ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)

အပိုင်း(၅၅၃)

jellyflower1

အပိုင်း(၅၅၃)

ထိုစကားသံကို ကြားပြီးနောက် ယဲ့လန်က ရှချင်းယန်ကို ခပ်တန်းတန်း ကြည့်သည်။ သူမက အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရသော လူနေမှုပုံစံ ရှိပြီး ကလေးသရုပ်ဆောင် အနေဖြင့် အနုပညာလောကထဲ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ဖျော်ဖြေရေးလောကမှ သင်ယူထိုက်သည့် အချက်များကို လေ့လာဆည်းပူးခဲ့သည်။ အားနည်းသူကို အနိုင်ကျင့်ရန် နှင့် တခြားသူများကို သိက္ခာချ စော်ကားတတ်သော အကျင့်ဆိုးများ ဖြစ်သည်။

ရှချင်းယန်ကို လိမ်လည် လှည့်ဖြားပြီး အကောက်ကြံခဲ့သော အပြုအမူ မည်မျှ ရှိမှန်း သူမ ကိုယ်တိုင် မသိခဲ့ပေ။

ယခုတော့ ကစားပွဲအလှည့်အပြောင်း ဖြစ်သွား၍ ယဲ့လန်က စိတ်တည်ငြိမ်အောင် ကြိုးစားသော်လည်း စိတ်ထဲ ကြောက်စိတ်မွှန်ထူနေသည်။

ရှအကြီးအကဲက ဤအိမ်တော်သို့ ယခင်က လာရောက်လည်ပတ်ခြင်း မရှိခဲ့၍ ယခုလို အဖြစ်အပျက်မျိုး မကြုံဖူးခြင်း ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ရှအကြီးအကဲက သူတို့ဇနီးမောင်နှံ၏ အကြမ်းဖက်နေသော မြင်ကွင်းကို မျက်မြင်တွေ့သွားသည်။ အထူးသဖြင့် သူ့ချစ်လှစွာသောမြေး ရှချင်းယန်ကို ဝိုင်းနှိပ်စက်နေခြင်း ဖြစ်သည်။

အဖေရှ၊ ရှအကြီးအကဲ နှင့် ယဲ့လန်တို့က ရှချင်းယန်၏တုံ့ပြန်မှုကို စောင့်မျှော်နေသည်။ သို့သော်လည်း အချိန်ခဏကြာပြီးနောက် သူမက ဖြည်းဖြည်းချင်း စကားပြန်ပြောလာသည်။
"မြေးစိတ်ထဲ အလေးမထားပါဘူး"

အဖေရှ နှင့် ယဲ့လန်တို့ တုန်လှုပ်သွားသည်။ ရှချင်းယန်၏ အကျင့်စရိုက်ဖြင့် ယခုလိုစကားမျိုး မပြောတတ်ပေ။

"ဒီလောက်ဆိုးဆိုးရွားရွား နာကျင်ခံစားရတာတောင် မကောင်းဆိုးဝါးတွေအတွက် ဖုံးကွယ်ပေးနေသေးတယ်လား"
ထိုစကားကို ပြောပြီးနောက် ရှအကြီးအကဲက ယဲ့လန်ဘက် လှည့်ကာ တောင်းဆိုသည်။

"မင်း ဒီနားလာခဲ့"

ယဲ့လန်က အနည်းငယ် မှင်တက်သွားပြီး အဖေရှကို ကူကယ်ရာမဲ့ ငေးကြည့်သည်။ သို့သော်လည်း အဖေရှက သူ့ဖခင်ကို ဆန့်ကျင်နိုင်စွမ်း မရှိ၍ မျက်မှောင်ကြုတ်ရုံသာ တတ်စွမ်းနိုင်သည်။

ယဲ့လန်က အကူအညီမရသည့် အဆုံး ရှအကြီးအကဲအနား လမ်းလျှောက်သွားသည်။ သူ့အရှေ့မှာ မတ်တတ်ရပ်လိုက်သည်နှင့် ရှအကြီးအကဲက လက်မြှောက်လိုက်ပြီး သူမ၏ပါးကို ဖြတ်ရိုက်လိုက်သည်။ တကယ်တမ်း သူက ပါးတစ်ချက်ရိုက်ရုံဖြင့် ရပ်တန့်လိုက်ခြင်း မဟုတ်ပေ။ သူမကို အဆက်မပြတ် ပါးရိုက်ပြီ သင်ခန်းစာပေးနေသည်။
"မင်းက သရုပ်ဆောင်မင်းသမီးလို့တောင် သတ်မှတ်လို့ မရတဲ့ အရုပ်သာသာ အဆင့်ပဲ။ ငါ့မြေးမကို အနိုင်ကျင့်ရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့"

"ငါ့သား နဲ့ ငါ့မြေးကို စောင့်ရှောက်ပေးလို့ ရအောင်ပဲ မင်းကို ဒီမိသားစုထဲ ဝင်ခွင့်ပေးခဲ့တာနော်။ ဒါတောင် မင်းက မင်းလက်နဲ့ ငါ့မြေးကို နာကျင်အောင်လုပ်ခဲ့တယ်"

ပါးငါးချက်ဆက်တိုက် ဆင့်ရိုက်ခံရပြီးနောက် ယဲ့လန် မူးဝေလာ၍ တည့်တည့်မတ်မတ် ရပ်နိုင်စွမ်း မရှိပေ။ သူ့နားထဲ တဝီဝီအော်သံများကိုသာ ကြားနိုင်စွမ်း ရှိသည်။

ထို့နောက် ရှအကြီးအကဲက အဖေရှကို စကားပြောသည်။
"မင်း ငါ့မြေးကို နောက်တစ်ခါ လက်ဖျားနဲ့တောင် ထိရဲထိကြည့် မင်းကို အိမ်ပေါ်က ကန်ချပစ်မယ်"

ရှချင်းယန်က ယခုလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ဤအိမ်တော်ထဲတွင် သူမ ရိုက်နှက်ခံရသော ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့အဖေ နှင့် ယဲ့လန်တို့ နာကျင်ခံစားရမည့် နေ့ရက်မျိုး ကြုံလာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤအတွေးကြောင့် ရှချင်းယန်က ကျေနပ်သော ခံစားချက်ကို ခံစားရသည်။

ထျန်းနင်၏ စနစ်တကျ စီစဉ်မှု နှင့် ထျန်းကျင်းရွှမ်၏ အကူအညီကြောင့် သူမ လက်စားချေခွင့်ရခြင်း ဖြစ်သည်။

အဖေရှက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ရှချင်းယန်၏ နောက်ကျောပြင်ကို ရိုးရှင်းစွာ ငေးကြည့်ပြီး သူ့သမီးကို နားလည်နိုင်စွမ်း မရှိပေ။

ယဲ့လန်က ဝက်မျက်နှာဖြစ်သည့်အထိ ရိုက်နှက်ခံရ၍ ရှချင်းယန်ကို မုန်းတီးသော ခံစားချက်သာ ရှိသည်။ သို့သော်လည်း ထျန်းနင်က ရှချင်းယန်ကို သေချာ သင်ကြားပေးထား၍ ရှချင်းယန်က ယဲ့လန်ကို လျစ်လျူရှုထားသည်။

ဤမိသားစုအတွင်းမှာ ရှချင်းယန်က တခြားသူ ကျေနပ်အောင် လုပ်ဆောင်ပေးရန် မလိုအပ်တော့ပေ။ တခြားသူ ကျေနပ်အောင် လုပ်ဆောင်ပေးလေလေ သူမ၏တန်ဖိုး လျော့ကျလေဖြစ်သည်။

ယခုအချိန်မှာ သူမ၏ အဓိက လုပ်ငန်းတာဝန်က သူမ၏ဘဝ တဖန်ပြန်လည် ရှင်သန်ရန် ဖြစ်သည်။

"ယန်ယန်၊ မြေးလေး စိတ်ကျေနပ်ရဲ့လား"
ရှအကြီးအကဲက အယုတ်တမာ လင်မယားကို သင်ခန်းစာ ပေးပြီးနောက် ရှချင်းယန်ကို ဂရုစိုက်သော လေသံဖြင့် မေးမြန်းသည်။

ရှချင်းယန်က သူ့အဘွားနှင့် ရုပ်ဆင်သောကြောင့် ရှအကြီးအကဲက အချစ်ပိုသည်။ သူမကို မြင်တွေ့တိုင်း ကာကွယ်ပေးချင်သော ဆန္ဒ ဖြစ်ပေါ်လာသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘိုး၊ သမီး အဆင်ပြေပါတယ်"

အဆင်ပြေပါသည်ဟူသော အဓိပ္ပါယ်က ကောင်းမွန်သည့် သဘော မဟုတ်ပေ။

ရှအကြီးအကဲ၏မျက်နှာအမူအရာ သုန်မှုန်သွားပြီး စကားတစ်ခွန်းမျှ မပြောဘဲ အဖေရှ နှင့် ယဲ့လန်ကို လှည့်ကြည့်သည်။

ရှချင်းယန်၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုက အဖေရှကို အံ့အားသင့်စေသည်။

"လာလာ၊ ဘိုးဘိုးနဲ့ တစ်ခုခု သွားစားရအောင်ကွယ်။ ဘိုးဘိုး ဗိုက်ဆာနေပြီ"

အဖေရှက သင်ခန်းစာ ပေးခံရ၍ စိတ်မကြည်လင်သော်လည်း သူ တတ်စွမ်းနိုင်သော အရည်အချင်း မရှိ၍ မြေးအဘိုးနှစ်ယောက် ထွက်သွားသော မြင်ကွင်းကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။ ထို့နောက် သူက ယဲ့လန်အနား အပြေးတစ်ပိုင်းဖြင့် သွားကာ ယဲ့လန်ကို ဆွဲထူပေးသည်။ သို့သော်လည်း ယဲ့လန်က သူ့ကို တွန်းထုတ်ပြီး ခပ်တန်းတန်း ပြန်ကြည့်သည်။

ထို့နောက် ရှချင်းယန်က ထျန်းကျင်းရွှမ်နှင့် တွေ့ဆုံသည်။ ထျန်းကျင်းရွှမ်၏ကားထဲ ဝင်ရောက်သွားပြီးနောက် ရှချင်းယန်က သူ့ဗိုက်သူ နှိပ်ကာ ခွက်ထိုးခွက်လန် ရယ်မောသည်။
"အရမ်း ကျေနပ်ဖို့ကောင်းတယ်။ အရင်က အဲဒီလောက်အထိ မကျေနပ်ခဲ့ဖူးဘူး။ အစ်မထျန်းနင်က တကယ် တော်တယ်"

" နင်လည်း အရိုက်ခံခဲ့ရလား"
ထျန်းကျင်းရွှမ်က ရှချင်းယန်၏မျက်နှာပေါ်မှ အနီရောင် အစင်းကြောင်းကို ကြည့်ပြီး မေးမြန်းသည်။

"မစွန့်စားဘဲနဲ့ အန္တရာယ်ကို မကျော်လွှားနိုင်ဘူးလေ။ ဘိုးဘိုးက ဒီလိုမြင်ကွင်းမျိုး မြင်တွေ့သွားမှ ဟိုလူနှစ်ယောက်နဲ့ ထိပ်တိုက် ရှင်းမှာလေ"
ရှချင်းယန်က သူ့မျက်နှာပေါ်မှ လက်ချောင်းရာကို ဂရုမစိုက်ပေ။
"အရမ်းကို စိတ်ကျေနပ်တယ်။ ဘိုးဘိုးက ယဲ့လန်ကို ပါးချည်း ဆင့်ရိုက်သွားတာ တကယ်ကျေနပ်ဖို့ကောင်းတယ်။ ဘိုးဘိုးကို အချိန်မီ ခေါ်လာပေးလို့ ကျင်းရွှမ်ကို ကျေးဇူးတင်ပါတယ်"

"မျောက်ကလေး"

ရှချင်းယန်က ထျန်းကျင်းရွှမ်ကို မပြုံးပြခင် အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။
"မစိုးရိမ်နဲ့ ငါ အဆင်ပြေပါတယ်။ ငါက အစ်မထျန်းနင်လောက် မထက်မြက်ဖူးပေမဲ့ ကိုယ်ပိုင်အရည်အချင်းတော့ ရှိပါတယ်။ ကျင်းရွှမ် ငါတော့ နင့်ကို မနာလို ဖြစ်မိတယ်။ နင့်မှာ နင့်ကို ထောက်ပံ့ပေးနေမယ် အစ်မထျန်းနင် ရှိတယ်"

ထျန်းကျင်းရွှမ်က နာကျင်နေသော ခံစားချက်ကို ဘေးဖယ်ထားလိုက်ပြီး သက်ပြင်းချသည်။
"မင်းက အပေါ်ယံပဲ ကြည့်တာလေ။ ငါ့အစ်မက လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပေမဲ့။ အဲဒီလို ဖြစ်လာရတာက ငါ့ယောက်ဖက သူ့ကို အလိုလိုက်လို့လေ"

"မို့သူဌေးကို ပြောချင်တာလား"

ဩဇာတ္တိကမဖြင့် ပြည့်စုံသော ဧကရာဇ်တစ်ပါးနှင့် အသွင်တူသော မို့ထင်ကို ရှချင်းယန် ချက်ချင်း တွေးမိသွားသည်။

"သူက ပိုလို့တောင် ကြောက်ဖို့ကောင်းသေးတယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က ကားစက်နှိုးလိုက်ပြီး ရှချင်းယန်ကို ကားမောင်းပို့ပေးသည်။

"စားကောင်းတာလေး သွားစားကြမယ်လေ။ အရမ်းလှပနေတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့"

"နင် နဲ့ အစ်မထျန်းနင်ကို ကျေးဇူးတင်ကြောင်း ပြချင်တာပါ"

ထျန်းကျင်းရွှမ်က ရှချင်းယန်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ကားဆက်မောင်းသည်။

"ငါတို့ကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး"

"နင့်ကို စိတ်ဒုက္ခ ဖြစ်စေတဲ့ တခြားကိစ္စ ရှိတယ်မလား"

ရှချင်းယန်ကြောင့် နိုင်ငံခြားမှာ ပညာသင်ယူမည့် ကိစ္စကို တွေးတောရန် အချိန်မရခဲ့ပေ။ သို့တိုင် ရှချင်းယန်ကို မြင်တွေ့ရတိုင်း ပျော်ရွှင်သော ခံစားချက် ဖြစ်ပေါ်လာသည်။

"ယဲ့လန် နဲ့ မင်းရဲ့အဖေကို ရှုံးနိမ့်အောင် လုပ်ဖို့ မလွယ်ကူဘူး"

"ငါသိပါတယ်၊ အစ်မထျန်းနင်စီက သင်ယူသင့်တာ သင်ယူဖို့ ကြိုးစားမယ်။ ဒါနဲ့ နင်က ယူအက်စ် ပြန်မယ်မလား"

တကယ်တမ်း ထျန်းကျင်းရွှမ်က ကျောင်းစာရင်းသွင်းရမည့်ရက် ကျော်လွန်သွားခဲ့သည်။ ယခုလို ဖြစ်လာရမည့် ကံကြမ္မာပါ၍ဟု ထျန်းကျင်းရွှမ် တွေးတောလိုက်သည်။

သို့သော်လည်း ထျန်းကျင်းရွှမ်က စကားတစ်ခွန်းမျှ မပြောဘဲ ဟိုတယ်သို့ ကားမောင်းထွက်လာခဲ့သည်။ ဟိုတယ်စားသောက်ဆိုင်တွင် သူတို့ကြိုက်နှစ်သက်သော အစားအသောက်များ စားသောက်ပြီးချိန် ထျန်းကျင်းရွှမ်၏ဖုန်း မြည်လာသည်။

ထျန်းကျင်းရွှမ်က သူ့ဖုန်းကို တအံ့တဩ ကြည့်ပြီး ဖုန်းနံပါတ်ကို မှတ်မိသွားသည်။

"ကိုင်လိုက်လေ"

ထျန်းကျင်းရွှမ်က ရှချင်းယန်ကို ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။

သို့သော်လည်း သူ ပထမဆုံး ပြောသော စကားခွန်းက
"မင်း ငါ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ"

"အစ်မထျန်းနင် ပေးခဲ့တာပါ။ ကျင်းရွှမ်၊ အချိန်ခဏလောက် ရနိုင်မလား။ ရှင့်ကို တစ်စုံတစ်ယောက်နဲ့ ပေးတွေ့ချင်တယ်"

ထျန်းကျင်းရွှမ်က ငြင်းဆန်ချင်ခဲ့သော်လည်း ထျန်းနင် ခွင့်ပြုလိုက်သော ကိစ္စဖြစ်နေ၍ အလုပ်ကိစ္စနှင့် ပတ်သက်နေလိမ့်မည်။ ထို့ကြောင့် သူ မေးမြန်းလိုက်သည်။
"ဘယ်အချိန်တွေ့ချင်လဲ"

"ရှင် အခု ဘယ်ရောက်နေလဲ၊ ကျွန်မ ရှင့်ကို လာတွေ့မယ်"

ထျန်းကျင်းရွှမ်က ရှချင်းယန်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး သူတို့လက်ရှိလိပ်စာကို ပြန်ဖြေသည်။

"ခဏနေရင် စုန့်ယန်ရှု ရောက်လာလိမ့်မယ်"
ထျန်းကျင်းရွှမ်က သူ့ဖုန်းကို အောက်ချထားလိုက်ပြီး စကားပြောသည်။

အပိုင်း(၅၅၃)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz