ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

အခန်း(၁၇)

jellyflower1

အပိုင်း(၁၇)

မဖွယ်မရာ ဗီဒီယို

ပရိသတ်များရဲ့ မေးမြန်းသံက ပိုပိုပြီးတော့ ကျယ်လောင်လာတော့ ဖြတ်သွား ဖြတ်လာများက ဓာတ်ပုံရိုက်ကာ ဘာတွေ ဖြစ်နေလည်းဆိုတာ တီးတိုး ပြောဆိုနေကြတယ်။ သူတို့က ထျန်းနင်ကို အရှက်မဲ့တဲ့ မိန်းကလေး တစ်ယောက်လို့ ယူဆကာ မို့ယွီရို့ကိုတော့ ရိုးသား ကြိုးစားပြီး ယုံကြည်ထိုက်တဲ့ မိန်းကလေးလို့ မှတ်ယူထားကြတယ်။ 
ထျန်းနင်ရဲ့ ပတ်ပတ်လည်မှာ စုပြုံ ဝန်းရံလာတာကြောင့် ထျန်းနင်အတွက် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့။ ဒါကြောင့်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နေကာမျက်မှန်ကို ဖယ်ရှားလိုက်ကာ အများရှေ့မှာ ပြောင်ပြောင်းရှင်းရှင်း သူမမျက်နှာကို ဖော်ပြလိုက်တယ်။
“ရှင် မေးတဲ့ မေးခွန်းကို ပြန်ဖြေစေချင်တယ်ဆိုရင် ကျွန်မ ဖြေပေးနိုင်ပါတယ်။ ကျွန်မလည်း ရှင့်ကို မေးခွန်းနည်းနည်း မေးခွင့်ရှိမလား”
“မေးပါ…”
 မကောင်းမြင် မုန်းတီးနေတဲ့ ပရိတ်သတ်များက ထျန်းနင် ဘာတွေ လှည့်စားဦးမလဲဆိုတာ သိချင်လာတယ်။
“ရှင်က ကျွန်မ ပရိသတ်လို့ ပြောခဲ့တယ်နော်။ ဒါဆိုရင် ဘယ်နှစ်က ကျွန်မ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့လဲ။ ဘယ်နှစ်မှာ ဆုရရှိခဲ့လဲ။ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေက ဘာလဲဆိုတာ ရှင် ပြောပေးနိုင်မလား”
သူမ မေးလိုက်တဲ့ မေးခွန်းကြောင့် မကောင်းမြင် မုန်းတီးနေတဲ့ ပရိသတ်များမှာ တစ်ယောက်နဲ့ တစ်ယောက် ဗလာကျင်း ကြည့်လိုက်တယ်။ သူတို့က ထျန်းနင်အကြောင်းကို ဘယ်လိုလုပ် သိမလဲ။ သူတို့က ထျန်းနင်ကို အထင်မြင်သေးတယ်လေ။
“ငါ့… ငါတို့က ပရိသတ်အသစ်တွေ။ နင်က ငါတို့ပေးတဲ့ လက်ဆောင်ကို ကြမ်းပြင်ပေါ် လွှင့်ပစ်တယ်ဆိုတည်းက နင် မှားတယ်”
သူတို့ထဲမှ တစ်ယောက်က ပြန်လည်ဖြေကြားတယ်။
“ကျွန်မက ပန်းစည်းကို လွှင့်ပစ်သည်ဖြစ်စေ၊ မလွှင့်ပစ်သည်ဖြစ်စေ မရှင်းပြလည်း လေဆိပ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက အားလုံးကို မှတ်တမ်းတင်ထားမှာပါ။ ဒါပေမဲ့ ပန်းစည်းကို လက်ချော်ပြီး  လွတ်ကျသွားစေလို့ ကျွန်မ ချက်ချင်း တောင်းပန်လိုက်ပါတယ်။ အားလုံး ကြားလိုက်မယ် ဆိုတာ သေချာပါတယ်။ အနုပညာလောက အတွင်းမှာ ယွီရို့ကို ကြည့်ပြီး သင်ယူဖို့ အများကြီး လိုအပ်သေးတယ်လို့ အရင်တည်းက ဝန်ခံခဲ့ပြီးသားပါ။ ဒါဆို ရှင်တို့တွေ နောက်ထပ် ဘာကို မကျေမချမ်း ဖြစ်နေရတာလဲ”
ထျန်းနင် … နူးညံ့သိမ်မွေ့စွာ ပြောတယ်။ ရန်တွေ့သော လေသံဖြင့် သူမ လုံး၀ မပြောခဲ့ပေ။  ဒါပေမဲ့ သူမ ပြောလိုက်တဲ့စကားက လိုရင်းရောက်ပြီး ထိရောက်မှု ရှိတယ်။ ပြဿနာ ဖြစ်စေတဲ့ ဒီကောင်မလေး တစ်စုက သေချာပေါက် သူမရဲ့ ပရိသတ် မဖြစ်နိုင်ဘူး။ သူမတို့တွေ နှုတ်က မို့ယွီရို့ နာမည်ကို ချိတ်ဆွဲထားသလို ဖြစ်နေကတည်း သူမတို့က မို့ယွီရို့ရဲ့ ပရိသတ်ဆိုတာ ထင်ရှားနေတာပဲ။
ဒီကိစ္စကို ထျန်းနင်ဘက်မှ တောင်းပန်ခဲ့ပြီးတဲ့ အပြင် မပလွှားသော သဘောထားဖြင့် သူမ ပြန်လည်တုန်ပြန်ခဲ့တယ်။ ဖြတ်သွား ဖြတ်လာ အများစုက ထျန်းနင်အပေါ် အမြင် ပြောင်းလဲသွားခဲ့တယ်။ မို့ယွီရို့ရဲ့ ပရိသတ်များကို ကြောင်ရေချိုးတယ်လို့သာ  ခံစားရပြီး (ကိစ္စ အသေးအဖွဲ့ကို ပုံကြီးချဲ့တာ)။ တရားလွန်လာတယ်လို့ မြင်တယ်။
“ဟုတ်ပါပြီ…။ ငါတို့က မို့ယွီရို့ရဲ့ ပရိသတ်တွေလည်း ဖြစ်တယ်။ နင်က သူမနဲ့ နှိုင်းယှဉ်ဖို့ မထိုက်တန်ဘူးလို့ ခံစားရရုံပါ။ မကျေနပ်ဆုံးအချက်က နင်က ယွီရို့ ရမယ့် စာချုပ်ကို လုယူလိုက်တာပဲ”
ဒီစကားကို ပြောပြီးသည်နဲ့ မုန်းတီးနေသော ပရိတ်သတ်များက ထျန်းနင်ကို စတင်ပြီး တွန်းထိုးတော့တယ်။ ထျန်းနင်မှာ အနောက်ဘက်သို့ ယိမ်းယိုင်ကာ လဲကျလုနီးပါးပဲ။ ကံကောင်းစွာနဲ့ မို့ထင် ပို့လိုက်တဲ့ သက်တော်စောင့်များက အချိန်မီ ရောက်ရှိလာခဲ့ပြီး လူအုပ်အတွင်း တိုးဝှေ့ ဝင်ရောက်ကာ သူမကို လှမ်းဆွဲထားလိုက်တယ်။ သူတို့က ထျန်းနင် အနားမှာ ဝိုင်းနေတဲ့ လူအုပ်ကို ကွဲထွက်သွားစေဖို့လည်း စတင်လုပ်ဆောင်တယ်။
လုံကျဲမှာ ဆက်လက်ပြီးတော့ သည်းခံနိုင်စွမ်း ကုန်ခမ်းလာရတယ်။ သူမဒေါသများ ပေါက်ကွဲထွက်လာရတယ်။ သူမက ထျန်းနင်နဲ့ မုန်းတီးနေသော ပရိသတ်ကြား ရပ်လိုက်ပြီး သူမခေါင်းကို ထျန်းနင်ဘက်သို့  အသာလေး လှည့်လိုက်တယ်။
“ထျန်းနင် အရင်ဆုံးသွားပြီးတော့ အစ်မကို စောင့်နေလိုက်။ အစ်မ အချိန်မီ ရောက်လာစေရမယ်”
“ကောင်းပါပြီ”
ပုံမှန်အတိုင်း … ထျန်းနင် ဘာကိုမှ ငြင်းခုန် မနေဘူး။ ရိုးရိုးရှင်းရှင်း သူမရဲ့ နေကာ မျက်မှန်ကို ပြန်တပ်လိုက်တယ်။
“ဟွန့်”
နှာမှုတ်သံ ပြုလိုက်တယ်။
ဒီနေ့ ငါတို့ကို နင် ဖြေရှင်းချက် မပေးဘူး … ယွီရို့ကို စာချုပ် ပြန်မပေးဘူး ဆိုရင်တော့  လေယာဉ်ပေါ်တက်ဖို့ တွေးမနေနဲ့။
မုန်းတီးနေတဲ့ ပရိသတ်များက သတိပေးစကားကို ပြောပြီးတာနဲ့ လူသား အတားအဆီးကို ဖွဲ့စည်းရန် သူတို့လက်ချင်း ချိတ်ထားလိုက်တယ်။
“နင်တို့က မို့ယွီရို့ရဲ့ စိတ်နေစိတ်ထားကို တကယ်ပဲ အများကြီး သိနေတယ်လို့  ယုံကြည်နေတာလား”
လုံကျဲက ပိုပြီးတော့ နက်ရှိုင်းသော အဓိပ္ပာယ်ဖြင့် မေးလိုက်တယ်။
“နင်ရဲ့ ဈေးပေါတဲ့ မော်ဒယ်ထက်တော့ သေချာပေါက် သာလွန်တယ်”
“ငါ ဒီစကားကို မှတ်တမ်းတင်ထားလိုက်မယ်”
လုံကျဲလည်း သူမရဲ့ဖုန်းကို ဖွင့်လိုက်တယ်။
“ ငါက နင်တို့ကို လက်ဆောင် ကြီးကြီးမားမား ပေးဖို့ အချိန်တန်ပြီ”
လုံကျဲလည်း ဖုန်းကို သူမ ဦးခေါင်းနားထားကာ ရဲစခန်းကို ဖုန်းခေါ်လိုက်တယ်။
ရဲများက ချက်ချင်းရောက်ရှိလာပြီး မို့ထင်ပို့လိုက်တဲ့ သက်တော်စောင့်များ အကူအညီနဲ့ လူအုပ်များအတွင်းမှ ထျန်းနင်ကို  စောင့်ကြပ် ခေါ်ဆောင်သွားခဲ့တယ်။ ထျန်းနင်က အများအမြင်မှာ အလျင်အမြန် ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ရဲသားများ ထွက်မသွားခင်မှာ ထျန်းနင် သူတို့ကို တစ်စုံတရာ တီးတိုး ပြောလိုက်တယ်။
“ထျန်းနင်… မို့ယွီရို့က သူ့စာချုပ်ကို ညီမက လုယူခဲ့တယ်ဆိုတဲ့ သတင်းကို ဖြန့်ခဲ့တယ်။ ဒီသတင်းက အတော်လေး နာမည်ကြီးပြီး နံပါတ်၁ဆွေးနွေးပြောဆိုနေတဲ့ အကြောင်းအရာ ဖြစ်နေပြီ”
လုံကျဲလည်း သူမ ဖုန်းကိုကြည့်ကာ ပြောလိုက်တယ်။
“ဒါဆို ဘာတွေ စောင့်နေဦးမလဲ။ ဗီဒီယိုကို ဖြန့်လိုက်တော့”
ထျန်းနင်လည်း လမ်းလျှောက်ရင်း ပြန်ဖြေလိုက်တယ်။
“အစ်မက ဒီအချိန်ကို စောင့်နေခဲ့တာ။ အခုတော့ သူ့ပရိသတ်တွေ မြင်ရတော့မှာပါ။ သူတို့ နတ်ဘုရားမလေးက ဖြူစင်တဲ့ အမျိုးသမီးလေးလား၊ မိန်းမပျက်လားဆိုတာ မကြာခင် သိရတော့မှာပါ”
ပြောပြီးတာနဲ့ လုံကျဲလည်း သတင်းထောက် သူငယ်ချင်းကို ဖုန်းခေါ်လိုက်တယ်။
“ငါတို့ အရင်က ပြင်ဆင်ထားတဲ့ ဗီဒီယိုကို တင်လိုက်တော့”
ဟန်ယွီဖန်… နင် ဘယ်နှကြိမ်လောက် မို့ယွီရို့ကို ကယ်တင်နိုင်မလဲဆိုတာ ကြည့်ရတာပေါ့။
…………..
တန်ရီဖျော်ဖြေရေးရဲ့ အနုပညာရှင်များ နားနေတဲ့ ဧည့်ခန်းမှာ မို့ယွီရို့ တစ်ယောက် သူမ ဖန်တီးလိုက်တဲ့ ပြဿနာ အောင်မြင်မှုအတွက် သူမကိုယ်သူမ ဂုဏ်ပြုနေတယ်။ ဒါပြင် ထျန်းနင်… လေဆိပ်မှာ ပြန်လည် မချေပနိုင်လောက်တဲ့အထိ တိုက်ခိုက်ခံနေရတဲ့ မြင်ကွင်းကို သူမ ပရိသတ် တစ်ယောက်က ဓာတ်ပုံပို့လာခဲ့တယ်။ သူမအမုန်းကို အတော်လေး ကျေနပ်စေတယ်။ သူမ ပိုင်ဆိုင်ရမဲ့ စာချုပ်ကို ခိုးယူခဲ့တဲ့အတွက် ထျန်းနင်ကို ပြန်လည် ခံစားစေချင်တယ်။ သူမများပိုင်တာကို လုယူရင် ဘယ်လို ခံစားရမယ်ဆိုတာ မြည်းစမ်းစေရမယ်။ ဒါက အဆိုးရွားဆုံး မရောက်လာခင်အထိ ကြုံတွေ့ရမဲ့ အကျိုးဆက် တစ်ခုတည်းသာ ရှိသေးတယ်။
“ယွီရို့ … ဒီစိတ်လှုပ်ရှားစရာ အဖြစ်အပျက်ပြီးသွားခဲ့ရင် hf ကမ်းလှမ်းတဲ့ အလုပ်ကိစ္စထက် ပိုပြီးတော့ ကောင်းမွန်တဲ့ အလုပ်ကို မင်း သေချာပေါက် ရမှာပါ”
သူမရဲ့လက်ထောက်က သူမပခုံးကို နှိပ်နယ်ပေးရင်း မျက်နှာချိုသွေးနေတယ်။
“ဒါပေါ့ … သေချာပေါက် … ကျွန်မက ထိပ်တန်းမော်ဒယ် ၁၀ယောက် စာရင်းဝင်မှာလေ။ ဆုတံဆိပ်ကို သေချာပေါက် ဆွတ်ခူးနိုင်မှာ”
မို့ယွီရို့လည်း ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်တယ်။ အရင်နေ့က ဟန်ယွီဖန် … သူမကို စိတ်အေးအေးထားပြီး မပူပန်ရန် မှာကြားထားကြောင့် သူမ ဒီလို ယုံကြည်ချက် လွန်ကဲနေရတာပေါ့။ ကတိပေးထားတဲ့ အတိုင်းပါပဲ။ ဟန်ယွီဖန်တစ်ယောက် သူမနဲ့ ဆွေးနွေးရန် စာချုပ်တစ်ခုကို ကိုင်ဆောင်ကာ  တံခါးပေါက်ဝမှာ ဗြုန်းခနဲ ပေါ်လာခဲ့တယ်။
“မြန်မြန်လေး ကိုယ့်ဆီ လာခဲ့ပါဦး။ ကိုယ့်ရဲ့ ထိပ်တန်းမော်ဒယ်လေး။ နာမည်ကြီး ကြော်ငြာကုမ္ပဏီ ရောက်နေတယ်။ အခုချက်ချင်း အစည်းအဝေး ကျင်းပရမယ်”
မို့ယွီရို့လည်း ခေါင်းညိတ်လိုက်တယ်။ သူမ ကိုယ်သူမ အတော်လေး ကျေနပ်အားရမိတယ်။ အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် အစည်းဝေးခန်းသို့ ဦးတည်ထွက်ခွာလာခဲ့တယ်။
“ယွီရိုက hf နဲ့ စာချုပ် ချုပ်ဆိုခွင့် ဆုံးရှုံးခဲ့သော်လည်း နိုင်ငံတကာ အဆင့်မီ မိတ်ကပ်တံဆိပ်နဲ့ အလုပ်ကိစ္စတစ်ခု လုပ်ကိုင်ခွင့်ရခဲ့တယ်။ သူမက တကယ်ပဲ တန်ရီဖျော်ဖြေရေးရဲ့ တန်ဖိုးရှိတဲ့ စိန်တုံးလေးပါ”
ဟန်ယွီဖန်က မို့ယွီဖန်အကြောင်းကို ဂုဏ်ယူဝင့်ကြွားစေပြောကာ ချီးမွမ်းနေတယ်။
“အခုကစပြီး ထျန်းနင်နဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့ရင်တော့ သူမက လက်ထပ်တော့မှာကြောင့် ဘာအလုပ်ကိုမှ လက်မခံတော့ဘူးလို့ ပြောလိုက်”
ဒီစကားကို ကြားရတော့ မို့ယွီရို့ရဲ့ အပြုံးက ပိုပြီးတော့ သက်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အကြည့်ချင်းသာ ဖလှယ်နေခဲ့ရုံလေးပါ။ ရုတ်တရက် ဟန်ယွီဖန် တစ်ယောက် အဝင်ဖုန်းကို လက်ခံရရှိလိုက်တယ်။ အစတော့ သူ့မျက်နှာပြင်တစ်လျှောက် အပြုံးပန်းဝေ နေခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ  အပြုံးက ပျောက်ကွယ်သွားခဲ့တယ်။
“Mr.Blair ဘာကြောင့် စာချုပ်ကို ချက်ချင်း ဖျက်သိမ်းလိုက်ရတာလဲ ”
“မင်းနဲ့ မို့ယွီရို့ရဲ့ မဖွယ်မရာ ဗီဒီယိုက ဗိုင်းရပ်ပိုးလို  ထိန်းမနိုင် သိမ်းမရ ပျံ့နှံ့သွားခဲ့ပြီ။ ကျုပ်တော့ မင်းတို့နှစ်ယောက်အစား အတော်လေး ရှက်မိတယ်။ အမှိုက်သရိုက် လူတန်းစားတွေ…”
သူက ဒေါသတကြီး ဖုန်းချသွားခဲ့တယ်။
“ဘာဖြစ်လို့လဲ”
မို့ယွီရို့က မေးလိုက်တယ်။
“ကြော်ငြာသူက တစ်စုံတစ်ခုကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့တယ်။”
သူ စကားပြောနေစဉ်မှာ သူ့ဖုန်းကို ဖွင့်လိုက်တယ်။ ရှာဖွေမှု ထိပ်တန်းမှာ သူနဲ့ ယွီရို့ ဆေးရုံအိပ်ရာပေါ်မှာ ချစ်တင်းနှောနေသော ဗီဒီယို ဖြစ်နေတယ်။ ဒီတစ်ခေါက်က ဓာတ်ပုံ တစ်ခုတည်း မဟုတ်တော့ဘူး။ ဗီဒီယို ဖြစ်နေခဲ့တယ်။ သူတို့ငြင်းလို့ မရနိုင်တဲ့ ဗီဒီယို ဖြစ်နေတယ်။ သူ့တုံ့ပြန်မှုကို ကြည့်ရင်း မို့ယွိရို့လည်း ချက်ချင်း သူ့အနားကို ဒေါနှင့်မောနှင့် ဆောင့်အောင့်သွားကာ ဖုန်းကို ဆွဲလုလိုက်တယ်။ ဗီဒီယိုတစ်ခုကို ဗြုန်းစားကြီး တွေ့လိုက်ရတယ်။
သူမ အရမ်းကို အံ့သြထိတ်လန့်သွားရတယ်။ သူမလည်း ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ။ ဘယ်လို…”
အစည်းအဝေးခန်းမှ လူတိုင်းက  ဘာဖြစ်နေလဲဆိုတာ သိရန် သူတို့ဖုန်းကို ဖွင့်လိုက်တယ်။ မို့ယွီရို့က အလိမ်မိသွားသော လူတစ်ယောက်ကဲ့သို့ လူတိုင်းကို စူးစူးစိုက်ကြည့်ပြီးအော်တော့တယ်။
“မကြည့်နဲ့။ မရှာနဲ့”
“ပြီးဆုံးသွားခဲ့ပြီ… အရာအားလုံးပြီးဆုံးသွားပြီ”
ဟန်ယွီဖန်မှာ ဒေါသစိတ်ကြောင့် ထိုင်ခုံပေါ်မှာ ဗိုင်းခနဲ လဲကျသွားခဲ့တယ်။
“ဘယ်သူက ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလဲ”
တန်ရီဖျော်ဖြေရေးရဲ့အတွင်းပိုင်း ဌာနကလွဲရင် မို့ယွီရို့ တရားဝင် page မှာလည်း အုတ်အုတ်သောင်းသောင်း ဖြစ်သွားခဲ့တယ်။ ဒီနေ့ သူတို့က မို့ယွီရို့ကို စုံလုံးကန်း ယုံကြည်ပေးခဲ့ပြီး ထျန်းနင်ကို စော်ကားမော်ကား ပြောဆိုကာ ဒေါသူပုန် ထခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူတို့လေးတွေမှာ မျက်နှာကို ရိုက်ပုတ်ခံရသလို ခံစားနေရတယ်။
ဒီအချိန်မှာ လုံကျဲနဲ့ ထျန်းနင်က လေယာဉ်ပေါ် ရောက်နေခဲ့ပါပြီ။ လုံကျဲက မို့ယွီရို့ fan clubထဲ ဝင်လိုက်ပြီး ဖျက်လို ဖျက်ဆီး မုန်းတီးသောပရိသတ် တစ်ယောက်ကဲ့သို့ စောင့်ကြည့်နေလိုက်တယ်။
“မို့ယွီရို့က ဒီလောက် ဈေးပေါမယ်လို့ မထင်ထားခဲ့မိဘူး။ ငါတို့မှာတော့ သူမကို့မြတ်နိုး တန်ဖိုးထားပြီး လေးစားလိုက်ရတာ။ ငါတို့ ကန်းနေခဲ့တာ ဖြစ်ရမယ်။ အခုချိန်ကစပြီးတော့ သူမကို လေးစားတဲ့ စိတ် ပျောက်ဆုံးသွားခဲ့ပြီ”
“ငါလည်း အတူတူပဲ”
“ငါလည်း အတူတူပဲ…”
“ထျန်းနင်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ လက်ဦးမှု ယူရမယ်။ လေဆိပ်မှာ ငါတို့ သူမကို တမင်တကာ စော်ကားမော်ကား ပြောဆိုခဲ့မိတယ်။ ဒါပေမဲ့ သူမက ငါတို့ကို ဘာမှ ပြန်မပြောခဲ့ဘူး။ ဒါ့အစား ရဲသားများကိုလည်း ငါတို့အတွက် အရေးမယူဖို့ တားဆီးခဲ့တယ်။ ငါတို့ ထိခိုက်စေမယ့် စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ငါ အားလုံးကို ကြားခဲ့ရတယ်။ ဒါပေမဲ့ ငါ မကြေညာနိုင်သေးဘူး”
ပရိသတ်တစ်ယောက်က အပြစ်ရှိစွာ ပြောလာခဲ့တယ်။
“ထျန်းနင် အချိန်ဇယားကို မို့ယွီရို့ရဲ့ လက်ထောက်က ငါတို့ကို ပေးခဲ့တာလေ။ ငါတို့ ဒီအကြောင်းကို စာတင်ဖို့ လိုအပ်တယ်”
သူတို့ ဆွေးနွေးနေတာ မြင်ရတော့ လုံကျဲ တစ်ယောက် ပြုံးရလွန်းလို့ ပါးစပ်က နားရွက်အထိ ချိတ်တော့မည်ပုံစံပေ။ အရမ်းကို ကျေနပ်နေတာပေါ့။
အဲဒီမိန်းမပျက်နဲ့ လူယုတ်မာကောင်ကို အခုချိန်က စပြီးတော့ ထိတ်လန့်ချောက်ချားအောင် ပြုလုပ်မယ်။
“ထျန်းနင် … အရမ်းကို ပါးနပ်တာပဲ။ တကယ်ကို ချစ်သွားပြီ”
လုံကျဲက ထျန်းနင်ကို ပွေ့ဖက်လိုက်ပြီး ပါးမို့မို့လေးကို နမ်းနေတယ်။
“ဒါပေမဲ့ ထျန်းနင်က လုံကျဲကို မချစ်ဘူး …”
ထျန်းနင်လည်း လုံကျဲ ပေါင်ပေါ်မှာ လဲလျောင်းရင်း ကျီစယ်လိုသော သဘောဖြင့် ပြန်ဖြေလိုက်တယ်။
“ဒါဆို ဘယ်သူကို ချစ်တာလဲ။ သူဌေးမို့လား”
တကယ်လည်း ထျန်းနင်က မို့ထင်အကြောင်းကို တွေးနေမိတာပါ။  သူ့အနမ်းလေး… ထိတ်လန့်စေသော်လည်း သူ့အကျင့်လေးက စွဲမက်စေသော အဆိပ်ဖြစ်နေသော်လည်း အထူးတလည် လွမ်းဆွတ်နေမိတယ်။
 
Chapter-17
End
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz