး တစ်ဖက်သူကို စိတ်ချမ်းသာအောင်ထားသည်။ အပေါ်ယံကြည့်လိုက်လျှင် သူက စိတ်ဓာတ်ကြံ့ခိုင်သူဟု ထင်မှတ်ရသော်လည်း အလွယ်တကူ စုတ်ဖြဲပစ်နိုင်သော စက္ကူစာရွက်လေး ကဲ့သို့ ကျိုးပဲ့လွယ်သည်။
သူမက တခြားသူများထံမှ နွေးထွေးမှုကို လိုချင်သော ဆန္ဒ ရှိသည်။
သူမနှင့်အတူတူ ဖြတ်ကျော်ခဲ့ဖူးသော ကျောင်းသားဘဝကို တွေးမိ၍ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
ထျန်းကျင်းရွှမ်၏နှလုံးသားက ရှချင်းယန်ထံ တိမ်းညွှတ်နေခြင်းကို သူ ကိုယ်တိုင် မသိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက သူမကို ကာကွယ်ပေးချင်သည့် ဆန္ဒ ရှိသည်။
သို့သော်လည်း သူက စုန့်ယန်ရှုနှင့် တစ်ညတာ ကုန်ဆုံးဖူးသည့် အတိတ်ဆိုး ရှိနေသည်။
သူ့အနာဂတ် ဇနီးသည်က သူ တခြားအမျိုးသမီးနှင့် အိပ်ဖူးသည့် အတိတ်ကို ခွင့်လွှတ်နိုင်မည်လော။
...
ညလယ်ရောက်မှ လုချယ်က မို့ထင်ကို ဖုန်းခေါ်သည်။
"ဖေးထန်ဆုပေးပွဲက မဒမ်ကို လျာထားစာရင်းကနေ ဖယ်ထုတ်လိုက်တဲ့ သတင်း ကြားပါတယ်"
နောက်ဆုံး ရွေးချယ်ထားသည့် ဆုပိုင်ရှင်ကို အတည်မပြုရသေးပေ။
"ငါ သဘောပေါက်ပြီ"
မို့ထင်က တည်ငြိမ်စွာ တုံ့ပြန်သည်။
" သူဌေး၊ ဒီအခြေအနေက ကယ်တင်နိုင်သေးလား"
" မင်း ဘယ်လိုထင်လဲ"
မို့ထင်က ဖုန်းမချခင် ပြန်မေးသည်။
ထို့နောက် သူ့ရင်ခွင်ထဲမှ အမျိုးသမီးကို ကြင်ကြင်နာနာ ထွေးဖက်သည်။ သူ့အပြုအမူက နူးညံ့သိမ်မွေ့လွန်းပြီး တစ်လောကလုံးမှ အဖိုးတန်ဆုံး ရတနာကို ကာကွယ် စောင့်ရှောက်နေ သကဲ့သို့ ပြုမူနေသည်။
အကယ်၍ လူအများစု၏ ပြစ်တင် ရှုတ်ချခြင်းကို မထိန်းချုပ်နိုင်လျှင် သူက ထျန်းနင်၏ခင်ပွန်း မဖြစ်ထိုက်ပေ။
အပိုင်း(၅၆၆)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz