ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ အတွဲ(၃)

အပိုင်း(၅၅၆)

jellyflower1

အပိုင်း(၅၅၆)

နောက်ထပ် နှစ်ရက်ကြာပြီးနောက် 'WH'ရုပ်ရှင်၏ ရုံတင်ပြသခြင်း ပြီးဆုံးသွားခဲ့ပြီး ရုပ်ရှင်လက်မှတ် ဒေါ်လာ၂သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ထျန်းနင်က ရုပ်ရှင်လက်မှတ်  အရောင်းရဆုံး ဘုရင်မ ဖြစ်သွားခဲ့သည်။

သူမ ရိုက်ကူးခဲ့သော ရုပ်ရှင် ၂ကားကြောင့် သူမ၏ သရုပ်ဆောင် နယ်ပယ်တွင် သရုပ်ဆောင်မင်းသမီး အနေဖြင့် အခြေခိုင်ခဲ့သည်။ သူမက ဖေးထန်ဆုကို မရရှိသည့်တိုင် လူတိုင်း၏အမြင်တွင် သူမက အကောင်းဆုံး အနုပညာရှင်အသစ် ဖြစ်သွားခဲ့သည်။

တကယ်တမ်း ဖေးထန်ဆု ယှဉ်ပြိုင်မှုက နှစ်တိုင်း ပြင်းထန်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ယဲ့လန်၏ပရိသတ်များက ထျန်းနင်ကို သိက္ခာချကြသည်။ ထျန်းနင်ကို မို့အကြီးအကဲက နောက်ကွယ်မှ ကူညီပံ့ပိုးနေ၍ နောက်ဆုံးအဆင့်အထိ ရောက်သွားခဲ့သည်ဟု ဝေဖန်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ ချစ်ခင် နှစ်သက်သော အနုပညာရှင်က တခြားသူကို မယှဉ်နိုင်ခြင်းကို လက်သင့်မခံခြင်း ဖြစ်သည်။ ယဲ့လန်က အကျင့်စာရိတ္တ မကောင်းမွန်သော်လည်း သူမ၏သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ခြင်းကို ငြင်းဆန် မရပေ။ ထို့ကြောင့်လည်း သူမ၏ ပရိသတ်များ မခံမရပ်နိုင်ဖြစ်ခြင်းက ပုံမှန်ဖြစ်သည်။

"တခြားတစ်ယောက် ဆုရသွားရင်တောင် ပြဿနာ မရှိဘူး။ ဒါပေမဲ့ ထျန်းနင်ဆိုရင်တော့ လုံးဝ လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ထျန်းနင် နဲ ယဲ့လန်က အရည်အချင်း အတူတူလောက်ပဲ"

"အဲဒီဆုက တစ်နှစ်ထက် တစ်နှစ် ပိုပို ဆိုးလာသည်။ အကြံအဖန် လုပ်နေတာ အသိသာကြီးပဲ"

ဤရက်ပိုင်းအတွင်း ဖေးထန်ဆု၏ ဆုပိုင်ရှင်နှင့် ပတ်သက်သော ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။ ဤနှစ်ပွဲက ယခင်ထက် ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သည်။ လူထုက ထျန်းနင်နှင့် ပတ်သက်လာ၍ ပွဲကောင်းကို စောင့်ကြည့်ချင်သည်။ သို့သော်လည်း အနုပညာအလုပ်များကို ရပ်နားလိုက်သည့် မင်းသမီးက ဆုနှင့် ထိုက်တန်သည်လော။

"အနုပညာအလုပ် ရပ်နားလိုက်တဲ့သူကို ဆုပေးတာက အလုပ်ကြိုးစားနေသေးတဲ့ အနုပညာရှင်တွေကို စော်ကားသလိုပဲ ခံစားရတယ်"

"အနုပညာအလုပ်တွေ ရပ်နားလိုက်တဲ့ ဆုံးဖြတ်ချက်ကို မဝေဖန်ချင်ပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ဆုပေးတာနဲ့ ပတ်သက်ရင်တော့ အလုပ်ကြိုးစားတဲ့ လေးနက်သူကို ရွေးချယ်သင့်တယ်"

ထျန်းနင်၏ အနုပညာအလုပ်များ ရပ်နားလိုက်ခြင်းကို လူအများစုက ဝေဖန်ကြသည်။

သူမ ရိုက်ကူးထားသော ရုပ်ရှင် ရုံတင်ရန် ရှိနေသေးသော်လည်း အနုပညာအလုပ် ရပ်နားထားခြင်းက သရုပ်ဆောင် အလုပ်ကို စွန့်လွှတ်လိုက်ခြင်းဟု ထင်ဟပ်စေသည်။ သူမ၏ ဆုံးဖြတ်ချက်က ရေရှည် ရေတို ဆုံးဖြတ်ချက်လော မည်သူမှ သေချာ မသိခဲ့ပေ။

ညဉ့်အချိန် စုန့်ယန်ရှုက သူ့အိမ်မှာ ဝိုင်သောက်ပြီး တီဗီကြည့်နေသည်။ ဖျော်ဖြေရေးသတင်းများက ဖေးထန်ဆုရှင်များကို ခန့်မှန်းနေကြသည်။ သူမက တီဗီကို ကြည့်နေစဉ် သူမ၏မျက်ဝန်းများက လှောင်ရိပ်များဖြင့် မှောင်မိုက်နေသည်။

"ဒီတစ်ခေါက်တော့ ထျန်းနင် ဆုမရနိုင်ဘူး" 
အေးစက်စက်အသံက သူမ၏နောက်ဘက်မှ ထွက်ပေါ်လာသည်။ စုန့်ယန်ရှု လှည့်ကြည့်လိုက်စဉ် သူမနှင့် စေ့စပ်ထားသော အမျိုးသား ဖြစ်နေသည်။ ထို့ကြောင့် သူမ ချက်ချင်း ပြန်မေးသည်။
"ဘာလို့လဲ"

"သူက အနုပညာအလုပ်တွေကို ရပ်နားလိုက်လို့လေ။ လျာထားစာရင်းထဲ ပါတာ တော်တော်လေးကို အခွင့်အရေးပေးရာ ရောက်နေပြီ။ ကော်မတီက အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ သရုပ်ဆောင်ကို ထည့်စဉ်းစားပါ့မလား"

"ဘာလို့လဲ။ ဒီလို စည်းမျဉ်းစည်းကမ်းမှ မရှိတာလေ"
စုန့်ယန်ရှု ခွန်းတုံ့ပြန်သည်။

"ဒါက အတွင်းသတင်းလေ"
သူမနှင့် စေ့စပ်ထားသူက သူမ ဘေးနားထိုင်လိုက်ပြီး ပြန်ပြောသည်။
"ထျန်းနင်က သရုပ်ဆောင်နိုင်စွမ်း ရှိပြီး မို့ထင်က ဩဇာ အာဏာ ရှိပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖေးထန်ဆုကို ထိန်းချုပ်နိုင်စွမ်း မရှိဘူး"

"ဒါက တရားဝင် မှတ်တမ်းတင်ထားတာ မဟုတ်ပေမဲ့ ဒိုင်လူကြီးတွေကြားမှာ ဖွင့်မပြောတဲ့ စည်းမျဉ်းပဲ"

"ဆုရခဲ့တဲ့ သရုပ်ဆောင် အမည်စာရင်းကို ပြန်မကြည့်ဘူးလား။ သရုပ်ဆောင်အလုပ်တွေ ရပ်နားခဲ့တဲ့သူက အနိုင်ရသူ ဖြစ်ဖူးလို့လား"

"အနုပညာအလုပ် ရပ်နားခဲ့သူက တစ်ခါမှ အနိုင်မရဖူးဘူး"

"ဒါဆိုရင် အစ်မထျန်းနင်က လက်ဗလာနဲ့ အိမ်ပြန်ရမယ့် သဘောလား"
စုန့်ယန်ရှု မတ်တတ်ထရပ်သည်။
"မဖြစ်နိုင်ပါဘူး။ မို့သူဌေးက အရာရာတိုင်းကို သေချာတွက်ချက်တတ်တယ်။ ဒါကို သူ မသိစရာ အကြောင်းမရှိဘူး"

"မို့သူဌေးက အထင်ကြီးလေးစားစရာကောင်းပေမဲ့ အားနည်းချက် မရှိတာတော့ မဟုတ်ဘူးလေ"
ထိုလူက သရော်သည်။
"ဒီအရှုပ်အထွေးကို မို့သူဌေး ဘယ်လို ဖြေရှင်းမလဲ စောင့်ကြည့်တာပေါ့"

"မင်းက ထျန်းနင်နဲ့ ရင်းနှီးတယ်မလား။ ဒီရလဒ်ကို မင်း အသိပေးလည်း မင်းသဘောပဲ"
ထိုလူက သူ့အခန်းထဲ ပြန်မသွားခင် ခနဲ့သည်။ စုန့်ယန်ရှုက အတွေးထဲ နစ်မြောကာ နေရစ်ခဲ့သည်။

ထျန်းနင်က ထျန်းကျင်းရွှမ်၏ အစ်မ ဖြစ်သော်လည်း ထျန်းကျင်းရွှမ်က သူမကို သွေးအေးရက်စက်သွားခဲ့သည်။ သူမကို မချစ်နှစ်သက်သူ၏ မိသားစုကို သူမက အဘယ်ကြောင့် ဂရုရမည်နည်း။

ထို့အပြင် မို့ထင်မှာ သူ့အစီအစဉ်သူ ရှိနိုင်သည်။ ဤပြဿနာရပ်တွင် သူမ ဝင်ပါရန် မလိုအပ်ချေ။

...

ညဉ့်အချိန် ရှအိမ်တော်

ရှအကြီးအကဲက ရှအိမ်တော် နှင့် ရှယ်ရာများကို ရှချင်းယန်အား လွှဲပြောင်းပေးမည် ပြောလိုက်သည်နှင့် သူ့ရှေ့နေများက ကိစ္စအားလုံးကို လျှို့ဝှက် ဆောင်ရွက်ပေးရန် ချက်ချင်း ရောက်လာသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ရှချင်းယန်က ရှမိသားစု အိမ်တော်၏ ပိုင်ရှင်အသစ် ဖြစ်လာမည်။ အကယ်၍ သူမက တစ်စုံတစ်ယောက်ကို မောင်းထုတ်ချင်လျှင် သူ့အဖေရှမှာ ငြင်းဆန်ပိုင်ခွင့် မရှိပေ။

အဖေရှ နှင့် ယဲ့လန်တို့က ဖြစ်ပျက်သမျှ အခြေအနေကို မသိကြပေ။ ရှချင်းယန်၏ နှုတ်ဆိတ်နေခြင်းက သူတို့ကို ကြောက်လန့်နေခြင်းဟု ထင်မှတ်က ဂုဏ်ဆာနေကြသည်။

ရှချင်းယန်စိတ်ထဲ အာရုံမထားခဲ့ပေ။ ထျန်းနင်၏စကားကို နာခံပြီး သူတို့ကို သည်းခံခဲ့သည်။ ယဲ့လန်၏ ကလေးဆန်သော အပြုအမူများက တုံ့ပြန်ရသည်အထိ သူ မညံ့ဖျင်းပေ။

ယဲ့လန်က အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။ ဖျော်ဖြေရေးလောကထဲမှာ သူမ၏ မိတ်ဆွေ အနည်းငယ် ရှိပြီး အဆက်အသွယ် တချို့ ရှိသည်။ ထျန်းနင်က သူမကို ရှုံးနိမ့်စေခဲ့၍ သူမ၏ မိတ်ဆွေကောင်းထဲမှ တစ်ဦးကို ဆက်သွယ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

"ငါ ဆုရတာ မရတာက တကယ်တမ်း ပြဿနာ မရှိပါဘူး။ ညီမ သရုပ်ဆောင် အရမ်းမကောင်းတာ ညီမကိုယ် ညီမ သိပါတယ်။ ဒါပေမဲ့ အစ်မယန်ကတော့ မတူဘူးလေ။ တကယ် အရည်အချင်း ရှိတယ်"

"ဒီနှစ် အစ်မယန် ဆုမရရင် မျှတမှု မရှိဘူးဆိုတာ ညီမက အရင်ဆုံး ထောက်ပြမယ်"

ရှချင်းယန် နှင့် ထျန်းကျင်းရွှမ်က ယခုမှ အိမ်ပြန်ရောက်လာပြီး ယဲ့လန်၏အနောက်မှာ မတ်တတ်ရပ်နေသည်။ သူမက အနုပညာလောကထဲ ပြဿနာ ရှာရန် ကြိုးစားနေခြင်းကို နားစွင့်နေသည်။

ရှချင်းယန်က ထျန်းကျင်းရွှမ်ကို အိမ်ပြန်ရန် လက်ဟန်အမူအရာ မပြခင် သူတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်သည်။ ထျန်းကျင်းရွှမ်က ယဲ့လန်ကို လျစ်လျူရှုကာ ရှချင်းယန်၏ဦးခေါင်းကို ပုတ်လိုက်သည်။ ယဲ့လန်ကို ၁၀ဘဝ လေ့ကျင့်သင်ကြားပေးလည်း ထျန်းနင် ကဲ့သို့ ဉာဏ်ရည်မြင့်မားသူ ဖြစ်မလာမှန်း သိနေသည်။

ထျန်းကျင်းရွှမ် ထွက်သွားပြီးနောက် ရှချင်းယန်က ယဲ့လန်နှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ထိုင်ကာ ပြုံးပြသည်။
"ဆုရတဲ့သူက နင်ပဲဖြစ်သင့်တယ်လို့ ခံစားရတယ်။ အခု နင့် သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရုံနဲ့ နင်က မွေးရာပါ ပါရမီရှင်ပဲ"

ရှချင်းယန်၏အသံကို ကြားပြီးနောက် ယဲ့လန်က ဖုန်းကို အောက်ချထားလိုက်ပြီး သူမနှင့် ဆန့်ကျင်ဘက်မှာ ထိုင်နေသော အမျိုးသမီးကို အေးစက်စက် ကြည့်သည်။
"ဘာလဲ။ နင့်မှာ ဘာလုပ်နိုင်စွမ်း ရှိလို့လဲ"

"ဟုတ်ပါတယ်။ ငါ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ယဲ့လန် နင်က ထျန်းနင် ဆုရမှာကို ဟန့်တားလို့ မရဘူး။ နင် အရင်တုန်းက အကောင်းဆုံး ကြိုးစား အားထုတ်ခဲ့တာတောင် နောက်ဆုံး ဇကာတင် စာရင်းထဲ ဝင်ခဲ့လို့လား"

ယဲ့လန်က ရှချင်းယန်ကို သရော်ဟန်ကြည့်ပြီး သူမ၏စကားကို လျစ်လျူရှုထားသည်။ သိပ်မကြာခင် ရှအကြီးအကဲ ပြန်တော့မည်မှန်း ယဲ့လန် သိနေသည်။ ရှအကြီးအကဲ အနားမှာ မရှိလျှင် ရှချင်းယန်ကို ကူညီမည့်သူ မရှိပေ။ သို့သော်လည်း  အပြောင်းအလဲများစွာ ရှိခြင်းကို ယဲ့လန် မသိခဲ့ချေ။

"ငါတို့ လောင်ကြေးထပ်ကြမလား"
ယဲ့လန်က ရှချင်းယန်၏မျက်ဝန်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"ထျန်းနင်က တက်သစ်စ အနုပညာရှင်ဆုကို မရနိုင်ဘူးလို့ ငါ လောင်းကြေးထပ်တယ်"

"သူ နိုင်သွားရင်ရော ဘာဖြစ်လဲ"

"ငါကတော့ ဆန့်ကျင့်ဘက်ပဲ။ ထျန်းနင် အနိုင်ရသွားရင် ငါက နင့်အဖေနဲ့ ကွာရှင်းမယ်"
ယဲ့လန်က လှောင်ရယ်သည်။
"ဘယ်လိုလဲ သဘောတူလား။ ဒါက နင်အမြဲ လိုချင်ခဲ့တဲ့ အခြေအနေမလား"

ရှချင်းယန်က ယဲ့လန်ကို တည်ငြိမ်စွာ ငေးစိုက်ကြည့်သည်။ ခဏကြာပြီးနောက် သူမ ပြန်ဖြေသည်။
"နင်က စကားမတည်တတ်မှန်း သိနေလို့ နင်နဲ့ လောင်းကစား မလုပ်ဘူး။ ဒါပေမဲ့ ထျန်းနင် နိုင်မှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် နင်က နင့်အခွင့်အရေးကို ဆုံးရှုံးပြီသား အရှုံးသမားပဲ"

အပိုင်း(၅၅၆)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz