ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

၈၁၅ မှ ၈၁၇ Unicode

jellyflower1

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
Gp3
815+816+817

အပိုင်း(၈၁၅)
ရွှယ်ရုံအာ ကောက်ကျစ်စဉ်းလဲသည် (၂)

“ထပ်တွေ့ပြန်ပြီ”
ချစ်ဖို့ကောင်းတဲ့ ရဲ့ချီ မျက်နှာမှာ မျက်မှောင်ကြုတ်နေပြီး အနီရောင်အဝတ်အစားနဲ့ အမျိုးသမီးကို စိတ်မရှည်ဟန် ကြည့်ကာ မေးလိုက်တယ်။
“ငါ့ကို ဘာတွေ ဆက်နှောင့်ယှက်ဦးမလို့လဲ”

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီအမျိုးသမီးနဲ့ တွေ့ဆုံခဲ့ရပြီး သူမရှေ့မှာ ယွမ်ရှောင် အကြောင်း အမြဲချီမွမ်းလေ့ရှိတယ်။ ဒါပေမဲ့ သူမရဲ့နှလုံးသားက ရဲ့ရှီမို့အတွက် ဖြစ်နေတော့ တခြား ယောက်ျားကို စိတ်မဝင်စားနိုင်ဘူး။

“ရဲ့သခင်မလေး… ငါ့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး၊ ငါသိသမျှကို ပြောပြခဲ့ချင်တာပါ၊ ပျောက်ဆုံးနေတဲ့ မင်းရဲ့အစ်ကိုငယ်လေးက ခံ့ညားချောမောပြီး ထူးချွန်ထက်မြက်တဲ့ ယောက်ျားကောင်းပါ၊ နင် သူ့ကို ပိုင်ဆိုင်ခွင့် ရရင် သူ့အချစ်ကို နင်တစ်ယောက်တည်း အပိုင်ရမှာနော်… ငါ ကူညီပေးရမလား”

“အားနာပါတယ် ၊ ငါ စိတ်မဝင်စားဘူး”
ရဲ့ချီ မျက်နှာက မည်းမှောင်နေတော့တယ်။
“တခြားကိစ္စ မရှိတော့ရင် ငါ့ကို လာမရှာနဲ့၊ မွေးစားမိဘတွေ နင့်စကားကို ကြားခဲ့ရင် ငါ့ကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး”

ဒီစကားကြောင့် ကျင်းယွီလည်း မျက်ခုံးပင့်လိုက်တယ်။
“တကယ်ပဲ နင်က ယွမ်ရှောင်ကို စိတ်မဝင်စားဘူးလား၊  ဒါပေမဲ့ နင့်နှလုံးသားထဲမှာ ဘယ်သူရှိနေလဲတော့ ငါသိနေခဲ့တယ်”

ရဲ့ချီခန္ဓာကိုယ်က ကျောက်ရုပ်လို ဖြစ်သွားရပါတယ်။ သူမလည်း ရေခဲလို အေးစက်သော မျက်ဝန်းများဖြင့် တောက်ပရွှန်းလဲ့စွာ ကြည့်လိုက်ပါတယ်။
“နင် ဘာဆိုလိုချင်တာလဲ”

ကျင်းယွီရဲ့မျက်နှာက အလွန့်အလွန် ချောမော လှပပါတယ်။
“ငါ ပြောချင်တာကို နားမလည်ဘူးလား၊ လူတိုင်းရှေ့မှာ နင်ဟာ ရဲ့ရှီမို့ကို ကြိုက်နေပါတယ်လို့ ငါ့ကို ပြောစေချင်လို့လား၊  ဒါပေမဲ့ ငါကြားထားတာတော့ ယွမ်လော့ဖုန်း နဲ့ ယွမ်ရှောင်တို့ ရောက်လာတည်းက သူတို့ကို ကာကွယ်ပေးနေပြီး နင့်ကို ဆန့်ကျင်နေတယ်မလား၊ ဒါကို နင် မုန်းနေတာ မလား”

ရဲ့ချီမျက်နှာ ပြောင်းလဲသွားတာကို သူမ မြင်ဖြစ်အောင် မြင်လိုက်နိုင်ပါတယ်။

“ဒါဆို နင် ဆန္ဒရှိရင် ငါတို့တွေ ပူးပေါင်းကြမယ်…”

“နင့်ပါးစပ်ကို ပိတ်ထားလိုက်တော့”
ရဲ့ချီမှာ ဒေါသထွက်လွန်းလို့ စိတ်ဆိုးမာန်ဆိုး အော်ဟစ်ကာ အသားတဆတ်ဆတ် တုန်ယင်နေတယ်။
“ငါ့ဘဝကို မွေးစားမိဘတွေ ပေးခဲ့တာ… သူတို့ရဲ့ ကြင်နာမှုကို ဒီလိုနည်းလမ်းနဲ့ ကျေးဇူးမဆပ်ဘူး၊ သူတို့ကို ငါ မကြိုက်လည်း ဘာဖြစ်လဲ၊ မွေးစားအမေ စိတ်ထိခိုက်စေမယ့် ကိစ္စမျိုးကို ငါ မလုပ်ဘူး”

ကျင်းယွီမှာ အံ့အားသင့်ရပါတယ်။ရဲ့ချီကို ရန်စတဲ့ စကားမျိုး ပြောချင်သော်လည်း သူမက ဒုတိယထပ်ကို တက်သွားခဲ့ပြီး သူမရဲ့ အမြင်အာရုံမှ ပျောက်ကွယ် သွားတော့တယ်။

ရဲ့ချီ ထွက်ခွာသွားတဲ့ နေရာကို ငေးကြည့်ကာ ကျင်းယွီမှာ စိတ်ပျက်မိပါတယ်။ အေးစက်သော အပြုံးက သူမရဲ့မျက်နှာပေါ်မှာ ပျောက်ကွယ်သွားကာ စားသောက်ဆိုင်မှ ထွက်သွားဖို့ ကျောခိုင်းလိုက်တယ်။

သို့သော်လည်း ဘေးဘက်မှ ချိုသာသော အသံလေးကို ကြားလိုက်ရပါတယ်။
“နင်က ယွမ်လော့ဖုန်းကို သိတယ်လား”

ကျင်းယွီလည်း လှည့်ကြည့်လိုက်တော့ ချောမောလှပ တဲ့ မျက်နှာလေးနဲ့ ကြုံဆုံလိုက်ရပါတယ်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဟန်များတဲ့ မိန်းကလေးပါလား။ သူမရဲ့မျက်ဝန်းမှာ အမုန်းအာဃာတများ ရစ်သိုင်းနေတယ်လို့ ကျင်းယွီ ခံစားမိပါတယ်။

“မင်းက…”
ကျင်းယွီလည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

ရွှယ်ရုံအာလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“ငါက ရဲ့ချီ သူငယ်ချင်း၊ ရဲ့မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်”

“နင်က ယွမ်လော့ဖုန်းကို သိလို့လား”
ကျင်းယွီလည်း နှုတ်ခမ်းလှုပ်လိုက်တယ်။
“နင်က သူမနဲ့ ရန်သူလား”

“ဟုတ်တယ်… တစ်သက်တာ မကျေလည်နိုင်တဲ့ ရန်သူ”
ရွှယ်ရုံအာက တမင်တကာ အသံနိမ့်ပြောလိုက်တယ်။ သူမရဲ့မျက်ဝန်းမှာလည်း အမုန်းအာဃာတများ တောက်လောင်နေတယ်။ တခြားသူမြင်ရင်တော့ တစ်ဖက်သူက သူမရဲ့ဘိုးဘေး အုတ်ဂူကို တူးဖော်သွားလို့များလားလို့  ထင်နေမှာပါ။

“ဆက်ပြောပါဦး”
ကျင်းယွီလည်း စိတ်ဝင်စားသွားတယ်။

ယွမ်လော့ဖုန်းက ပြန်လမ်းမဲ့မြေကို ရောက်လာတာ မကြာသေးလည်း သူမမှာ ရန်သူ ရှိနေပြီလား။ ဒီထက်ပိုတာက တစ်သက်တာ မကျေလည်နိုင်တဲ့ ရန်သူတဲ့လား။

သခင် ပြောတာ မှန်ကန်လောက်မယ်၊ ယွမ်လော့ဖုန်းက နေရာတကာမှာ ပြဿနာ ရှာတတ်တဲ့သူပဲ။ သူမ ရန်မစထားတဲ့လူ မရှိပါလား။

ရွှယ်ရုံအာလည်း သူမရဲ့မျက်ဝန်းမှာ သွေးအေးသော ခံစားချက်များကို ထိန်းချုပ်လိုက်တယ်။
“သူမက ငါ့လူကို ခိုးသွားတယ်… ဒီတစ်သက် မကျေနပ်နိုင်ဘူး”

ကျင်းယွီလည်း အလန့်တကြား ဖြစ်သွားကာ လှောင် ရယ်လိုက်တယ်။
“နင့်လူ ဟုတ်လား။ ယွမ်ရှောင်ကို ပြောချင်တာလား”

Chapter-815
End

အပိုင်း(၈၁၆)
ရွှယ်ရုံအာ ကောက်ကျစ်စဉ်းလဲသည် (၃)

“ဟုတ်တာပေါ့”
ရွှယ်ရုံအာလည်း ထေ့ငေါ့လိုက်တယ်။
“ငါက ယွမ်လော့ဖုန်းထက် ညံ့မယ်လို့ မထင်ဘူး၊  ငါ့ရဲ့တစ်ခုတည်းသော ချို့ယွင်းချက်က သူမထက် နောက်ကျမှ ယွမ်ရှောင်နဲ့ ဆုံဆည်းခဲ့လို့ပဲ၊ ဒါပေမဲ့လည်း ယွမ်ရှောင်ရဲ့ အမေက ဟိုမိန်းမကို မျက်နှာသာပေးပြီး ငါ့ကို သိမ်ငယ်စေတယ်၊ ငါကြားတာတော့ ယွမ်လော့ဖုန်းက လုံရှောင် ကုန်းမြေစုက ရောက်လာတာတဲ့၊ ဒီလိုဆိုရင်တော့ သူမရဲ့အဆင့်အတန်းက ငါ့ထက် နိမ့်ပါးလွန်းတယ်”

ကျင်းယွီရဲ့မျက်နှာက ပိုမိုကာ အေးစက်လာရပါတယ်။သူမက ဒီစကားကို မကြားချင်ဆုံးပဲ။ သူမက ယွမ်လော့ဖုန်းထက် မညံ့ဘူးလို့ ပြောချင်တာလား။ ယွမ်လော့ဖုန်းက ညံ့ဖျင်းရင် သခင်က သူ့ကို လက်ထပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားပါ့မလား။ ယွမ်လော့ဖုန်းက မကောင်းတဲ့ အညံ့စားမိန်းမလို့ ပြောချင်တာလား။ ဒါဆို သူမရဲ့သခင်ကလည်း ဒီလို လူမျိုး ဖြစ်သွားမှာပေါ့။

ကျင်းယွီက သူမရဲ့သခင့်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင် မြတ်နိုင်းမိလို့ သူ့သခင်အကြောင်း တခြားသူ မကောင်းကြောင်း ပြောတာကို မကြိုက်နှစ်သက်ဘူး။ ဒါကြောင့် သူမရဲ့ နှလုံးသားလေးဟာ ဒေါသစိတ်မှာ နစ်မွန်းသွားခဲ့ပြီး မျက်နှာကြော ခပ်တင်းတင်းနဲ့ ပြန်ပြောလိုက်ပါတယ်။
“ယွမ်ရှောင်ကို ပိုင်ဆိုင်နိုင်တဲ့ နည်းလမ်း ရှိတယ်”

“ဘာနည်းလမ်းလဲ”
ရွှယ်ရုံအာလည်း မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မေးမြန်းလိုက်ပါတယ်။
“ငါ့မှာ ဆေးရည် တစ်ပုလင်း ရှိတယ်၊ နင့်ကိုယ်နင် ဖြန်းလိုက်ဖို့ပဲ လိုအပ်တယ် နင် သွေးဆောင်ဖြားယောင်ချင်တဲ့လူက နင်နဲ့အတူတူ အချစ်မှာ နစ်မျော သွားလိမ့်မယ်”

ဒီစကားကို ပြောပြီးနောက် ကျင်းယွီလည်း သူမရဲ့အဝတ်အစားမှာ ခေါက်ကာ သိမ်းထားတဲ့ ဆေးပုလင်းကို ထုတ်ကာ ရွှယ်ရုံအာကို လှမ်းပေးလိုက်တယ်။

“အစကတော့ ရဲ့ချီကို ပေးဖို့ စိတ်ကူးခဲ့တာ… အဲဒီကောင်မလေးက ငါ့ထောက်ချောက်တဲ့ ကြွေမဆင်းလာဘူး…. ဒါကြောင့် နင့်ကို ပေးလိုက်တော့မယ်”

ရွှယ်ရုံအာလည်း အလျင်စလို ပုလင်းကို လက်ခံကာ မေးလိုက်တယ်။
“ဒီဆေးရည်ကြောင့် တကယ်ပဲ ယွမ်ရှောင်က ငါ့ကို နက်နက်ရှိုင်းရှိုင်း ချစ်လာမှာလား”

သူမက အမြဲလိုလို သတိရှိတဲ့ မိန်းကလေးပါ။ ဒီဆေးရည်က အဆိပ်လည်း ဖြစ်နိုင်လို့ မေးမြန်းရခြင်းပါ။

ကျင်းယွီလည်း အေးတိအေးစက် ဟားတိုက် ရယ်မောလိုက်ပါတယ်။
“ နင့်အတွက် ဆေးရည် တစ်စက်ပဲ လိုအပ်မယ်… အကျိုးသက်ရောက်မှု ရှိလိမ့်မယ်၊ နင် ငါ့ကို မယုံကြည်ရင် တစ်စုံတစ်ယောက်နဲ့ စမ်းသပ်ကြည့်လို့ ရတယ်နော်…ဒီလောက် အတိုင်းအတာ အထိပဲ ကူညီပေးနိုင်မယ်”

ဒီစကားကို ကြားပြီးနောက် ရွှယ်ရုံအာလည်း ဘာဆိုဘာမှ မတွေးတော့ဘဲ သိမ်းဆည်းထားလိုက်တယ်။ဒါပေမဲ့လည်း ကျင်းယွီကိုမော့ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်တယ်။
“ငါ့ကို ဘာလို့ ကူညီတာလဲ”

ကျင်းယွီလည်း သူမကို ဖျတ်ခနဲ ကြည့်လိုက်ပါတယ်။
“ငါ့သခင်က ယွမ်လော့ဖုန်းကို ကြိုက်နှစ်သက်တော့ သူတို့ကို ခွဲခွာစေချင်တယ်၊ အကြောင်းမရှိဘဲ ရဲ့ချီကို လာရှာမယ် ထင်နေလား၊ ပြောသင့်တာကို ပြောပြီးပြီ… သုံးခြင်း မသုံခြင်းက နင့်သဘောထားပဲ”

သူမကို ရဲ့ချီလိုတော့ စိတ်မရှည်နိုင်ပါဘူး။ လိုအပ်တာကို ပြောလိုက်ပြီးနောက် နောက်လှည့်မကြည့်ဘဲ စားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့တယ်။

သိပ်မကြာခင်မှာဘဲ ကျင်းယွီလည်း စားသောက်ဆိုင် အပြင်ကို ရောက်ရှိသွားပြီး လမ်းကြားလေးထဲ ဝင်ရောက်သွားခဲ့တယ်။ ကောင်းကင်ယံမှ  သေးငယ်သော ပုံရိပ်လေး ဆင်းသက်လာကာ သူမရဲ့ရှေ့မှာ ရပ်လာတယ်။

“သခင်”
ကျင်းယွီလည်း ဒူးထောက်ကာ ရိုသေလေးစားစွာ ဂါရဝပြုလိုက်တယ်။
လူငယ်လေး တစ်ယောက်က သူမရဲ့ အရှေ့နားမှာ မတ်တတ် ရပ်နေပါတယ်။ သူက ဖြူဖွေးပြီး ချစ်ဖို့ကောင်းသော်လည်း ဆွဲဆောင်မှု ရှိပြီး အေးစက်တဲ့ ဟန်ပန်ဟာ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်ပါဘူး။ သူ့မျက်ဝန်းနက်များဟာ ချောက်ချားဖွယ်ကောင်းသော အလင်းတန်းများဖြင့် ဖြာလဲ့နေခဲ့တယ်။

“ဘာကြောင့် ဒီလိုလုပ်ရလဲ”
ပိုင်စုလည်း သူမအနားသွားကာ မေးငေါ့လိုက်ပါတယ်။
“ယွမ်ရှောင်က အဆိပ်အားလုံးနဲ့ အကျိုးသက်ရောက်မှု မရှိတာ မသိဘူးလား… နင့်အဆိပ်က သူ့အတွက် လုံးဝကို အသုံးမဝင်ဘူး”

ကျင်းယွီလည်း ခေါင်းငုံ့ကာ ပြန်ဖြေလိုက်ပါတယ်။
“ဒီလက်အောက်ငယ်သား သိပါတယ်… ဒီကောင်မလေးက မောက်မာလွန်းလို့ ပညာပြလိုက်တာပါ… သူ့ကိုယ်သူ ယွမ်လော့ဖုန်းထက် မညံ့ဘူးလို့ ပြောနေလို့ပါ၊ ယွမ်လော့ဖုန်း အရည်အချင်း မရှိရင် သခင်က လက်ထပ်ချင်ပါ့မလား၊ သခင့်ကို တခြားသူ မကောင်းကြောင်း ပြောတာကို မနှစ်သက်ပါဘူး… ဒါကြောင့် သင်ခန်းစာ ပေးမိတာပါ၊ ညှာတာ ထောက်ထားပေးပါ…သခင်”

အစကတော့ ကျင်းယွီမှာ ယွမ်လော့ဖုန်းရဲ့ ထူးချွန်မှုကို လက်မခံခဲ့ပါဘူး။ ဒီနှစ်တွေမှာ သူမရဲ့ တိုးတက်မှုကို မျက်မြင်တွေ့နေရတော့  လက်ခံနိုင်ခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် သူ့သခင်က ယွမ်လော့ဖုန်းကို လက်ထပ်ဖို့ ဆန္ဒရှိပါ့မလား။

Chapter-816
End

အပိုင်း(၈၁၇)
ရွှယ်ရုံအာ ကောက်ကျစ်စဉ်းလဲသည် (၄)

“ဒီကိစ္စကို ထားလိုက်ပါတော့၊ နောင်ဆို ကိုယ့်သဘောနဲ့ ဘာမှ မလုပ်နဲ့”
ပိုင်စုလည်း မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ကျင်းယွီကို ဆွဲထူလိုက်ပါတယ်။

“ရဲ့မိသားစုကို အသုံးချဖို့ ရည်ရွယ်ခဲ့တဲ့ မျှော်လင့်ချက်ဟာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားခဲ့ပါပြီ…အခုအချိန်မှာ ပြန်လည် ပြင်ဆင်လို့ မရနိုင်တော့ဘူး”

“ဟုတ်ပါတယ်”
ကျင်းယွီလည်း ခေါင်းမော့လိုက်တယ်။
….

စားသောက်ဆိုင်ရဲ့ သီးသန့်အခန်းအတွင်းမှာ စားပွဲခုံ အပြည့် ဟင်းပန်းကန်များ ရှိသော်လည်း ရဲ့ချီမှာ စားချင်သောက်ချင်စိတ် ကုန်ခမ်းနေပါတယ်။ ထိုင်ခုံကို ပင်ပန်းနွမ်းနယ်စွာမှီထိုင်ရင်း ခေါင်းငိုက်စိုက်နေခဲ့တယ်။

ထိုစဉ် အခန်းတံခါးက ပွင့်လာပါတယ်။ ရွှယ်ရုံအာ ဝင်ရောက်လာတာကို မြင်တော့ သူမရဲ့မျက်ဝန်းများ ချက်ချင်း အရောင်တောင်သွားကာ မတ်တတ် ထရပ်လိုက်ပါတယ်။
“ရုံအာ…ရောက်လာပြီလား”

ရွှယ်ရုံအာလည်း ပြုံးတယ် ဆိုရုံမျှ ပြုံးကာ ရဲ့ချီအနားကို သွားလိုက်ပါတယ်။

“ချီချီ… ငါ့ကိုစောင့်နေရတာ ကြာသွားပြီလား၊ တောင်းပန်ပါတယ်ဟာ… ကိစ္စတစ်ခုပေါ်လာလို့ နောက်ကျသွားတယ်”

“ကိစ္စ မရှိပါဘူးဟာ”
ရဲ့ချီလည်း အလေးမထားသလို သူမရဲ့လက်ကိုယမ်းလိုက်ပါတယ်။
“ဟင်းပွဲတွေ အေးစက်နေလောက်ပြီ… စားပွဲထိုးကို ပြန်နွေးခိုင်းလိုက်မယ်… ဒါနဲ့… ရုံအာ… နင်ဘယ်တွေများ သွားနေတာလဲ၊ နင့်ကျောမှာ ကောက်ရိုးမျှင်တွေပါလား”

ရဲ့ချီလည်း စူးစမ်းသော မျက်ဝန်းများဖြင့် ရုံအာကျောကုန်းကို ကြည့်ကာ အမှိုက်သရိုက်များကို ခါချပေးလိုက်ပါတယ်။

“ငါ…. ငါမသိဘူး… ဘယ်က ဘယ်လိုများ ကပ်ငြိလာလဲ မသိတော့ပါဘူး”
ရုံအာလည်း သူ့မျက်နှာအမူအရာကို ဟန်ချက်ညီအောင် သရုပ်ဆောင်ရင်း ပြုံးလိုက်ပါတယ်။
“နောက်ကျနေပြီ… အရင်ဆုံး စားသောက်မယ်။ ပြီးရင် နင့်အိမ်ကို နင် ပြန်ရမယ်နော်။ မဟုတ်ရင် ရဲ့သခင်မ ဒေါပွနေမယ်၊ ငါက နင်တို့မိသားစုလေးကို ငြိမ်းချမ်းစေချင်တယ်”

ရွှယ်ရုံအာ ပုံစံက ဝမ်းနည်း ပူဆွေးနေသလိုပါပဲ။ သူမရဲ့မျက်နှာဟာ စိတ်ပျက်ကြေကွဲမှုများဖြင့်သုန်မှုန်နေခဲ့တယ်။

ရဲ့ချီလည်း ရုံအာကို မေးချင်မြန်းချင်တာ ရှိသော်လည်း သူမရဲ့ဝမ်းနည်းပူဆွေးနေတဲ့ မျက်နှာကို ကြည့်ရင်း ဘာဆိုဘာမှ မပြောရက်တော့ပါဘူး။

သူမလည်း ရွှယ်ရုံအာကို နှစ်သိမ့်မယ့် စကားများ ပြောဖို့ ပြင်ဆင်နေစဉ် ဗလတောင့်တောင့်နဲ့ အမျိုးသားတစ်ယောက်က အခန်းထဲ အတင်းဝင်လာကာ အမောတကော ပြောတော့ပါတယ်။
“ရုံအာ… နင်တို့အိမ်တော့ ပြဿနာ တက်ပြီ”

“ရှင် ဘာပြောလိုက်တာလဲ”
ရွှယ်ရုံအာလည်း နားမလည်နိုင်စွာ ထပ်မေးလိုက်ပါတယ်။
“ငါတို့အိမ်မှာ ဘာဖြစ်လို့လဲ”

“ရုံအာ… နင်တို့အိမ် မီးလောင်သွားလို့ နေထိုင်မကောင်းတဲ့ နင့်အမေလည်း မီးထဲ ပါသွားတယ်”

သန်မာထွားကြိုင်းတဲ့ အမျိုးသားကြီး ဒီစကားလေးတစ်ခွန်းကို ပြောဖို့ အတော်ကြီး အားယူလိုက်ရသလိုပါပဲ။

ရွှယ်ရုံအာရဲ့ အမြင်အာရုံဟာ မည်းမှောင်သွားကာ သူမရဲ့ခန္ဓာကိုယ်ဟာ လဲကျသွားရတယ်။

“ရုံအာ”
ရဲ့ချီလည်း သူမ၏ ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်ကာ တုန်တုန်ရီရီ အသံနဲ့‌ မေးလိုက်ပါတယ်။
“ဘယ်လို ဖြစ်ရတာလဲ၊ အကြောင်းအရင်း မရှိဘဲ မီးက ရုံအာတို့အိမ်က စတင်လောင်ကျွမ်းရလဲ”

ရဲချီ ထိတ်ထိတ်ပျာပျာ ဖြစ်နေစဉ် ရွှယ်ရုံအာက မျက်လုံးဖွင့်လာကာ ထိုအမျိုးသားနဲ့ မျက်ဝန်းချင်း စကားပြောလိုက်ပါတယ်။

“ငါလည်း အကြောင်းအရင်းကို မသိဘူး”
ထိုလူက မျက်တောင် ခတ်လိုက်တယ်။
“အိမ်နီချင်းတွေ ပြောတာတော့ ရုံအာရဲ့ အိမ်နားမှာ အနီရောင် အဝတ်အစား ဝတ်ထားတဲ့ ၈နှစ် ၊ ၉နှစ် အရွယ် ကောင်မလေးကို တွေ့လိုက်တယ်တဲ့၊  ဒါပေမဲ့ အဲကောင်မလေး မီးရှို့ခဲ့လား မရှို့ခဲ့ဘူးလား ဘယ်သူမှ မသိကြဘူး”

အနီရောင် အဝတ်အစား ဝတ်ဆင်ထားတဲ့ ၈နှစ် ၊ ၉နှစ် အရွယ် ကောင်မလေး ဟုတ်လား။

ရဲ့ချီက သူတို့နှစ်ဦးရဲ့ မျက်ဝန်းချင်း စကားပြောခြင်းကို မသိလိုက်တော့ ထိုလူပြောတဲ့ စကားကြောင့် သူမ ပထမဆုံးတွေးမိသူက ဟောင်ဟောင် ဖြစ်နေပြန်တယ်။

ကောင်မလေးနဲ့ ရန်ငြိုး သမိုင်းကြောင်း ရှိနေပြန်တော့ တွေးမိတာ မမှားပါဘူး။

“ချီချီ”
ရွှယ်ရုံအာလည်း ငိုကြွေးကာ ရဲ့ချီလက်ကို ဆုပ်ကိုင်လိုက်တယ်။
“ငါ… ဟောင်ဟောင်ကို ယုံကြည်ပါတယ်။ ဒီကိစ္စက သူနဲ့ မသက်ဆိုင်လောက်ဘူး၊ ငါကို မညှာမတာ ရိုက်နှက်ခဲ့လည်း လူသတ် မီးရှို့ ရလောက်တဲ့အထိ ရက်စက်မယ်လို့ ငါမယုံကြည်ဘူး… ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲ မထနိုင်တဲ့ ငါ့အမေကို သနားမိတယ်”

Chapter-817
End

Bạn đang đọc truyện trên: ZingTruyen.Xyz