ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

အခန်း(၆)

jellyflower1

အပိုင်း(၆)

နံပါတ်(၁) မော်ဒယ်နေရာကို ပြန်လည် ရယူခြင်း

အမှန်တကယ်လည်း အချိန် မတန်သေးဘူး။
မို့ထင်လည်း သူမ ဘာကိုတွေးနေလဲ ဆိုတာ သိနေခဲ့တယ်။ ဒါကြောင့်လည်း ဖုန်းကို လှမ်းယူပြီးတော့ သူမကို ပေးလိုက်တယ်။ ထျန်းနင်လည်း ဖုန်းကို ပိတ်မနေတော့ပဲ ယုံကြည်မှု အပြည့်ဖြင့် မို့ထင်ရှေ့မှာ ဖုန်းကိုင်သည့် ခလုတ်ကို နှိပ်လိုက်တယ်။
“ထျန်းနင်… မင်း အခု ဘယ်မှာလဲ”
“သတင်းထောက်တွေ ကျွန်မကို ရှာတွေ့သွားမှာ ကြောက်မိတာကြောင့် ပုန်းဖို့ နေရာတစ်ခု ရှာပြီးတော့ ပုန်းနေတယ်”
ထျန်းနင် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။
“ဒါဆိုရင် မင်းက မန်နေဂျာ လုံကျဲကိစ္စကို မသိသေးဘူးလို့ ပြောချင်တာလား”
ဟန်ယွီဖန်လည်း စိတ်ရှည်သည့် လေသံဖြင့် မေးလိုက်တယ်။
“လုံကျဲက ဘာအမှားတွေ ပြုလုပ်ထားလို့လဲ။ ကျွန်မ ပုန်းနေတဲ့နေရာက ဝေးလံ တိတ်ဆိတ်တဲ့ နေရာတစ်ခု ….။ ဒါကြောင့် အပြင်ဘက်မှာ ဖြစ်ပျက်တဲ့ သတင်းတွေကို မကြားသိရဘူး”
ထျန်းနင်လည်း သိချင်စိတ် ပြင်းပြသည့် လေသံဖြင့် အကောင်းဆုံး ဟန်ဆောင် မေးခွန်း မေးလိုက်တယ်။
“မင်း မန်နေဂျာကို ကျေးဇူး အများကြီး တင်လိုက်တော့။ အရင်ဆုံး သူမက တန်ရီကုမ္ပဏီကို ပြဿနာ အများကြီး ရှာပြီးတော့ ပေးသွားတယ်။ ရုံးကို မြန်မြန် ပြန်လာခဲ့တော့။ မင်းအတွက် သတင်းစာ ရှင်းလင်းပွဲကို ပြင်ဆင် ပေးထားမယ်။ ထျန်းနင်…. တန်ရီနာမည်ပျက်ကို ရှင်းလင်းပေးဖို့ကတော့ မင်းအပေါ်မှာသာ မူတည်တော့တယ်”
သတင်းစာ ရှင်းလင်းပွဲ။ သူ့အပြစ်ကို သူမအပေါ် ပုံချဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုကို ပိုပြီးတော့ မတူနေဘူးလား။
သူမက အရင်လို နုံချာတဲ့ မိန်းကလေး တစ်ယောက်လို့ ထင်နေဆဲပဲလား။
ထျန်းနင် မကျေမနပ်နဲ့ ဖုန်းကို ချလိုက်တယ်။ ထိုအချိန်မှာ မို့ထင်ဘက်က စပြီးတော့ စကား ပြောလာခဲ့တယ်။
“မင်းလေး ဖုန်းထဲမှာ ကိုယ့်ဖုန်းနံပါတ်ကို မှတ်ထားပေးတယ်။ မင်းလေး ကိုယ့်ကို လိုအပ်တဲ့ အချိန်တိုင်း ကိုယ့်ကို ဖုန်းခေါ်လိုက်လေ။ မင်းလိုအပ်တဲ့ အကူအညီကိုသာ ကိုယ့်ကို ပြောလိုက်။ ကိုယ်အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်”
“ကျေးဇူးတင်ပါတယ် မို့ထင်….”
“မင်းလေး ကိုယ့်ကို ဒီလို မခေါ်သင့်ဘူး”
မို့ထင်လည်း ခြေထောက်ချိတ်ပြီး ထိုင်နေတာကို ဖယ်လိုက်ပြီးတော့ ထျန်းနင်ကို သူ့အနားကို ဆွဲခေါ်လိုက်တယ်။
“ကိုယ့်ကို တခြား နာမည်ခေါ်လေ….။ မဟုတ်ရင်တော့ ကိုယ် မင်းကို မလွှတ်ပေးဘူး”
ထျန်းနင် ရှက်သွေးဖြာ သွားတယ်။ သူမ ရှက်ကိုးရှက်ကန်းဖြင့် တီးတိုးလေး ပြောလိုက်တယ်။
“လောင်ကုန်း…..”
မို့ထင်မျက်နှာမှာ ကြုံတောင့်ကြုံခဲ အပြုံးတစ်ခု ပေါ်ပေါက်လာတယ်။
“လာလေ…။ ကိုယ် မင်းကို အလုပ် လိုက်ပို့ပေးမယ်။ မင်းလေး ကိုယ့်ကို ကတိပေးထားတာကို သတိရနေပေးနော်။ တခြား ယောက်ျားလေးတွေနဲ့ နီးနီးကပ်ကပ် မနေရဘူး”
မို့ထင် ဘာကို ဆိုလိုတာလဲဆိုတာ ထျန်းနင် ကောင်းစွာ နားလည်ပါတယ်။ သံသယ ပျောက်စေရန် အပြုံးလေးဖြင့် တုံ့ပြန်လိုက်တယ်။ မို့ထင် ယုံကြည်စေရန် မျှော်လင့်ချက် အပြည့်ဖြင့် မျက်လုံးဖြင့် ကြည့်လိုက်တယ်။ မို့ထင် နှလုံးခုန် မြန်သွားရတယ်။ သူတို့ နှစ်ယောက်ကြားမှာ ပြောစရာ စကားမကျန်တော့ပေ။
 
***
 
 
မိနစ် ၄ဝ အတွင်းမှာ ထျန်းနင်ကို တန်ရီ ကုမ္ပဏီ အနီးအနား အတွင်းသို့ မို့ထင် အောင်မြင်စွာ ပို့ဆောင် ပေးနိုင်ခဲ့တယ်။ ဖျော်ဖြေရေး လောကရဲ့ ဘုရင်တစ်ပါး အနေနဲ့ လုပ်ငန်းတွေရဲ့ အနက်နဲဆုံးသော လျှို့ဝှက်ချက်တွေကို သိနေခဲ့တယ်။ ဒါကြောင့်လည်း ထျန်းနင်တစ်ယောက် နံပါတ်၁ မော်ဒယ်နေရာကို ဘယ်လို ပြန်လည် ရယူမလဲဆိုတာ သိချင်မိတယ်။
သူမကိုယ် သူမ အလောင်းစား ပြုလုပ်နေတယ် ဆိုတာ ထျန်းနင် နားလည်တယ်။ သူမရန်သူတွေက ကတ်ကို စားပွဲပေါ်မှာ တင်ထားချိန်မှာ သူမ ကတ်ကို ဖွက်ထားသင့်တဲ့ ကစားပွဲတစ်ခုဆိုတာ ရှင်းနေတာပဲလေ။ သူမ ရလဒ်ကိုသာ မပြောင်းလဲခဲ့ရင်တော့ သူမ ရန်သူလက်ဝယ်မှာ သူမ အရှုံးကို ဝန်ခံနေရလောက်ပြီ။ 
မို့ထင်ကားမှ ဆင်းလာခဲ့ပြီးနောက် လျှို့ဝှက်လမ်းမှာ အဆောက်အဦထဲသို့ ဝင်ရောက်ခဲ့တယ်။  ထျန်းနင် အခန်းထဲကို ဝင်လိုက်သည်နှင့်  အခန်းက စိတ်ပျက်ဖွယ် အမုန်း၊ ဝေဖန်မှုနှင့်  ပြည့်နှက်နေတယ်။ လုံကျဲ ဖွင့်ဟ ဝန်ခံထားသည့် အကြောင်းအရာ အားလုံးက ထျန်းနင် ညွှန်ကြားမှုကြောင့်လို့ အားလုံးက တစ်သမတ်တည်း သေချာ နေကြတယ်။
ထျန်းနင် ဘာကိုမှ သတိမထားမိသလို ဟန်ဆောင် နေလိုက်တယ်။ သူမလည်း ဟန်ယွီဖန် အခန်းဘက်သို့ လျှောက်လာခဲ့တယ်။ သူမ တံခါးကို တွန်းဖွင့်လိုက်တယ်။ သူမအကြည့်က ဟန်ယွီဖန် ဦးခေါင်းဘက်သို့ ကျရောက်သွားတယ်။ (ကျောခိုင်း ထိုင်နေတာပေါ့။)
“မင်း ပြန်လာပြီလား”
ဟန်ယွီဖန်လည်း သူ့ဒေါသကို ထိန်းချုပ်ရင်း ခေါင်းကို လှည့်လိုက်တယ်။
“ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ကျွန်မကို ပြောပါဦး”
“ထျန်းနင်…. မင်း လုံကျဲ ကိစ္စကို မသိတာ သေချာလား”
ဟန်ယွီဖန်လည်း သတင်းစာကို ထျန်းနင် ရှေ့သို့ ပစ်ထုတ်လိုက်တယ်။ ထျန်းနင်ကို ဒေါသထွက်စွာ သူ မေးခွန်း မေးလိုက်တယ်။
“မင်း သူ့ကို အမိန့်မပေးရင် သူက ဒီလို ပြုလုပ်ဖို့ သတ္တိရှိပါ့မလား”
“ယွီဖန်… ရှင်နဲ့ ကျွန်မက မကြာခင်မှာ လက်ထပ်တော့မှာလေ။ ကျွန်မက ဘာလို့ ဒီလိုကိစ္စမျိုးကို ပြုလုပ်ရမှာလဲ။ ရှင့်ကို ကျွန်မက ဒုက္ခပေးမလား” သူမ အပြစ်ကင်းစင်သည့် ပုံစံဖြင့် ကြည့်ပြီး ထိုစကားကို ပြောလိုက်တယ်။
“ဒါဆိုလည်း Crown star ကို မင်း ခြေချင်းဝတ်မှာ ဘာလို့ ဝတ်လိုက်ရတာလဲ ဆိုတာ ရှင်းစမ်းပါဦး။ မင်းနဲ့ ယွီရို့ကြားမှာ ကြီးမားတဲ့ ခြားနားချက်က ခြေထောက်တွေ ဆိုတာ မင်း ကောင်းကောင်း သိပါတယ်”
သူမကို စစ်ဆေးမေးမြန်းနေတဲ့ ဟန်ယွီဖန်ကို သူမ ကြည့်လိုက်တယ်။ ပြန်တွေးကြည့်မယ် ဆိုရင် အကြိမ်ပေါင်းများစွာ မို့ယွီရို့ကို သူက ကာကွယ် ပေးနေခဲ့တာပဲ။ အရင်ကတော့  သူ့လုပ်ငန်းကြောင့်လို့ ကာကွယ်ပေးဖို့ ကြိုးစားနေတာလို့ တွေးပေးလို့ ရခဲ့သေးတယ်။ သူ အမှားကို လက်ခံနိုင်သေးတယ်။ တခြားလူ တစ်ယောက်ကို တွယ်ကပ်ဖို့ ခွင့်ပြုပေး နိုင်ခဲ့သေးတယ်။ အခုချိန်မှာတော့ သူ့ပုံစံကို ကြည့်ပြီးတော့ သူ တစ်ချိန်လုံး ကာကွယ်ပေးချင် နေတာက မို့ယွီရို့ တစ်ယောက်တည်း ဆိုတာ နားလည် သွားခဲ့ပြီ။ 
“Crown star ကို ကျွန်မ ခြေချင်းဝတ်ကလွဲရင် တခြားနေရာမှာ ဝတ်လို့ မရလို့လေ။ မို့ယွီရို့ လက်ထောက်လည်း ရှိနေခဲ့တယ်။ သူ့ကို မေးကြည့်လိုက်လေ”
“သူ့ကို မေးကြည့်ပြီး သွားပြီ။ မင်းဘာသာမင်း ဆုံးဖြတ်ချက် ချလိုက်တာတဲ့”
“ယွီဖန်… ကျွန်မက ရှင်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေး တစ်ယောက်။ ရှင်က တခြား အပြင်လူတွေကို ယုံကြည်ဖို့ ရွေးချယ်နေဆဲလား”
ထျန်းနင်လည်း စိတ်ပျက်နေသည့် ဟန်ဆောင် အကြည့်ကို ကြည့်လိုက်တယ်။ ဟန်ယွီဖန်ရဲ့ တုံ့ပြန်ချက်ကို ဆက်လက်ပြီးတော့ လေ့လာ နေခဲ့တယ်။
“မနေ့က ကျွန်မတို့တွေ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် ပြင်ဆင်ခဲ့ကြတယ်လေ”
“အခုချိန်မှာ ပြောဖို့အတွက် အားလုံး နောက်ကျခဲ့ပြီ။ ဘေးဒုက္ခလည်း ဖြစ်ခဲ့ပြီးပြီ။ hfက တန်ရီကို စာချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲဖို့ တရားရုံးကို လျှောက်တင်ပြီး သွားပြီလေ။ မင်း မန်နေဂျာကို ကျေးဇူး တင်လိုက်တော့။ အများပြည်သူရဲ့ မကောင်းတဲ့ ဝေဖန်ချက်တွေကြောင့် တန်ရီက ပိုပိုပြီးတော့ ဆိုးရွားလာတယ်။ မင်း ဒီကိစ္စအတွက် တာဝန်ယူဖို့ လိုအပ်တယ်”
ဟန်ယွီဖန်လည်း ထျန်းနင်ကို မတူမတန်သည့် ပုံစံဖြင့် ကြည့်လိုက်တယ်။
“ထျန်းနင် မင်းက မကြာခင်မှာ ကိုယ့်ဇနီး တစ်ယောက် ဖြစ်လာတော့မှာလေ။ ကိုယ့်ဇနီးက  ကိုယ့်လုပ်ငန်းကို ထိခိုက်အောင် ပြုလုပ်တာတော့ မဖြစ်စေချင်ဘူး။ တန်ရီလုပ်ငန်း ဘေးကင်းဖို့အတွက် မင်း တာဝန်ယူပြီးတော့ တရားဝင် ရှင်းပြပေးဖို့ လိုအပ်တယ်။ မင်း မန်နေဂျာက  ကျော်ကြားချင်တာကြောင့် သတင်းလွှင့်တာပါလို့။ တန်ရီနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောပေးရမယ်”
“ကျွန်မ မန်နေဂျာက တာဝန် ယူသင့်တယ်လို့ ဝန်ခံတာက  ကျွန်မ တာဝန် ယူသင့်တယ်လို့ ဝန်ခံတာနဲ့ အတူတူပဲလေ။ မို့ယွီရို့အတွက် အလျင်စလို လူစားထိုး သွားရောက်ပေးဖို့ ပြောခဲ့တာ ရှင် မဟုတ်ဘူးလား”
ထျန်းနင် ငိုကြွေးလိုက်တယ်။
“ယွီဖန်… ရှင့်ကို လက်ထပ်ချင်တာကြောင့် ကျွန်မကိုယ် ကျွန်မ စတေးရတော့မှာလား”
“ငါ ဂရုမစိုက်ဘူး။ မင်း အမှားလို့သာ ဝန်ခံလိုက်စမ်းပါ”
သူ့နှုတ်ဖျားမှ ထိုစကားကို ထွက်သွားခဲ့ပြီးမှ သူ အတော်ကို လွန်သွားခဲ့ပြီဆိုတာ သူနားလည် သွားတယ်။ သူ အလျင်အမြန် စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးတော့ ထျန်းနင်ကို သူ့လက်နဲ့ ဖက်လိုက်တယ်။ သူမက သူ့ကို တွန်းထုတ် နေသော်လည်း တင်းကျပ်အောင် ဖက်ထားလိုက်တယ်။
“ထျန်းနင် … ကိုယ် စကားပြောတာ စိတ်မရှည်သလို ဖြစ်သွားခဲ့တယ်။ တစ်ခါတည်းပါပဲနော်။ ကိုယ်တို့တွေ လက်ထပ်ပြီးရင် မင်းကို ကောင်းမွန်စွာ ဆက်ဆံပါ့မယ်နော်”
ထျန်းနင်လည်း သူမ မျက်ရည်စတွေကို သုတ်လိုက်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“ကျွန်မ ဝန်ခံတယ် ဆိုတာက ကျွန်မ ပြဿနာ ရှာထားခဲ့လို့ ဝန်ခံတာ မဟုတ်ဘူးနော်။ ကျွန်မ ရှင့်လုပ်ငန်းကို ကာကွယ်ပေးချင်တာ ကြောင့်နော်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဆိုတာတော့ ရှိလာမှာ မဟုတ်တော့ဘူး”
“ဟုတ်ပါပြီလေ… ကိုယ် မင်းကို ကတိပေးပါတယ်။ နောက်တစ်ကြိမ် ဆိုတာ မရှိလာစေရဘူး”
တကယ်တမ်း လက်တွေ့မှာတော့ ထျန်းနင် နောက်တစ်ကြိမ် သူ့လှည့်ကွက်မှာ ကျဆုံးဦးမယ် ဆိုတာ ဟန်ယွီဖန် သိနေခဲ့တယ်။ သူတို့ လက်ထပ်ပြီးသွားလည်း ထျန်းနင် စရိုက်အရ သူမကို သူ ထိန်းချုပ်လို့ ရနေဦးမှာပဲလေ။
“သတင်းစာ ရှင်းလင်းပွဲကို နေ့လယ် ၃နာရီမှာ ကျင်းပမယ်။ ထို့မတိုင်မီမှာ မင်းပြောရမယ့် ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေး ပြုလုပ်မယ်”
“ကောင်းပြီလေ”
ထျန်းနင် ငိုနေတာကို ရပ်လိုက်တယ်။ သူမကိုယ်သူမ အားတင်းပြီးတော့ ဟန်ယွီဖန်ကို ကြည့်လိုက်တယ်။ သူမ အခန်းထဲက ထွက်သွားပြီးနောက် သူမမျက်လုံးက အေးစက်စက် အကြည့်နဲ့ ကြည့်လိုက်တယ်။
သူတို့အမှားကို အလွယ်တကူ ခွင့်လွှတ်ပြီးတော့ မေ့လျော့ ပေးနိုင်မယ်များ ထင်နေတာလား။ သူ့အမှားကို သူမအမှား အဖြစ်သို့ ဝန်ခံဖို့ဆိုတာ ဖြစ်နိုင်မယ် မထင်နဲ့။
သူမ သေချာ တွေးတော ပြီးနောက် သူမ ကိုယ်ပိုင်အခန်းသို့ ပြန်လာခဲ့လိုက်တယ်။ သူမ မန်နေဂျာကို ဖုန်းခေါ်လိုက်တယ်။
“လုံကျဲ…. ဟန်ယွီဖန်က ထျန်းနင်ကို အကာအကွယ် ဒိုင်းတစ်ခု အနေနဲ့ အသုံးပြုချင် နေတယ်”
“ဟား ဟား…။ ထျန်းနင်… နင် ဘာဆက်လုပ်ချင်လဲ ဆိုတာ ငါ့ကိုပြောလေ” 
သူမ မန်နေဂျာက တိုက်ခိုက် တွန်းလှန်ချင်စိတ် ပြင်းပြနေတယ်။
“နေ့လယ် ၃နာရီမှာ ထျန်းနင်က ပြဿနာ ဖန်တီးတယ်လို့ တောင်းပန်တာကို  သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်။ ထိုသတင်းစာ ရှင်းလင်းပွဲ ပြီးတာနဲ့ လုံကျဲက ဟန်ယွီဖန်နဲ့ မို့ယွီရို့ ဆေးရုံမှာ ကလူနေတဲ့ ဓာတ်ပုံကို လျှို့ဝှက်ပြီးတော့ တင်စေချင်တယ်”
“အရမ်း မိုက်တယ်။ ဒီသတင်းက ခေါင်းစဉ်ကြီး တစ်ခု ဖြစ်လာမယ်လို့ ထင်တယ်။ ခေါင်းစဉ်က တန်ရီသူဌေးရဲ့ များစွာသော အချစ်ကိစ္စများ….။ အယုတ်မာဆုံးသော သစ္စာဖောက် လူလိမ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အတော်ကို လိုက်ဖက်မှာ သေချာတယ်”
ထျန်းနင် ရယ်ချင်စိတ်ကို ထိန်းထားလို့ မရတော့ပေ။ သူမ မန်နေဂျာကို တောင်းပန် လိုက်တယ်။
“လုံကျဲကို ဒီကိစ္စမှာ ဆွဲခေါ်သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော်”
“ထျန်းနင်… နင် ပြန်လည်ပြီးတော့ အသစ် စတင်ချင်တဲ့  စိတ်ရှိနေသမျှ နံပါတ်၁ မော်ဒယ်နေရာကို ပြန်ရဖို့အတွက် နင့်ကို ကူညီပေးမယ်။ ဒါပြင့် နင့်ကို နိုင်ငံတကာ အဆင့်မီ မော်ဒယ် တစ်ယောက် ဖြစ်လာဖို့ အတွက်လည်း ကူညီပေးဦးမှာလေ”
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz